Loading...

Home Kawi Eats Kawi Inspires
“စကားနည်းရန်စဲဆိုပြီး ငြိ်မ်ခံနေတော့မှာလား” In:Kawi Inspires, Life Hacks
0 0 0

ကြုံဖူးကြလား။ ထစ်ခနဲရှိလေသံမာမယ်ဆိုတဲ့သူတွေ။ 

ဒေါသကတော့ လူတိုင်းထွက်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်လေသံနဲ့ပြောလည်းရတဲ့ကိစ္စတွေမှာ လေသံမာမာနဲ့ပြောတတ်တဲ့သူတွေကို ဘယ်လိုဆက်ဆံကြမလဲ။

ပြန်အော်မှာလား? အမြဲပဲသည်းခံနေမှာလား? 

တကယ်ကတော့ ကိုယ့်ဘက်ကချည်းအလျှော့ပေးနေတာ နည်းလမ်းမှန်မဟုတ်ပါဘူး။ လိုတာထက်ပိုပြီးဒေါသထွက်ပြတတ်ကြသူတွေကို ဘယ်လိုတုန့်ပြန်မလဲမပြောခင် သူတို့ဘာလို့ဒီလိုဖြစ်နေလဲဆိုတာ အရင်သိဖို့လိုပါတယ်။ 

လူတွေဘာလို့မလိုအပ်ပဲအော်ပြောကြလဲ???

တချို့က စိတ်ထွက်ပေါက်အနေနဲ့ အော်ပြောကြတယ်။

ဒါဟာတစ်နည်းအားဖြင့်သူတို့ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း အားနည်းတာကိုပြတာပါ။ တစ်နည်းအားဖြင့် စိတ်ရှုပ်လာတဲ့အချိန် အော်ပြောလိုက်ရင် စိတ်ပြေသွားတတ်ကြပါတယ်။

တချို့ကထိန်းချုပ်နိုင်စွမ်းအားနည်းလို့အော်ကြတာဖြစ်တယ်။

သူတို့ကတော့ စိတ်ခံစားချက်ပြင်းထန်တတ်ကြပြီး သိပ်ပြီးထိန်းချုပ်တတ်ကြတဲ့သူတွေမဟုတ်ပါဘူး။ လူရှေ့မရှောင်အော်တတ်ကြပြီး တော်ရုံဖျောင်းဖျမှုမျိုးကို လက်သင့်မခံတတ်ကြပါဘူး။

တချို့က သူတို့ကိုအာရုံစိုက်လာအောင်လို့ လေသံမာတတ်ကြတာပါ။

ကောင်းကောင်းမွန်မွန်ပြောနေရင်းကပဲ ရုတ်တရက်လေသံမြှင့်လိုက်တဲ့သူတွေကို တွေ့ဖူးတယ်မလား။ လူတွေကသူတို့ဆီကို တခြားသူတွေရဲ့အာရုံရောက်စေချင်ရင် လေသံမြှင့်လိုက်ခြင်းအားဖြင့်သူတို့ ပြောချင်တာကိုဆက်ပြောတတ်ကြပါတယ်။

တချို့က သင့်ကိုခြိမ်းခြောက်ချင်လို့အော်တတ်ကြတယ်။

လူအများစုက အော်ကြီးဟစ်ကျယ်ပြောရမှာ ရှက်တတ်ကြတယ်လေ။ ပြဿနာဖြစ်မှာကို ရှောင်ချင်ကြတယ်။ တချို့သူတွေက သူတို့ကအရင်စအော်လိုက်ခြင်းအားဖြင့် တစ်ဖက်လူကို သူတို့စိတ်ဆိုးနေပြီ ဆိုတာပြသတတ်ပါတယ်။ များသောအားဖြင့်ရန်ပြိုင်မဖြစ်ချင်တဲ့သူက အလျှော့ပေးတာမျိုးကို ခံချင်ကြလို့ပါ။

တချို့က သူတို့သင့်ကိုအနိုင်ရကြောင်းပြချင်ကြတယ်။

အများအမြင်မှာ အာဏာပြချင်တဲ့သူတွေကတော့ လူတစ်ဖက်သားကို မလိုအပ်ဘဲအော်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်သူတို့ကို တစ်ဖက်လူကကြောက်ရတယ်လို့ထင်သွားစေချင်တယ်လေ။

တချို့သူတွေက သူများဆီကအကျင့်ကူးလာတာပါ။

တစ်စိတ်ရှိအော်ဖို့ပဲ စဉ်းစားနေသူတွေရဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် ငယ်ဘဝမှာ သူတို့နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ ဒေါသကြီးသူတွေနဲ့ ပတ်သက်ဖူးကြပါတယ်။ အထူးသဖြင့်ကလေးတွေမှာပိုသိသာပါတယ်။ အမြဲဆူတတ် ဒေါသထွက်ပြတတ်တဲ့မိဘတွေနဲ့ နေခဲ့ရတဲ့ကလေးတွေဟာ သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း ဒေါသကြီးသူတွေ ဖြစ်လာတတ်ပါတယ်။

တချို့သူတွေက သူတို့အားနည်းတာကို ဖုုံးကွယ်ချင်လို့အော်ပြတတ်ကြတာပါ။

ကြောက်ကန် ကန်ပြီးအော်တာ၊ သူတို့ကလည်းမှားသေးတယ် သူတို့ကပဲအော်နေတယ်ဆိုတဲ့သူတွေဟာ ကိုယ့်အမှားကိုသူများအမှားအဖြစ် ထင်ရအောင်အရင်စပြီး လေသံမာတတ်ကြပါတယ်။ တကယ်ကတော့သူတို့ဟာ ကိုယ့်အမှားကို ဝန်ခံဖို့သတ္တိနည်းသူတွေဖြစ်နေတတ်ပါတယ်။ 

ဒီလိုလူမျိုးတွေနဲ့မလွှဲမရှောင်သာပတ်သက်နေရပြီဆိုရင်ဘယ်လိုတုန့်ပြန်ကြမလဲ???

အကောင်းဆုံးကတော့ သူတို့ကိုခဏလွှတ်ထားလိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း ခေါင်းအေးအေးထားပြီး ပြဿနာအရင်းခံကိုစဉ်းစားပါ။ တစ်ဖက်လူရဲ့ ဒေါသကြောင့် သင့်စိတ်ကို အနှောင့်အယှက်အဖြစ်မခံပါနဲ့။ သင်သိထားရမှာက သူတို့နဲ့ပြိုင်မငြင်းရင်ရပါပြီ။ သူတို့မှန်တယ်လို့တော့ မထောက်ခံပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့တကယ်မှန်တယ်ထင်သွားနိုင်ပါတယ်။ နောက်ပြီးသူတို့ဒီလိုအော်တာနဲ့ သင်အလျှော့ပေးပြီလို့ ယူဆသွားနိုင်လို့ပါ။ သူတို့ဒီလိုလေသံနဲ့မပြောသင့်ကြောင်း၊ ကောင်းကောင်းမွန်မွန်ဖြေရှင်းသင့်ကြောင်းပြောပါ။ မရရင်တော့ ခဏရှောင်နေလိုက်ပါ။ သွေးအေးသွားတဲ့အချိန်မှအေးအေးဆေးဆေးပြန်ဆွေးနွေးပါ။

သေချာတာတစ်ခုကတော့ သူတို့လိုလိုက်မအော်ပါနဲ့။ ကျွန်တော်ဆိုရင် ကျွန်တော့်အဖေနဲ့ အရင်ကအမြဲပြဿနာတက်တယ်။ သူတစ်ခုခုအလိုမကျရင် သူကလူကြားထဲမရှောင် အော်ပါတယ်။ လူငယ်ဘဝတုန်းကတော့ ကျွန်တော်တော်တော်ရှက်ပါတယ်။ သူအော်တာနဲ့ကျွန်တော်စိတ်ညစ်ပြီး အလျှော့ပေးလိုက်တာများတယ်။ တကယ်က ကျွန်တော်ကျေနပ်လို့ငြိမ်နေတာမဟုတ်တဲ့အတွက် ပြဿနာကပြီးသွားတယ်ထင်ရပေမယ့် ကျွန်တော်မကျေနပ်ပါဘူး။ နောက်တော့ဒါဟာ တကယ်အလုပ်မဖြစ်မှန်းသိလာတဲ့အခါမှာ ကျွန်တော်တတ်နိုင်သလောက် ပြန်ရှင်းပြဖြစ်ပါတယ်။ ဒေါသကြီးမြဲပေမယ့် သူကျွန်တော့်ဘက်ကို နားလည်တတ်လာတယ်။ ဒါပေမယ့်သူစိတ်ဆိုးတုန်းပြောတဲ့ စကားတွေကကျွန်တော့်ကို ခုထိနာကျင်စေဆဲပါ။

ကျွန်တော်ပြောချင်တာကတော့ သင်ဟာ ဒေါသထွက်လွယ်သူတစ်ယောက်ဆိုရင် ဒါသင့်အတွက်အော်ပြောနေကျဆိုပေမယ့် တစ်ဖက်လူအတွက်တော့ စိတ်နာစရာဖြစ်သွားနိုင်ပါတယ်။ နောက်ပြီးအပြောခံရသူတွေအနေနဲ့လည်း ရန်မဖြစ်ရပြီးရောဆိုပြီးလက်ခံလိုက်တာထက် အခြေအနေအေးအေးဆေးဖြစ်တဲ့အထိစောင့်ပြီး ဖြေရှင်းကြပါလို့ပြောချင်ပါတယ်။

-Remy

You may also like

စတင်ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူတစ်ယောက်ကို မဟန့်မိပါစေနဲ့… In:Kawi Inspires, Life Hacks
0 2 0

“နောက်ဆုံးတော့နင်သူများကို ကူညီရကောင်းမှန်းသိလာပြီပေါ့” “နင်တောင် ပဲများတတ်လာပြီ ကြည့်စမ်း”“အခုမှ လုပ်ရလား”“အရင်တုန်းကဆို သူဒီလို သပ်သပ်ရပ်ရပ်မဝတ်တတ်ပါဘူး”ဒီလိုစကားလုံးလေးတွေကြောင့် သင််သတိမထားမိပေမယ့် လူတစ်ယောက်ကို ဟန့်မှန်းမသိ ဟန့်မိသလိုဖြစ်သွားစေတတ်ပါတယ်။  ကောင်မလေးတစ်ယောက်ဆိုပါတော့… အဲဒီကောင်မလေးက လူတွေရှေ့မှာရှက်တတ်တယ်၊ ယောကျ်ားလေးတွေနဲ့ စကားမပြောရဲဘူး၊ သူများတွေက သူ့ကိုပြောင်းလဲဖို့ပြောနေတယ်ဆိုပါတော့။ သူကိုယ်တိုင်လည်းပြောင်းလဲဖို့ ကြိုးစားလာတယ်… သူများတွေနဲ့စကားပြောဖို့ကြိုးစားလာမယ်။ဒါကို တစ်ယောက်ယောက်က သွားပြီး “နောက်ဆုံးတော့ နင် သိပ်မရှက်တော့ဘူးပေါ့” လို့ပြောလိုက်တာမျိုးက သူ့ကိုအရင်ကဖြစ်ရပ်တွေကို သတိပေးမိသလိုဖြစ်သွားတတ်ပါတယ်။ ဒါမျိုးတွေက မကြာခဏကြားရတတ်တဲ့ စကားလေးတွေပါ။ လူတစ်ယောက်ကို ပေါ်တင်အပြစ်တင်တာထက်စာရင် ဒီလိုမျိုးမသိမသာ ဟန့်မိသွားတာလေးတွေကို ပတ်ဝန်းကျင်မှာပိုတွေ့ရတတ်တယ်လေ။  ကျွန်တော်လက်ခံတာကတော့ လူတစ်ယောက်ဟာ အရင်က မကောင်းတဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားလာမယ်၊ သူ့အတွက် ကောင်းတဲ့အပြောင်းအလဲတွေလုပ်ဖို့ ကြိုးစားလာမယ်ဆိုရင် ဒါကိုဝမ်းပန်းတသာကြိုဆိုသင့်တယ်လို့ မြင်ပါတယ်။ အနည်းဆုံးတော့သူ့အရှိန်နဲ့သူ လွှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ကျွန်တော်ကိုယ်တိုင် မရည်ရွယ်ဘဲနဲ့ လုပ်မိသွားတာမျိုးရှိခဲ့ဖူးတယ်။ကျွန်တော်တို့ သူငယ်ချင်းတွေ အားလပ်ချိန်ဆို ဖူဆယ်ဆော့လေ့ရှိတယ်လေ။ တခြားအဖွဲ့တွေနဲ့ ချိန်းကန်ကြတာများပါတယ်။ ကျွန်တော်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကတော့ ဖုန်းနဲ့ game ဆော့ရင်းစောင့်နေတာများတယ်။ ဘောလုံးကန်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်သူက လိုက်ချင်တယ်လေ။ ကျွန်တော်တို့သူ့ကို အတူတူကန်ဖို့၊ လေ့ကျင့်ဖို့ခေါ်တိုင်း မရခဲ့ဘူးလေ။ တစ်ရက်မှာ ချိန်းပွဲကန်ရင်း တစ်ယောက်က ခြေထောက်နာပါလေရော။ နာတော့ ကွျွန်တော်တို့ရဲ့ ဖုန်းမင်းသားကို မဖြစ်မနေအစားထိုးဖို့ဖြစ်လာပါတယ်။ ထင်တဲ့အတိုင်းပဲကျွန်တော်တို့ အပြတ်အသတ်ရှုံးပါတယ်။ အားလုံးကသူ့ကို ဝိုင်းဆဲကြတယ်လေ “မင်းသာနည်းနည်းကန်တတ်ရင် ငါတို့နိုင်မှာ” စသဖြင့်ပေါ့။သူလည်းနည်းနည်းတော့ရှက်သွားတယ်ထင်တယ်။ နောက်ရက်ကစပြီး ကြိုးစားပမ်းစား စကန်တယ်။ နောက်တစ်ပတ်ကျ ချိန်းပွဲရှိပြန်ရော… ရင်လေးလေးနဲ့ပဲ သူ့ကိုကျွန်တော်တို့ ထည့်ကန်ခိုင်းလိုက်တယ်။ ထပ်ရှုံးပြန်ရော… ဒီတစ်ခါတော့အရင်ကလို ရုပ်မပေါက်တော့ဘူး။ ကပ်ရှုံးတယ်ပေါ့လေ။ သူကတော့ သူကန်နိုင်လို့ပျော်နေတာပေ့ါ။ ရှုံးလို့စိတ်ညစ်နေတဲ့ ကျွန်တော်ကတော့ မပျော်နို်င်ဘူးလေ… “တွေ့လား မင်းသာစောစောကျင့်ခဲ့ရင် ငါတို့နိုင်ပြီ” လို့ပြောမိသွားတယ်။ သူစိတ်မကောင်းဖြစ်သွားတယ်။ကျွန်တော်လည်း အမှတ်တမဲ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ပြန်ရောက်တော့ ကျွန်တော်စိတ်လိုလက်ရပဲ အမေ့ကို ကူလုပ်ပေးမိတယ်။ အဲဒီအချိန်မှာ အမေပြောလိုက်တာက “နင်သာစောစောတည်းက ကူလုပ်ပေးရင် ငါဒီလောက် ပင်ပန်းမှာမဟုတ်ဘူး” တဲ့လေ။အဲအချိန်မှာ ကျွန်တော်တွေးမိတာက “သြော် ငါကောင်းပြတော့လည်း အမေက တန်ဖိုးမထားပါလား” ပေါ့လေ။ တကယ်က သူကျွန်တော်ကူလုပ်ပေးတာကို မလိုချင်တာလည်းမဟုတ်ဘဲနဲ့ ဘာလို့များအပြစ်တင်တဲ့လေသံနဲ့ ပြောပါလိမ့်ပေါ့လေ။ မလုပ်ဘဲနေတုန်းက ပြောတော့လည်းသူတို့ပဲ။ ကိုယ်စပြောင်းလဲတော့ ပြောတော့လည်းသူတို့ပဲ။ ဘယ်လိုကြီးလဲဗျာ … ငါသာဆိုဒီလို မလုပ်မိစေရဘူးပေါ့… အဲဒီလိုတွေးနေတုန်းပဲရှိသေးတယ်။ သူငယ်ချင်းကိုပြောမိတာ သွားသတိရမိတယ်။ သူ့ခမျာကြိုးစားပမ်းစား စကန်တာ ငါချီးကျုးသင့်တာမဟုတ်ဘူးလား??? ဆိုပြီး နောင်တရသွားတယ်။ ဖွင့်ပြီးတော့မတောင်းပန်ဖြစ်ဘူး … ကျွန်တော်ကရှက်တတ်တယ်လေ။ စတာပါ။ နောက်ဆို သူကွင်းထဲမှာ တလွဲတွေလုပ်နေရင်တောင်မှ ဒေါသကို အသာမျိုချပြီး သူမှားတာကိုပဲပြင်ပေးလိုက်ပါတော့တယ်။ အခုဆို သူတော်တော်ကန်တတ်နေပြီ။ ဟိုတလောက ကောင်လေးအသစ်တစ်ယောက် ကျွန်တော်တို့နဲ့ စဆော့တော့တောင် သူကသွားအားပေးနေသေးတယ်လေ။ မသိမသာနဲ့သူတို့နားသွားပြီး နားစွင့်နေမိတယ်။ ဒီကောင်ဘာတွေများ သြဝါဒချွေမလို့လဲပေါ့လေ။ သူကပြောတယ် “အစ်ကို စဆော့တုန်းကဆို တလွဲတွေချည်းလုပ်တာ …ဒီကောင်(ကျွန်တော့်နာမည်) ရှိလို့တော်သေးတယ်။ သူက ကိုယ်မှားလည်း သိပ်မပြောဘဲလွှတ်ထားလို့ အစ်ကို ကန်ရဲလာတာ” တဲဲ့လေ။ ဘာမှန်းမသိပေမယ့် ကျွန်တော်အဲဒီနေ့က ခြေထောက်နဲ့မြေကြီးမထိချင်တော့ဘူး။လူတစ်ယောက်က ကောင်းတဲ့ပြောင်းလဲခြင်းကိုစတော့မယ်ဆို ဘာလို့များ ခြေလှမ်းသေးသေးလေးတွေကို ကွျွန်တော်တို့ တန်ဖိုးထားဖို့မေ့နေတတ်ကြပါလိမ့်နော်။ လူတစ်ယောက်ခရီးဆုံးထိပြေးနိုင်ဖို့ဆိုရင် မပြေးခင်အရှိန်ယူနေတဲ့ ခြေလှမ်းလေးတွေကို ကျွန်တော်တို့ မဟန့်မိအောင်ကြိုးစားကြည့်ရအောင်လား…။  -Remy ...

By:Kawi 28/08/2019
ဘာလို့ မိန်းကလေးတွေဘက်က အရင်ဖွင့်ပြောလေ့မရှိကြတာလဲ? In: Kawi Inspires, Life Hacks
1 5 1

“ဗိုင်းကောင်းကျောက်ဖိ” နေရမယ်တဲ့။ ရှေးလူကြီးတွေက မိန်းကလေးတွေကို ဆုံးမလေ့ရှိကြတယ်။ ဆိုလိုတာကတော့ ပိပိရိရိနဲ့ အိန္ဒြေရရ နေရမယ်ပေါ့။ ဟိုးအရင်ကဆိုရင် မိန်းကလေးတွေ အပြင်မထွက်ရဘူး၊ ယောကျ်ားလေးဘက်က ချစ်ရေးဆိုတာတောင် သုံးနှစ်၊ သုံးမိုးစဉ်းစားရမယ်တဲ့။ ဒါတွေ ဒီလောက်တော့ အခုခေတ်ကြီးထဲမှာ မရှိတော့ဘူးဆိုပေမယ့် ယောကျ်ားလေးဘက်ကပဲ ဖွင့်ပြောမှရမယ်ဆိုတဲ့ အယူတွေရှိနေပါသေးတယ်။ မိန်းကလေးတွေဘက် ဖွင့်ပြောခွင့်မရှိဘူးရယ်လို့မဟုတ်ပေမယ့် ဘယ်သူမှသိပ်ပြီး ပြောလေ့မရှိကြပါဘူး။ ယောကျ်ားလေးဘက်က ဖွင့်ပြောလာမှာကိုပဲ စောင့်လေ့ရှိကြပါတယ်။ ဒါဆို ဘာလို့လဲ?  မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်အနေနဲ့ပဲ ကြည့်မယ်ဆိုရင် လူတစ်ယောက်က ကိုယ်ချစ်ရတဲ့လူကို ရွေးချယ်ပိုင်ခွင့်မရှိဘူး။ လာပြီး အချစ်ရေးဆိုတဲ့လူတွေထဲက အဆင်ပြေတဲ့လူကိုပဲ ရွေးချယ်ရမယ်။ မိဘက ရွေးချယ်ပေးတဲ့ လူကိုရွေးချယ်ရမယ် (အခုတော့ ဒီလိုတွေသိပ်မရှိတော့ပါဘူး)။ တကယ်လို့ ကိုယ့်ကို ချစ်ရေးဆိုလာတဲ့သူ၊ မိဘတွေရွေးချယ်ပေးသူက ကိုယ်မချစ်တဲ့လူဖြစ်နေခဲ့ရင်ရော၊ ဒါ့အပြင်ကို အဲဒီလူက ကိုယ်နဲ့အဆင်မပြေတဲ့လူ၊ ကိုယ့်ကို ဒုက္ခပေးမယ့်လူ ဖြစ်နေခဲ့ရင်ရော ဘယ်သူ တာဝန်ယူမှာလဲ??? ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ ဘဝတစ်ခုလုံးပါ။   မိန်းကလေးဘက်က သူ့ရဲ့ခံစားချက်ကို စတင်ဖွင့်ပြောတာနဲ့ လူတော်တော်များများက ဒီမိန်းကလေး ဘယ်လိုမိန်းကလေးလဲ၊ အိန္ဒြေမရှိလိုက်တာ၊ အတင့်ရဲလိုက်တာဆိုတဲ့ အကြည့်တွေဖြစ်လာပါတယ်။ ဒါဆို ယောကျ်ားလေးဘက်က စပြောတာကျတော့ ဘာမှမဖြစ်ပြန်ပါဘူး။ အမှန်ဆိုရင် မိန်းကလေးတွေမှာလည်း သူတို့ခံစားချက်ရှိတယ်။ ဖွင့်ပြောပိုင်ခွင့်ရှိတယ်။ ခံစားချက်ကို ဖွင့်ပြောတာနဲ့ သူများတွေထင်သလို မိန်းကလေးတန်ပေမယ့် ရှုပ်ပွေတာ၊ သစ္စာမရှိတာနဲ့ မတူပါဘူး (လူတိုင်းကို လိုက်ပြီးဖွင့်ပြောနေတာ မဟုတ်ဘူးလေ)။ ဖွင့်ပြောလိုက်လို့ တခြားတစ်ဖက်က လက်ခံတာ၊ လက်မခံတာ၊ ငြင်းတာ၊ မငြင်းတာက တစ်ပိုင်းပါ။ သူတို့ဘက်က ခံစားချက်ကို ဖွင့်ပြောတဲ့အခါ အထင်သေးတဲ့ မျက်လုံးတွေ၊ “မင်းလို အိနြေ္̔ဒမရှိတဲ့ မိန်းကလေးကို စိတ်မဝင်စားဘူး” ဆိုတဲ့ အမူအရာတွေ ကြောင့်သာ မိန်းကလေးတွေအနေနဲ့ ဖွင့်မပြောဘဲ ခံစားချက်တွေကို သိမ်းဆည်းထားရင်း လမ်းမှားတွေရောက်သွားတာ၊ ကိုယ်မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းရတာတွေ ဖြစ်လာတာပါ။ တစ်ချိန်က ပညာရေး၊ အတတ်ပညာ၊ အသိပညာ မထွန်းကားတဲ့ အရင်ခတ်မှာ မိန်းကလေးတွေရဲ့ တန်ဖိုးက အိမ်မှုကိစ္စနိုင်နင်းတာ၊ အိမ်ထဲက အိမ်ပြင်မထွက်တာ၊ သုံးနှစ်သုံးမိုး အချိန်ယူစဉ်းစားတာ စတဲ့ တည်ကြည်မှုတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခုခေတ်မှာတော့ မိန်းကလေးတွေရဲ့ တန်ဖိုး၊ တည်ကြည်မှုက အသိပညာ၊ အတတ်ပညာ၊ အကျင့်စာရိတ္တနဲ့ ထက်မြက်တာ၊ စိတ်ဓာတ်ခို်င်မာတာတွေ ပါလာပါပြီ။ တစ်နည်းအားဖြင့် ယောကျ်ားလေးတွေနဲ့ ရင်ဘောင်တန်းလာနိုင်တဲ့ခေတ်မှာ မိန်းကလေးတွေဘက်က စတင်ဖွင့်ပြောလာတဲ့ ခံစားချက်တွေကိုလည်း အလေးထားပေးသင့်လာပါပြီ။ အနည်းဆုံး ကိုယ်ကငြင်းမယ်ဆိုရင်တော့ လေးစားသမှုရှိတဲ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောပြပြီး ငြင်းလိုက်ပါ။ အထင်အမြင်သေးတဲ့ မျက်လုံးတွေ၊ အမူအရာတွေနဲ့ မငြင်းလိုက်ပါနဲ့။ ဒါက မိန်းကလေးတွေအတွက် အငြင်းခံရတာထက် နာကျင်ရစေမှာ ဖြစ်ပါတယ်။  -ဥဿာ ...

By:Kawi 30/08/2019

Liked

Back to Top