Loading...

Home Kawi Eats Kawi Inspires
စတင်ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူတစ်ယောက်ကို မဟန့်မိပါစေနဲ့… In:Kawi Inspires, Life Hacks
0 2 0

“နောက်ဆုံးတော့နင်သူများကို ကူညီရကောင်းမှန်းသိလာပြီပေါ့” 
“နင်တောင် ပဲများတတ်လာပြီ ကြည့်စမ်း”
“အခုမှ လုပ်ရလား”
“အရင်တုန်းကဆို သူဒီလို သပ်သပ်ရပ်ရပ်မဝတ်တတ်ပါဘူး”
ဒီလိုစကားလုံးလေးတွေကြောင့် သင််သတိမထားမိပေမယ့် လူတစ်ယောက်ကို ဟန့်မှန်းမသိ ဟန့်မိသလိုဖြစ်သွားစေတတ်ပါတယ်။ 

ကောင်မလေးတစ်ယောက်ဆိုပါတော့… 
အဲဒီကောင်မလေးက လူတွေရှေ့မှာရှက်တတ်တယ်၊ ယောကျ်ားလေးတွေနဲ့ စကားမပြောရဲဘူး၊ သူများတွေက သူ့ကိုပြောင်းလဲဖို့ပြောနေတယ်ဆိုပါတော့။ သူကိုယ်တိုင်လည်းပြောင်းလဲဖို့ ကြိုးစားလာတယ်… သူများတွေနဲ့စကားပြောဖို့ကြိုးစားလာမယ်။
ဒါကို တစ်ယောက်ယောက်က သွားပြီး “နောက်ဆုံးတော့ နင် သိပ်မရှက်တော့ဘူးပေါ့” လို့ပြောလိုက်တာမျိုးက သူ့ကိုအရင်ကဖြစ်ရပ်တွေကို သတိပေးမိသလိုဖြစ်သွားတတ်ပါတယ်။ ဒါမျိုးတွေက မကြာခဏကြားရတတ်တဲ့ စကားလေးတွေပါ။ လူတစ်ယောက်ကို ပေါ်တင်အပြစ်တင်တာထက်စာရင် ဒီလိုမျိုးမသိမသာ ဟန့်မိသွားတာလေးတွေကို ပတ်ဝန်းကျင်မှာပိုတွေ့ရတတ်တယ်လေ။ 

ကျွန်တော်လက်ခံတာကတော့ လူတစ်ယောက်ဟာ အရင်က မကောင်းတဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားလာမယ်၊ သူ့အတွက် ကောင်းတဲ့အပြောင်းအလဲတွေလုပ်ဖို့ ကြိုးစားလာမယ်ဆိုရင် ဒါကိုဝမ်းပန်းတသာကြိုဆိုသင့်တယ်လို့ မြင်ပါတယ်။ အနည်းဆုံးတော့သူ့အရှိန်နဲ့သူ လွှတ်ထားသင့်တယ်လို့ ထင်ပါတယ်။

ဘာလို့လဲဆိုတော့ အရင်က ကျွန်တော်ကိုယ်တိုင် မရည်ရွယ်ဘဲနဲ့ လုပ်မိသွားတာမျိုးရှိခဲ့ဖူးတယ်။
ကျွန်တော်တို့ သူငယ်ချင်းတွေ အားလပ်ချိန်ဆို ဖူဆယ်ဆော့လေ့ရှိတယ်လေ။ တခြားအဖွဲ့တွေနဲ့ ချိန်းကန်ကြတာများပါတယ်။ ကျွန်တော်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကတော့ ဖုန်းနဲ့ game ဆော့ရင်းစောင့်နေတာများတယ်။ ဘောလုံးကန်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်သူက လိုက်ချင်တယ်လေ။ ကျွန်တော်တို့သူ့ကို အတူတူကန်ဖို့၊ လေ့ကျင့်ဖို့ခေါ်တိုင်း မရခဲ့ဘူးလေ။ တစ်ရက်မှာ ချိန်းပွဲကန်ရင်း တစ်ယောက်က ခြေထောက်နာပါလေရော။ နာတော့ ကွျွန်တော်တို့ရဲ့ ဖုန်းမင်းသားကို မဖြစ်မနေအစားထိုးဖို့ဖြစ်လာပါတယ်။ ထင်တဲ့အတိုင်းပဲကျွန်တော်တို့ အပြတ်အသတ်ရှုံးပါတယ်။ အားလုံးကသူ့ကို ဝိုင်းဆဲကြတယ်လေ “မင်းသာနည်းနည်းကန်တတ်ရင် ငါတို့နိုင်မှာ” စသဖြင့်ပေါ့။
သူလည်းနည်းနည်းတော့ရှက်သွားတယ်ထင်တယ်။ နောက်ရက်ကစပြီး ကြိုးစားပမ်းစား စကန်တယ်။ နောက်တစ်ပတ်ကျ ချိန်းပွဲရှိပြန်ရော… ရင်လေးလေးနဲ့ပဲ သူ့ကိုကျွန်တော်တို့ ထည့်ကန်ခိုင်းလိုက်တယ်။ ထပ်ရှုံးပြန်ရော… ဒီတစ်ခါတော့အရင်ကလို ရုပ်မပေါက်တော့ဘူး။ ကပ်ရှုံးတယ်ပေါ့လေ။ သူကတော့ သူကန်နိုင်လို့ပျော်နေတာပေ့ါ။ ရှုံးလို့စိတ်ညစ်နေတဲ့ ကျွန်တော်ကတော့ မပျော်နို်င်ဘူးလေ… “တွေ့လား မင်းသာစောစောကျင့်ခဲ့ရင် ငါတို့နိုင်ပြီ” လို့ပြောမိသွားတယ်။ သူစိတ်မကောင်းဖြစ်သွားတယ်။
ကျွန်တော်လည်း အမှတ်တမဲ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ပြန်ရောက်တော့ ကျွန်တော်စိတ်လိုလက်ရပဲ အမေ့ကို ကူလုပ်ပေးမိတယ်။ အဲဒီအချိန်မှာ အမေပြောလိုက်တာက “နင်သာစောစောတည်းက ကူလုပ်ပေးရင် ငါဒီလောက် ပင်ပန်းမှာမဟုတ်ဘူး” တဲ့လေ။
အဲအချိန်မှာ ကျွန်တော်တွေးမိတာက “သြော် ငါကောင်းပြတော့လည်း အမေက တန်ဖိုးမထားပါလား” ပေါ့လေ။ တကယ်က သူကျွန်တော်ကူလုပ်ပေးတာကို မလိုချင်တာလည်းမဟုတ်ဘဲနဲ့ ဘာလို့များအပြစ်တင်တဲ့လေသံနဲ့ ပြောပါလိမ့်ပေါ့လေ။ 
မလုပ်ဘဲနေတုန်းက ပြောတော့လည်းသူတို့ပဲ။ ကိုယ်စပြောင်းလဲတော့ ပြောတော့လည်းသူတို့ပဲ။ ဘယ်လိုကြီးလဲဗျာ …

ငါသာဆိုဒီလို မလုပ်မိစေရဘူးပေါ့… အဲဒီလိုတွေးနေတုန်းပဲရှိသေးတယ်။ သူငယ်ချင်းကိုပြောမိတာ သွားသတိရမိတယ်။ သူ့ခမျာကြိုးစားပမ်းစား စကန်တာ ငါချီးကျုးသင့်တာမဟုတ်ဘူးလား??? ဆိုပြီး နောင်တရသွားတယ်။ ဖွင့်ပြီးတော့မတောင်းပန်ဖြစ်ဘူး … ကျွန်တော်ကရှက်တတ်တယ်လေ။ စတာပါ။ နောက်ဆို သူကွင်းထဲမှာ တလွဲတွေလုပ်နေရင်တောင်မှ ဒေါသကို အသာမျိုချပြီး သူမှားတာကိုပဲပြင်ပေးလိုက်ပါတော့တယ်။

အခုဆို သူတော်တော်ကန်တတ်နေပြီ။ ဟိုတလောက ကောင်လေးအသစ်တစ်ယောက် ကျွန်တော်တို့နဲ့ စဆော့တော့တောင် သူကသွားအားပေးနေသေးတယ်လေ။ မသိမသာနဲ့သူတို့နားသွားပြီး နားစွင့်နေမိတယ်။ ဒီကောင်ဘာတွေများ သြဝါဒချွေမလို့လဲပေါ့လေ။ သူကပြောတယ် “အစ်ကို စဆော့တုန်းကဆို တလွဲတွေချည်းလုပ်တာ …ဒီကောင်(ကျွန်တော့်နာမည်) ရှိလို့တော်သေးတယ်။ သူက ကိုယ်မှားလည်း သိပ်မပြောဘဲလွှတ်ထားလို့ အစ်ကို ကန်ရဲလာတာ” တဲဲ့လေ။ 
ဘာမှန်းမသိပေမယ့် ကျွန်တော်အဲဒီနေ့က ခြေထောက်နဲ့မြေကြီးမထိချင်တော့ဘူး။
လူတစ်ယောက်က ကောင်းတဲ့ပြောင်းလဲခြင်းကိုစတော့မယ်ဆို ဘာလို့များ ခြေလှမ်းသေးသေးလေးတွေကို ကွျွန်တော်တို့ တန်ဖိုးထားဖို့မေ့နေတတ်ကြပါလိမ့်နော်။ 
လူတစ်ယောက်ခရီးဆုံးထိပြေးနိုင်ဖို့ဆိုရင် မပြေးခင်အရှိန်ယူနေတဲ့ ခြေလှမ်းလေးတွေကို ကျွန်တော်တို့ မဟန့်မိအောင်ကြိုးစားကြည့်ရအောင်လား…။ 

-Remy

You may also like

သင်ခြေတစ်လှမ်း ခဏဆုတ်ဖို့ လိုနေပြီလား? In:Kawi Inspires, Life Hacks
0 2 0

ကျွန်တော်တို့တွေအများစုမှာ ကိုယ်လုပ်နေတဲ့အရာတွေက အဆင်မပြေတာတွေနဲ့ကြုံတွေ့ရတတ်ပြီး ရှေ့ဆက်တိုးဖို့ခက်တဲ့အချိန်တွေ ရှိပါတယ်။ အဲဒီလိုအချိန်တွေမှာ အတင်းဇွတ်ရှေ့ဆက်တိုးပြီး အမှားတွေဆက်လုပ်နေမိမယ့်အစား အခြေအနေအချိန်အခါကြည့်ပြီး အချိန်ယူပြီးသေသေချာချာပြန် စဉ်းစားဖို့အတွက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သင့်ပါတယ်။ ဒီလိုမျိုး တချို့အရာတွေမှာ ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်တာက ကိုယ်လုပ်နေတဲ့အရာတွေကို မှန်မမှန်ပြန်ပြီးလေ့လာဖို့ အခွင့်အရေးရရှိစေမှာပါ။ ကျွန်တော်ဆိုရင်လည်း စာတွေရေးနေရင်းနဲ့ အကြပ်ရိုက်ပြီးစဉ်းစားလို့မရတော့တဲ့ အချိန်တွေဆိုတာ တစ်ခေါက်ထက်မနည်းပါဘူး။ အဲဒီလိုအချိန်တွေမှာ ကိုယ်ရေးနေတဲ့စာတွေအတွက် မထွက်တော့တဲ့အကြံဉာဏ်တွေကို အတင်းဆက်ပြီးညှစ်ထုတ်မနေတော့ဘဲ အချိန်နည်းနည်းလောက် ကိုယ့်ကိုကိုယ်အနားပေးလိုက်တယ်။ ကော်ဖီလေးတစ်ခွက်နှစ်ခွက်လောက် ထသောက်တာမျိုး၊ ၀ရံတာကိုထွက်ပြီးလေညှင်းခံရင်း ကိုယ့်စိတ်ကိုခဏလောက် အနားယူတာမျိုးလုပ်ပြီးမှ ကိုယ်ရေးရမယ့်စာတွေအတွက် ဆက်စဉ်းစားကြည့်တယ်။ ဒီလိုမျိုး (၁၅) မိနစ် လောက်ကိုယ့်ကိုကိုယ် အနားမပေးဘဲ ဆက်ပြီးအတင်းစဉ်းစားနေရင် နောက် (၁) နာရီ၊ (၂) နာရီလောက် ကြာသွားတာတောင်လိုချင်နေတဲ့ အကြံတွေထွက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်လုပ်မရတဲ့အရာတွေကို ချက်ချင်းအတင်းကြီးဆက်မလုပ်ဘဲ နောက်ခဏဆုတ်ပြီးမှပြန်လုပ်ကြည့်တာက ကိုယ့်အပေါ်မှာဖိအားတွေနဲ့ ပိမနေစေဖို့ အကောင်းဆုံးနည်းတစ်ခုပါ။ တစ်ခါတလေမှာတော့ ကိုယ်လုပ်နေကျနည်းလမ်းတွေအတိုင်း ဖြေရှင်းရမလွယ်ကူတတ်တဲ့ အခက်အခဲတွေပေါ်လာတတ်ပါတယ်။ အဲဒီလိုမျိုးအချိန်တွေမှာ ကိုယ့်ကိုကိုယ် ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ကိုယ်လုပ်နေတဲ့အရာတွေကနေ ခေတ္တခဏလောက် နောက်ဆုတ်ကြည့်လိုက်ပါ။ တချို့အရာတွေမှာ ကိုယ်ကနောက်ဆုတ်ပေးလိုက်လို့ နစ်နာသွားတာမျိုးမရှိဘဲ ဘယ်လိုမျိုးကောင်းကျိုးတွေကိုပါ ရရှိလာစေလဲဆိုတာကိုတော့ ဝေမျှပေးချင်ပါတယ်။ ၁) ရှေ့ဆက်လျှောက်ဖို့ခက်ခဲနေပြီဆိုရင် ခဏတဖြုတ်လောက်ဖြစ်ဖြစ်အနားယူပြီးမှ ဆက်လျှောက်ပါ။ ကိုယ်လုပ်နေတဲ့အရာတွေမှာ အခက်အခဲအတားအဆီးတွေနဲ့ ကြုံလာရပြီး ဆုံးဖြတ်ချက်ချရခက်ဖြစ်နေခဲ့ပြီဆိုရင် ခဏလောက်နောက်ဆုတ်လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပါ။ ကိုယ်လုပ်နေတဲ့အရာတွေကို ဆက်ပြီးရှေ့ဆက်တိုးဖို့ ခက်ခဲလာတဲ့အထိ စိတ်ရှုပ်စရာကောင်းလာခဲ့ရင်တော့ ကိုယ့်ကိုကိုယ်ခဏတဖြုတ်လောက် စိတ်အပန်းဖြေဖို့ အနားယူချိန်ပေးလိုက်ပါ။ ဒီလိုမျိုးအနားယူလိုက်တာက ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ ဖိအားတွေကိုလျော့နည်းသွားစေတဲ့အတွက် ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ ပိုပြီးကောင်းမွန်တဲ့ရလာဒ်တွေကို ရရှိလာစေနိုင်ပါတယ်။ ၂) ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချဖို့ ကိုယ့်ကိုကိုယ်အခွင့်အရေးပေးလိုက်တာပါ။ ကိုယ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို တခြားလူတွေကကိုယ့်နေရာမှာဝင်ပြီး လာဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။ အများဆုံး အကြံဉာဏ်ပေးတာလောက်အထိပဲ ကူညီပေးနိုင်လောက်မှာပါ။ ကိုယ့်ရဲ့အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်လား မဖြေရှင်းနိုင်လားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ခဏတဖြုတ်နောက်ဆုတ်ပေးလိုက်တာက ကိုယ့်ကိုကိုယ်အသေချာဆုံး ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေးပေးလိုက်တာပါပဲ။ ၃) အရှေ့ကိုခြေလှမ်းပေါင်းများစွာဆက်လှမ်းဖို့ အနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ ခြင်္သေ့တစ်ကောင်က သူ့ရဲ့သားကောင်ကို မခုန်အုပ်ခင်ခြေတလှမ်းနောက်ဆုတ်လေ့ရှိတယ်တဲ့။ အဲဒီလိုပဲ ကျွန်တော်တို့တွေကလည်း ကိုယ်လုပ်ကိုင်ရမယ့်အရာတွေအတွက် ရှေ့ဆက်မလှမ်းခင်မှာ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ကိုယ့်ကို်ကိုယ်ခွန်အားတွေရယူထားရမှာပါ။ အဲဒါမှကိုယ်လုပ်နေတဲ့အရာတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်နိုင်မှာဖြစ်သလို နောက်ထပ်ခြေလှမ်းတွေဆက်လှမ်းဖို့အတွက်လည်း အဆင်သင့်ဖြစ်နေမှာပါ။ နောက်ဆုံးအနေနဲ့ နောက်ဆုတ်လိုက်တာက လက်လျှော့အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က အရှုံးပေးပြီးစွန့်လွှတ်လိုက်တာကမှ လက်လျှော့လိုက်တာမျိုးပါ။ ကိုယ်လက်မလျှော့လိုက်သေးသ၍ကတော့ ပြန်ကြိုးစားပြီးအောင်မြင်အောင် လုပ်နိုင်ပါသေးတယ်။ အဲဒါကြောင့် ကိုယ်လျှောက်လှမ်းနေတဲ့လမ်းပေါ်မှာ ဖြေရှင်းရခက်တဲ့အတားအဆီးတွေအတွက် ခဏတဖြုတ်နောက်ဆုတ်လိုက်ပြီး ကိုယ့်ရဲ့ခြေလှမ်းတွေခိုင်မာလာတဲ့အထိ ပြန်ကြိုးစားကြည့်နိုင်ပါသေးတယ်။ အဓိကကတော့ ကိုယ့်ရဲ့ဦးတည်ချက်တွေကို မပြောင်းလဲဘဲ ပြန်ကြိုးစားကြည့်ဖို့ပါ။ ...

By:Kawi 23/08/2019
“စကားနည်းရန်စဲဆိုပြီး ငြိ်မ်ခံနေတော့မှာလား” In: Kawi Inspires, Life Hacks
0 0 0

ကြုံဖူးကြလား။ ထစ်ခနဲရှိလေသံမာမယ်ဆိုတဲ့သူတွေ။  ဒေါသကတော့ လူတိုင်းထွက်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်လေသံနဲ့ပြောလည်းရတဲ့ကိစ္စတွေမှာ လေသံမာမာနဲ့ပြောတတ်တဲ့သူတွေကို ဘယ်လိုဆက်ဆံကြမလဲ။ ပြန်အော်မှာလား? အမြဲပဲသည်းခံနေမှာလား?  တကယ်ကတော့ ကိုယ့်ဘက်ကချည်းအလျှော့ပေးနေတာ နည်းလမ်းမှန်မဟုတ်ပါဘူး။ လိုတာထက်ပိုပြီးဒေါသထွက်ပြတတ်ကြသူတွေကို ဘယ်လိုတုန့်ပြန်မလဲမပြောခင် သူတို့ဘာလို့ဒီလိုဖြစ်နေလဲဆိုတာ အရင်သိဖို့လိုပါတယ်။  လူတွေဘာလို့မလိုအပ်ပဲအော်ပြောကြလဲ??? တချို့က စိတ်ထွက်ပေါက်အနေနဲ့ အော်ပြောကြတယ်။ ဒါဟာတစ်နည်းအားဖြင့်သူတို့ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း အားနည်းတာကိုပြတာပါ။ တစ်နည်းအားဖြင့် စိတ်ရှုပ်လာတဲ့အချိန် အော်ပြောလိုက်ရင် စိတ်ပြေသွားတတ်ကြပါတယ်။ တချို့ကထိန်းချုပ်နိုင်စွမ်းအားနည်းလို့အော်ကြတာဖြစ်တယ်။ သူတို့ကတော့ စိတ်ခံစားချက်ပြင်းထန်တတ်ကြပြီး သိပ်ပြီးထိန်းချုပ်တတ်ကြတဲ့သူတွေမဟုတ်ပါဘူး။ လူရှေ့မရှောင်အော်တတ်ကြပြီး တော်ရုံဖျောင်းဖျမှုမျိုးကို လက်သင့်မခံတတ်ကြပါဘူး။ တချို့က သူတို့ကိုအာရုံစိုက်လာအောင်လို့ လေသံမာတတ်ကြတာပါ။ ကောင်းကောင်းမွန်မွန်ပြောနေရင်းကပဲ ရုတ်တရက်လေသံမြှင့်လိုက်တဲ့သူတွေကို တွေ့ဖူးတယ်မလား။ လူတွေကသူတို့ဆီကို တခြားသူတွေရဲ့အာရုံရောက်စေချင်ရင် လေသံမြှင့်လိုက်ခြင်းအားဖြင့်သူတို့ ပြောချင်တာကိုဆက်ပြောတတ်ကြပါတယ်။ တချို့က သင့်ကိုခြိမ်းခြောက်ချင်လို့အော်တတ်ကြတယ်။ လူအများစုက အော်ကြီးဟစ်ကျယ်ပြောရမှာ ရှက်တတ်ကြတယ်လေ။ ပြဿနာဖြစ်မှာကို ရှောင်ချင်ကြတယ်။ တချို့သူတွေက သူတို့ကအရင်စအော်လိုက်ခြင်းအားဖြင့် တစ်ဖက်လူကို သူတို့စိတ်ဆိုးနေပြီ ဆိုတာပြသတတ်ပါတယ်။ များသောအားဖြင့်ရန်ပြိုင်မဖြစ်ချင်တဲ့သူက အလျှော့ပေးတာမျိုးကို ခံချင်ကြလို့ပါ။ တချို့က သူတို့သင့်ကိုအနိုင်ရကြောင်းပြချင်ကြတယ်။ အများအမြင်မှာ အာဏာပြချင်တဲ့သူတွေကတော့ လူတစ်ဖက်သားကို မလိုအပ်ဘဲအော်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်သူတို့ကို တစ်ဖက်လူကကြောက်ရတယ်လို့ထင်သွားစေချင်တယ်လေ။ တချို့သူတွေက သူများဆီကအကျင့်ကူးလာတာပါ။ တစ်စိတ်ရှိအော်ဖို့ပဲ စဉ်းစားနေသူတွေရဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် ငယ်ဘဝမှာ သူတို့နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ ဒေါသကြီးသူတွေနဲ့ ပတ်သက်ဖူးကြပါတယ်။ အထူးသဖြင့်ကလေးတွေမှာပိုသိသာပါတယ်။ အမြဲဆူတတ် ဒေါသထွက်ပြတတ်တဲ့မိဘတွေနဲ့ နေခဲ့ရတဲ့ကလေးတွေဟာ သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း ဒေါသကြီးသူတွေ ဖြစ်လာတတ်ပါတယ်။ တချို့သူတွေက သူတို့အားနည်းတာကို ဖုုံးကွယ်ချင်လို့အော်ပြတတ်ကြတာပါ။ ကြောက်ကန် ကန်ပြီးအော်တာ၊ သူတို့ကလည်းမှားသေးတယ် သူတို့ကပဲအော်နေတယ်ဆိုတဲ့သူတွေဟာ ကိုယ့်အမှားကိုသူများအမှားအဖြစ် ထင်ရအောင်အရင်စပြီး လေသံမာတတ်ကြပါတယ်။ တကယ်ကတော့သူတို့ဟာ ကိုယ့်အမှားကို ဝန်ခံဖို့သတ္တိနည်းသူတွေဖြစ်နေတတ်ပါတယ်။  ဒီလိုလူမျိုးတွေနဲ့မလွှဲမရှောင်သာပတ်သက်နေရပြီဆိုရင်ဘယ်လိုတုန့်ပြန်ကြမလဲ??? အကောင်းဆုံးကတော့ သူတို့ကိုခဏလွှတ်ထားလိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း ခေါင်းအေးအေးထားပြီး ပြဿနာအရင်းခံကိုစဉ်းစားပါ။ တစ်ဖက်လူရဲ့ ဒေါသကြောင့် သင့်စိတ်ကို အနှောင့်အယှက်အဖြစ်မခံပါနဲ့။ သင်သိထားရမှာက သူတို့နဲ့ပြိုင်မငြင်းရင်ရပါပြီ။ သူတို့မှန်တယ်လို့တော့ မထောက်ခံပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့တကယ်မှန်တယ်ထင်သွားနိုင်ပါတယ်။ နောက်ပြီးသူတို့ဒီလိုအော်တာနဲ့ သင်အလျှော့ပေးပြီလို့ ယူဆသွားနိုင်လို့ပါ။ သူတို့ဒီလိုလေသံနဲ့မပြောသင့်ကြောင်း၊ ကောင်းကောင်းမွန်မွန်ဖြေရှင်းသင့်ကြောင်းပြောပါ။ မရရင်တော့ ခဏရှောင်နေလိုက်ပါ။ သွေးအေးသွားတဲ့အချိန်မှအေးအေးဆေးဆေးပြန်ဆွေးနွေးပါ။ သေချာတာတစ်ခုကတော့ သူတို့လိုလိုက်မအော်ပါနဲ့။ ကျွန်တော်ဆိုရင် ကျွန်တော့်အဖေနဲ့ အရင်ကအမြဲပြဿနာတက်တယ်။ သူတစ်ခုခုအလိုမကျရင် သူကလူကြားထဲမရှောင် အော်ပါတယ်။ လူငယ်ဘဝတုန်းကတော့ ကျွန်တော်တော်တော်ရှက်ပါတယ်။ သူအော်တာနဲ့ကျွန်တော်စိတ်ညစ်ပြီး အလျှော့ပေးလိုက်တာများတယ်။ တကယ်က ကျွန်တော်ကျေနပ်လို့ငြိမ်နေတာမဟုတ်တဲ့အတွက် ပြဿနာကပြီးသွားတယ်ထင်ရပေမယ့် ကျွန်တော်မကျေနပ်ပါဘူး။ နောက်တော့ဒါဟာ တကယ်အလုပ်မဖြစ်မှန်းသိလာတဲ့အခါမှာ ကျွန်တော်တတ်နိုင်သလောက် ပြန်ရှင်းပြဖြစ်ပါတယ်။ ဒေါသကြီးမြဲပေမယ့် သူကျွန်တော့်ဘက်ကို နားလည်တတ်လာတယ်။ ဒါပေမယ့်သူစိတ်ဆိုးတုန်းပြောတဲ့ စကားတွေကကျွန်တော့်ကို ခုထိနာကျင်စေဆဲပါ။ ကျွန်တော်ပြောချင်တာကတော့ သင်ဟာ ဒေါသထွက်လွယ်သူတစ်ယောက်ဆိုရင် ဒါသင့်အတွက်အော်ပြောနေကျဆိုပေမယ့် တစ်ဖက်လူအတွက်တော့ စိတ်နာစရာဖြစ်သွားနိုင်ပါတယ်။ နောက်ပြီးအပြောခံရသူတွေအနေနဲ့လည်း ရန်မဖြစ်ရပြီးရောဆိုပြီးလက်ခံလိုက်တာထက် အခြေအနေအေးအေးဆေးဖြစ်တဲ့အထိစောင့်ပြီး ဖြေရှင်းကြပါလို့ပြောချင်ပါတယ်။ -Remy ...

By:Kawi 28/08/2019

Liked

Back to Top