Loading...

Home Kawi Eats Kawi Inspires
အဘိဓာန်ထဲမှာတောင်မရှိတဲ့ မြန်မာတွေရဲ့ အားနာတတ်တဲ့အလေ့အကျင့်တစ်ခု In:Inspiration/Aspiration/Motivation, Kawi Inspires
2 5 0

ကျွန်တော်တို့တွေတော်တော်များများမှာ တချို့ကိစ္စတွေကို အားနာပြီးမပြောလိုက်ရတာတွေ၊ အားနာနေလို့မပြီးသွားခဲ့တဲ့အလုပ်တွေ ရှိခဲ့ဖူးမှာပါ။ ကိုယ်လုပ်လိုက်တဲ့အရာကြောင့် တစ်ဖက်လူထိခိုက်သွားမှာ၊ စိတ်အနှောက်အယှက်ဖြစ်သွားမှာ စတဲ့ စိုးရိမ်စိတ်တွေနောက်မှာ အားနာမှုတွေကပ်ပြီးပါလာတတ်ပါတယ်။ တစ်ကြိမ်တစ်ခါလေးလောက် အားနာလိုက်တာက နောက်ထပ်နောက်ထပ်ပိုပြီး အားနာမှုတွေကိုဖြစ်လာစေတာပါပဲ။ ဒီ အားနာတတ်တဲ့စိတ်က ဖျောက်ဖျက်ရခက်သလို တစ်ခါတလေမှာကိုယ့်အတွက်သာမက တဖက်လူကိုပါ ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်ပါတယ်။

တစ်ခါတလေမှာ ကိုယ်ကအနစ်နာခံပြီး အားနာနာနဲ့ ကူညီလိုက်မိတယ်။ ဒါပေမယ့် ကိုယ့်အတွက် နစ်နာသွားတာနဲ့ သူ့အတွက် အကျိုးရှိသွားတာ သိပ်မကာမိရင် အဆင်မပြေပါဘူး။ ဥပမာအနေနဲ့ ကိုယ်က အရက်မသောက်တတ်ဘူး၊ အရက်သောက်ရင် ယားတာမျိုး၊ နောက်နေ့မထနိုင်တော့တာမျိုး ဖြစ်တတ်တယ်ဆိုပါစို့။ သူငယ်ချင်းက အရက်အတင်းတိုက်လို့ သောက်ရမယ်ဆိုရင် ကိုယ်သောက်လိုက်လို့ ကိုယ့်အတွက်လည်း အကျိုးလည်း မရှိဘူး၊ ကိုယ့်သူငယ်ချင်းအတွက်လည်း အကျိုးရှိမသွားဘူး (လူမှုရေးအရ အနည်းအကျဉ်းသောက်ရတာက တစ်မျိုးပါ) ဆိုရင် ငြင်းသင့်ရင် ငြင်းရပါလိမ့်မယ်။ အားနာမနေပါနဲ့။ 

အဲဒါအပြင် အားနာနေတာတွေရဲ့ နောက်ဆက်တွဲဆိုးရွားတဲ့ အကျိုးဆက်တွေကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတဲ့အခါမှာ တွေဝေသွားတတ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ကိစ္စတစ်ခုခုမှာ တခြားသူတွေကို အားနာနေလို့ (ဒါမှမဟုတ်) မိတ်ပျက်မှာစိုးရိမ်လို့ ကိုယ့်စိတ်ဆန္ဒမပါဘဲ လိုက်လုပ်ပေးရင်းကနေ တကယ်တမ်းကိုယ့်အတွက် ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ တွေဝေနေတာမျိုးဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက်အရေးကြီးတဲ့ ကိစ္စတွေကိုဆုံးဖြတ်ချက်ချတဲ့အခါမှာ ပြတ်ပြတ်သားသားနဲ့ တခြားသူတွေကိုအားနာနေတာတွေကို နည်းနည်းလောက်လျှော့ချပြီး ဆုံးဖြတ်တတ်ဖို့လိုအပ်ပါတယ်။

လူတွေပြောလေ့ရှိတဲ့စကားပုံတစ်ခုရှိတယ်။ အဲဒါကတော့ “အားနာရင်ခါးပါတယ်” ဆိုတာပါပဲ။ လူတွေတော်တော်များများက အားနာတတ်တဲ့လူအပေါ်ပိုပြီး အခွင့်အရေးယူတတ်ကြတယ်။ ကိုယ်က အားနာတတ်လို့ တစ်ကြိမ်နှစ်ကြိမ်လောက် ကူညီလုပ်ကိုင်ပေးလိုက်တာကို အခွင့်ကောင်းယူတတ်ကြတယ်။ နောက်ပိုင်းမှာ “သူကငြင်းဖို့အားနာတတ်တယ်၊ သူ့ကိုအကူအညီတောင်းလိုက်” ဆိုပြီး လုပ်လာတတ်ကြတယ်။ အဲဒါကြောင့် တချို့နေရာတွေမှာ အားနာမနေဘဲ ကိုယ်မလုပ်နိုင်ရင် ငြင်းဆိုတတ်ကြဖို့လည်းလိုအပ်ပါတယ်။

အားနာတတ်တဲ့စိတ်ရှိတာက ကောင်းတဲ့အထဲမှာတော့ မပါ၀င်ပါဘူး။ အားနာနေလို့မပြောလိုက်ရတာတွေ၊ အားနာပါးနာနဲ့ မလုပ်ချင်ဘဲလုပ်ပေးလိုက်ရတာတွေကို ထုတ်ဖော်မပြောဘဲ မြိုသိပ်ထားရတာတွေများလာတဲ့အခါ ကိုယ်ပဲမွန်းကြပ်ပြီးဒုက္ခရောက်မှာပါ။ တခြားသူတွေကို ကူညီတာကောင်းပါတယ်။ ဒါပေမယ့် အားနာလို့ကူညီရတာမျိုးတော့ မဖြစ်စေပါနဲ့။ ကိုယ်အဆင်ပြေနိုင်သလောက်ပဲ လိုက်လျောကူညီပေးပါ။ ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်ကို စည်းတစ်ခုသတ်မှတ်ပြီး ဆင်ဆင်ခြင်ခြင်ဆုံးဖြတ်နိုင်ကြပါစေ။

You may also like

“လူငယ်တစ်ယောက်နဲ့ရွေးချယ်မှု” In:Inspiration/Aspiration/Motivation, Kawi Inspires
0 0 0

အခုခေတ် လူငယ်တော်တော်များများတွေ့ ကြုံရတာက ဘယ်လို အလုပ်မျိုးကိုလုပ်မလဲ ဘာတွေလိုအပ်လဲစသဖြင့် ရှေ့ဆက်ရမယ့် ဘဝအတွက် ဆုံးဖြတ်ရခက်နေတာပါ။ လမ်းကြောင်းပီပီပြင်ပြင်မရှိသေးတဲ့အချိန်မှာ ကိုယ့်လမ်းကိုဖောက်ရတာမလွယ်တဲ့အလုပ်တစ်ခုပါ။ လူငယ်တွေမှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်စေဖို့အတွက် The Fit Slay Queens ရဲ့  member တစ်ဦးဖြစ်တဲ့ရတနာရွှေစင်က သူမရဲ့ ပညာရေး နဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးဘယ်လိုရွေးချယ်မှုတွေလုပ်ခဲဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို အခုလိုပြောပြထားပါတယ်။ သူမဟာ လက်ရှိမှာ The Pink Sun Marketing Agency and Media Entertainment Company ရဲ့ Account Head တစ်ဦးအဖြစ်တာဝန်ယူလုပ်ကိုင်လျက် ရှိပါတယ်။ ရတနာတစ်ယောက် ဘယ်လိုအကြံတွေပေးထားလည်းဆိုတာ ဖတ်ကြည့်လိုက်ပါနော်။  ရတနာတို့တွေ အကုန်လုံးနေ့စဉ်နဲ့အမျှရွေးချယ်မှုတွေ လုပ်နေရတယ်လေ။ ဘယ်လိုရွေးချယ်မှုတွေပဲလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့အရေးကြီးပါတယ်။  ရတနာ ငယ်ငယ်လေးကတည်းက ရတနာဖြစ်ချင်တာ၊ ဝါသနာပါတာကို သိတော့ ဆုံးဖြတ်ချက်တွေချရတာပိုလွယ်ကူတယ်ပြောရပါမယ်။  ရတနာက တစ်ခုခုကို အမြဲ learn လုပ်နေရတာသဘောကျတယ်။ ဆယ်တန်းပြီးပြီးချင်း ရတနာသင်တန်းတစ်ခုခု တက်ချင်တယ်ဆိုတော့ ကိုယ်ဘာကိုဝါသနာပါလဲဆိုတာစတွေးရတယ်။ ငါစီးပွားရေးလုပ်ချင်တယ်ဆိုတာတော့ တွေးမိတယ်။ အဲဒါနဲ့ ပါးပါးက ရတနာ့ကို Wise College မှာ ABE diploma course ကိုလိုက်အပ်ပေးတယ်။  အဲ့တုန်းက ABE ကမြန်မာပြည်မှာ သိပ်ခေတ်မစားသေးဘူး။ တက္ကသိုလ်စတက်တော့ ရတနာ တက်ချင်တဲ့ BBM ကျောင်းကအမှတ်မမှီဘူး။ အဲဒါနဲ့ University of Information Technology (UIT) တက္ကသိုလ်တက်ဖြစ်တယ်။ Second year လောက်မှာ ABE higher diploma ရတယ်။ Third year မှာ ABE Graduate Diploma ထပ်ရပါတယ်။ တတိယနှစ်မှာ ရတနာအလုပ်လုပ်ချင်တော့ အိမ်ကအလုပ်မှာဝင်ကူဖြစ်တယ်။ အချိန်ပိုင်းဝင်ကူတာ ဆိုပေမယ့် အတွေ့အကြုံ အများကြီးရတယ်။ စာတွေ့နဲ့ လက်တွေ့ ကွာခြားချက်တွေကို သင်ယူခွင့်ရခဲ့တယ်။ အိမ်စီးပွားရေးမှာ ဝင်လုပ်တော့ တချို့နေရာတွေမှာ ကိုယ်လုပ်ချင်တာနဲ့ အိ်မ်နဲ့သဘောထားမတူတာတွေ ရှိတယ်ပေါ့နော်။  အဲဒီတော့ရတနာ ဆက်မလုပ်ဖြစ်တော့ဘူး။ Final year မှာ ကျောင်းကလွှတ်တဲ့ IT company တစ်ခုမှာ intern ဆင်းရတယ်။ Intern ဆိုတော့ ပထမတစ်လလောက်က ဘာမှထွေထွေထူးထူးမလုပ်ရဘူး။ ရတနာ အလုပ်လုပ်ချင်တော့ ရသမျှ project တွေ တောင်းလုပ်ပေးတယ်။ တစ်ချိန်ထဲမှာပဲ အခုုလုပ်နေတဲ့ The Pink Sun Company မှာ part time အနေနဲ့ ဝင်လုပ်တယ်။ ကျောင်းပြီးတဲ့အချိန်မှာ ရတနာ intern ဆင်းတဲ့ company က အမြဲတမ်း ဝန်ထမ်းလုပ်မလားဆိုပြီး ကမ်းလှမ်းလာတယ်။ အဲဒီမှာရတနာစဉ်းစားရတာက ဘယ်မှာလုပ်မလဲဆိုတာပဲ။ ဘာလို့လဲဆိုတော့ ရတနာ သင်ယူချင်တာတွေရှိတာရယ်၊ start-up company တစ်ခုအနေနဲ့ challenge တွေရင်ဆိုင်ချင်တာကြောင့် လက်ရှိအလုပ်ကိုပဲရွေးချယ်ဖြစ်ခဲ့တယ်။  ရတနာ အနေနဲ့ ရွေးချယ်ရခက်ခဲ့တာကတော့ သူများတွေ ကျောင်းတက်လိုက် intern ဆင်းလိုက်လုပ်နေတဲ့ အချိန်မှာ The Pink Sun မှာ part time လုပ်ဖို့စဉ်းစားတဲ့အချိန်ပါပဲ။ Digital Marketing ဆိုတာသေချာ မသိသေးခင်မှာ ဘာကိုရွေးချယ်ရမှန်းမသိခဲ့ဘူးလေ။ နောက်တော့ ရတနာ သိလာတာက ငါဒီလိုအေးအေးဆေးဆေး အလိုက်သင့်မနေချင်ဘူး ဆိုတာပါပဲ။ အဲဒီတော့ ရတနာ လုပ်သင့်တယ်ထင်တာကို ရွေးချယ်ခဲ့ပါတယ်။ အထူးသဖြင့်ရတနာတို့လိုကျောင်းပြီးစ ဘာကိုရွေးချယ်ရမှန်းမသိတဲ့လူငယ်တွေကို ရတနာပြောချင်တာက မှန်တာ၊မှားတာထက် ကိုယ်ဖြစ်ချင်တာကို ကိုယ်သိဖို့အရေးကြီးပါတယ်။ မသိသေးဘူးဆိုသူတွေအတွက်ကတော့ အကုန်လုံးကို သိချင်စိတ်နဲ့လေ့လာကြည့်စေချင်ပါတယ်။ ဘာမှမလုပ်လို့ဘာမှမသိဘူးဆိုတာထက် တစ်ခုခုကို လုပ်ဖြစ်နေတယ်ဆိုရင် ကိုယ်ဘာကိုစိတ်ဝင်စားလဲ ကိုယ်ဘယ်နေရာမှာ ပါရမီရှိလဲဆိုတာ ပိုသိလာမယ်လို့မြင်ပါတယ်။ ရတနာလား …. ရတနာ့ဝါသနာကတော့ အလုပ်လုပ်ရတာကြိုက်တယ်၊ တစ်ချိန်ထဲမှာ အလုပ်နှစ်ခုသုံးခုကို manage လုပ်ရတာကြိုက်တယ်၊ နောက်ပြီးတော့ stress တွေတက်လာရင် ညည်းရတာလည်းကြိုက်တယ်။ ( ဒီထဲမှာထည့်မရေးထားတာကတော့ ရတနာရွှေစင် တစ်ယောက် bubble tea လည်းအရမ်းကြိုက်ကြောင်းပါ 😛 ) “ကိုယ်ဖြစ်ချင်တာကိုမသိသေးရင် ကိုယ်မဖြစ်ချင်တဲ့အရာတွေဆီက အရင်ရုန်းထွက်လိုက်ပါ” ...

By:Kawi 07/08/2019
“သတိမထားမိပဲ ဆက်လုပ်နေတတ်တဲ့အကျင့်ဆိုးများ” In: Inspiration/Aspiration/Motivation, Kawi Inspires
1 3 0

တစ်ခါတလေကျတော့ ကျွန်တော်တို့ကိုယ်တိုင်တောင် သတိမထားမိတဲ့အချက်လေးတွေက ကိုယ့်ကိုကောင်းကျိုးထက်ဆိုးကျိုးပေးတာများနေတတ်ပါတယ်။ ဘယ်လိုအကျင့်တွေက ကိုယ့်ကို အဆိပ်ဖြစ်စေလဲဆိုတာတော့ အောက်ကပုံလေးတွေမှာ ထောက်ကြည့်လိုက်ပါ။  ၁။ အချိန်ဆွွဲတတ်တာ။ လုပ်သင့်တဲ့အရာတစ်ခုကို စတင်ဖို့ကျွန်တော်တို့အချိန်ဆွဲနေတတ်ကြတယ်မလား??? ဖြစ်သင့်တဲ့အရာတစ်ခုကို ချက်ချင်းစတင်လိုက်ပါ။ အချိန်ရွှေ့လိုက်တယ်ဆိုတာ ခြေတစ်လှမ်းနောက်ကျသွားတာပါပဲ။ သင့်ဘဝမှာ ခြေဘယ်နှစ်လမ်း နောက်ကျပြီးပြီလဲ??? ၂။ ဆင်ခြေပေးတတ်တာ။ ဆင်ခြေပေးတာက အချိန်ဆွဲတာထက်ပိုဆိုးပါတယ်။ အချိန်ဆွဲတာက နောက်ဆုံး မဖြစ်မနေလုပ်ရတော့မယ်အချိန်ဆို လုပ်ရပါဦးမယ်။ ဆင်ခြေပေးနေတာကတော့ ဘာအလုပ်မှပြီးမှာ မဟုတ်သလို ဘာမှတတ်မြောက်လာမှာလည်း မဟုတ်ပါဘူး။  ၃။ ပြဿနာတွေကနေ ရှောင်ပြေးတာ။ လူတိုင်းမှာပြဿနာတွေ၊ စိတ်အားငယ်မှုတွေရှိတယ်ဆိုတာ သင်မမေ့ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် တု့ံ့ပြန်ပုံခြင်းပဲမတူတာပါ။ ထွက်ပြေးမှာလား??? ဖြေရှင်းမှာလား??? ဆိုတာက သင်ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာပါ။ ၄။ လိုတာထက်ပိုနှိမ့်ချတာ။ ကျွန်တော်တို့တွေက တစ်ခါတလေကျတော့ ကိုယ့်တန်ဖိုးကိုကိုယ် အရမ်းလျှော့တွက်တတ်ကြတယ်။  နှိမ့်ချတတ်တာကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီးအားငယ်ပြတဲ့အခါမှာ အနှိမ်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့။ ကိုယ့်အရှိကိုအရှိအတိုင်းပဲနေပါ။ သူများကိုနှိမ်တာလည်းမကောင်းသလို ကိုယ့်ကိုကိုယ်လည်း မနှိမ်မိပါစေနဲ့။ ၅။ ကိုယ့်ကိုကိုယ် ညှာတာ။ အကောင်းဆုံးဖြစ်ချင်တယ်မလား??? ကိုယ့်အတွက် အခက်ခဲဆုံးဆိုတာတွေ လွယ်ကူသွားတဲ့အထိ လုပ်လိုက်ပါ။ ကိုယ့်ကိုကိုယ် အလိုမလိုက်ပါနဲ့။ လက်လျှော့ခွင့်မပေးပါနဲ့။ သင်ဟာသင်ထင်ထားတာထက် ပိုလုပ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်တွန်းအားပေးလိုက်ပါ။ Comfort zone ထဲကရုန်းထွက်လိုက်ပါ။ ၆။ ကိုယ်ဘာဖြစ်ချင်မှန်းမသိတာ။ ကိုယ်မဖြစ်ချင်တာတွေကြားမှာ နစ်မျောမနေပါနဲ့။ ဒါကတော့ ကိုယ့်အကြောင်းကိုယ် မသိဘူးလို့ပဲပြောရမှာပါ။ ကိုယ်ဘာတွေကို လိုချင်လဲ??? ကိုယ်ဘာတွေ မဖြစ်ချင်ဘူးလဲ??? ဆိုတာမသိရင် ကို်ယ်နေတဲ့ဘဝ၊ ကိုယ်ဖြစ်ချင်တဲ့ဘဝနဲ့ အလှမ်းကွာသွားပါလိမ့်မယ်။  ၇။ ကိုယ့်ကိုကိုယ် ပြန်ညာတာ။ ဖြစ်ဖူးလား??? ကိုယ်အရမ်းလိုချင်တာတစ်ခုကို မရတဲ့အခါမှာ ငါဒါကိုမလိုချင်ပါဘူးလို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်မိဖူးသလား??? ကိုယ့်အိပ်မက်တွေက အရမ်းကိုကြီးကျယ်နေတဲ့အခါမှာ ငါဒါမဖြစ်လဲဘာမှမဖြစ်ပါဘူး ဆိုပြီးတော့ ပြန်ညာဘူးသလား??? ကိုယ့်ကိုကိုယ်ပြန်ဟန်ဆောင်တာက အဆိုးဆုံးပါပဲ။ ကိုယ့်ဖြစ်တည်မှု၊ ခံစားချက်တွေကို ပြန်မညာမိပါစေနဲ့။ ၈။ တခြားသူတွေနဲ့ယှဉ်တာ။ သူများတွေအောင်မြင်နေတဲ့အချိန်မှာ ငါဘာလို့မအောင်မြင်သေးတာလဲလို့တွေးဖူးလား???တွေးဖူးတယ်ဆိုရင် သင်မှားနေပါပြီ။ဘာလို့လဲဆိုတော့ သင့်ကိုယ်သင်ဘယ်သူနဲ့မှ ယှဉ်ပြီးမတွေးသင့်လို့ပါ။ဒီအစား ငါဘာလို့ဖြစ်သင့်သလောက်မဖြစ်သေးတာလဲလို့ တွေးကြည့်လိုက်ပါ။  ၉။ သူများယောင်တိုင်းလိုက်ယောင်တာ။ လူတိုင်းမှာကိုယ့်အခြေအနေနဲ့ ကိုယ်ရှိပါတယ်။ အိမ်ပိုင်တဲ့ သူငယ်ချင်းက night out ထွက်လို့ရပေမယ့် သင်ကရချင်မှရမယ်လေ။ ချမ်းသာတဲ့သူက ဒီလောက်သုံးနို်င်ပေမယ့် သင်မသုံးနိုင်တာလည်းရှိမယ်။ ကိစ္စတော်တော်များများကို ကိုယ်လုပ်သင့်တာနဲ့ ဆန့်ကျင်ပြီးလုပ်နေမယ်ဆိုရင်တော့ သင့်ကိုယ်သင်တန်ဖိုးမထားရာရောက်ပါတယ်။ ၁၀။ ကျေးဇူးမေ့တတ်တာ။ သင့်ကို ကူညီထားသူ၊ ဘယ်သူမှမရှိတဲ့အချိန်မှာ သင့်ဘေးမှာရှိပေးခဲ့တဲ့သူတွေကို မေ့လျော့တာမျိုးတွေမလုပ်ပါနဲ့။ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားဆိုတာ သင်ဘယ်လောက်အောင်မြင်နေနေ မမေ့သင့်တဲ့အရာတွေမို့လို့ပါ။  -Remy ...

By:Kawi 09/08/2019

Liked

Back to Top