Loading...

Home Kawi Eats Kawi Inspires
“မေမေတို့အတွက် ကိုယ့်ကလေးထမင်းအကုန်စားအောင်ပြင်ပေးနိုင်မယ့်ထမင်းဗူးးလှလှလေးများ” In:Kawi Eats
0 5 0

မိုးရာသီလည်းရောက်ပြီ၊ ကျောင်းတွေလည်းဖွင့်ပြီဆိုတော့ မေမေတွေအလုပ်ရှုပ်ပြီပေါ့။ မေမေတစ်ယောက်ဖြစ်ရတယ်ဆိုတာ superwoman ဖြစ်ရတာထက် ပိုခက်ပါတယ်နော်။ တစ်နွေလုံးလည်း သားသား၊ မီးမီးတွေကို ထိန်းရ၊ ကျောင်းဖွင့်တော့လည်း ကျောင်းတက်ဖို့ ပြင်ဆင်ပေးရ၊ ကြိုပို့ရနဲ့ မအားရပါဘူး။ အခန့်မသင့်ရင် စာတောင်ကူကျက်ပေးရသေးတယ်နော်။ အဆိုးဆုံးကတော့ တစ်နွေလုံး ကိုယ့် မျက်စိအောက်မှာရှိနေတဲ့ ကလေးတွေ ကျောင်းတက်နေရတော့ လွမ်းနေရမှာပါ။

ပြီးတော့ စူပါမေမေတွေ ခေါင်းအစားဆုံးကိစ္စကတော့ ထမင်းဗူးကိစ္စပဲပေါ့။ တစ်နေ့တစ်နေ့ ဟင်းမထပ်အောင်၊ ဂျီးများတဲ့ ကိုယ့်ကလေးစားချင်အောင် (မှတ်ချက် – ၉၉%သော ကလေးများသည် ဂျီးများတတ်ကြသည်။)၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လည်စာဖြစ်အောင် အချိန်မှီပြင်ဆင်ပေးရတယ်လေ။

ဒီကြားထဲ ကိုယ့်ကလေးက “မေမေ သမီးသူငယ်ချင်းရဲ့ထမင်းဗူးက မစ်ကီမောက်စ်ပုံလေး ဖော်ထားတာ သမီးထမင်းဗူးကကျ ရိုးရိုးကြီး” ဆိုပြီး နှုတ်ခမ်းလေးဆူပြီးတော့များ ပြောတာကိုကြားရင် ဒီမေမေမှာ မောပြီပေါ့နော်။  

ကလေးပြောတာလည်း ဟုတ်သား။ သူလည်း ထမင်းဗူးလှလှလေး ယူသွားချင်ရှာမှာပေါ့။ အဲတော့ စူပါမေမေတစ်ယောက် ထမင်းဗူးအိုင်ဒီယာလှလှလေးတွ စဉ်းစားရပြီပေါ့။ ဘိုစာ အရမ်းဆန်သွားရင် ကလေး မစားမှာလည်း စိုးရသေးတယ်လေ။ ဒါကြောင့် စူပါမေမေ တွေအတွက် ချစ်စရာကောင်းတဲ့ ထမင်းဗူးလှလှလေးတွေပြင်ဖို့ အသုံးဝင်မယ့် tips လေးတွေ နဲ့ lunchbox idea လေးတွေ share ပေးမယ်နော်။

အရင်ဆုံးစဉ်းစားရမယ့် အချက်တွေကတော့

• အဓိက အာဟာရ အုပ်စု (၃) ခုလုုံးမျှတအောင်ပါရမယ်။ ထမင်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အဆီဓါတ် စသဖြင့် စုံအောင်ထည့်ပေးရမယ်။

• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပစ္စည်းတွေသုံးပေးရမယ်။ (ဟင်းချက်ရာတွင်ပါ၀င်သော ပစ္စည်းများသာမက ထမင်းဘူး၊ ရေဘူး၊ အိုးခွက် စတာတွေပါ ကျန်းမာရေး နှင့်ညီညွတ်တာတွေကို သုံးပေးသင့်ပါတယ်။)

• ၀ယ်ယူရလွယ်ကူသော ပစ္စည်းများကိုသာသုံးပါ။

• ကလေး ကြိုက်တာမျိုးချက်ပါ။

• ကလေးတွေ သဘောကျစွဲလမ်းတဲ့အရာမျိုး၊ ကာတွန်းဇာတ်ကောင်မျိုးကို အခြေခံပြီး idea ယူပါ။

ဒါဆို ကို်ယ့်ကလေး ထမင်းမစားမှာ၊ ထမင်းဗူးမလှမှာ မပူရတော့ဘူးပေါ့နော်။

ကာတွန်းပုံ ထမင်းလုံးလေးတွေလုပ်မယ်။

ဒီနည်းကတော့ ထမင်းကြိုက်သူလေးများအတွက်ပေါ့။

ထမင်းဖြူ၊ ထမင်းဝါ စသဖြင့် ထမင်းလုံးလေးတွေကို ကာတွန်းပုံ၊ ကားပုံ၊ ပန်းပွင့်ပုံ စသဖြင့်ပုံဖော်တာပါ။ မျက်လုံး၊ ပါးစပ်၊ အင်္ကျီ စတာတွေကိုတော့ ကြက်ဥ၊ မုုန်လာဥနီ၊ ရေညှိခြောက်၊ ကြက်အူချောင်း စတာတွေသုံးပြီး ပုံဖော်လို့ရပါတယ်။

ထမင်းကို အရသာအမျိုးမျိုး လုပ်လို့ရပါတယ်။

–    အာလူးထမင်း

–    ထမင်းဝါ ( ထမင်းဖြူ ကို ကြက်သွန်နီနှင့် နံနွင်း ဆီသတ်ပြီးနယ် လို့ရပါတယ်၊ ငါးပုပ်ခြောက်နည်းနည်းထည့်နယ် ရင်ပိုမွှေးပါတယ်)

–    ငါးထမင်း

–    ပဲထမင်း

–    ခရမ်းချဉ်သီးနှစ်ထမင်း စသဖြင့်ပေါ့။

ပြီးရင်တော့ ကိုယ်ဖော်ချင်တဲ့ပုံလေးတွေ ဖော်လို့ရပါပြီ။

Pikachu, rilakkuma, minion, flower, little chicken အစရှိတာလေးတွေက ပုံဖော်ရလွယ်ပါတယ်။ ကြက်ဥပြင် လုပ်ဖို့ကိုတော့ ကြက်ဥကို ဆား၊ ငရုပ်ကောင်းနည်းနည်းထည့်ပါ။ သေချာခေါက်မွှေပြီး ဒယ် အိုးထဲမှာ အချပ်ပါးပါးရအောင် အပူပေးပါ။ ပြီးရင် လိုသလိုညှပ်ပြီး အလှဆင်လို့ရပါပြီ။

၁။ pikachu ထမင်းဗူး

ကြက်ဥထမင်းကြော် (သို့) အာလူးထမင်းနယ်ကို ထမင်းဗူး တစ်ဝက်ထည့်ပါ။ ရေညှိပြား နှင့် မုန်လာဥနီ ကိုသုံးပြီး pikachu မျက်နှာပုံ ဖော်ပေးပါ။ ကျန်ထမင်းဗူး တစ်ဝက်ကို ကြက်အူချောင်းကြော်နဲ့ ကြက်ဥလိပ်ကြော်လေး ထည့်ပေးပါ။ အမြင်လှသလောက် လုပ်ရတာလွယ်ကူတဲ့ ထမင်းဗူးလေးဖြစ်ပါတယ်။

………………………………………………………………………………………………….

၂။ Spaghetti နှင့် sausage ထမင်းဗူး

Sausage ကို တစ်လက်မအရွယ် အတုံးလေးများတုံးပါ။ sausage တစ်တုံးလျှင် spaghetti ချောင်း (၂) ချောင်း၊ (၃) ချောင်း ခန့်ထည့်ပြီး ပြုတ်ပါ။ spaghetti ကျက်ရင် ဆီအနည်းငယ်ဖြင့် ဆား၊ ငရုပ်ကောင်းထည့်ပြီး ပြန်ကြော်ပေးပါ။ ပြီးရင် အပေါ်လေးကနေ နံနံပင်လေးအုပ်ပေးလိုက်ပေါ့နော်။

………………………………………………………………………………………………….

၃။ Meatballs lunchbox

ဒီ ထမင်းဗူးးလေးကတော့ အသားလုံးကြော်လေးတွေနဲ့  ထမင်းလုံးကို ကျားပုံဖော်ထားတာပါ။

ကြက်သား (သို့) ၀က်သားစင်းကော အနည်းငယ်ကို ဆား၊ ပဲငံပြာရည်၊ ကော်မှုန့် အနည်းငယ်နဲ့နယ်ပြီး ကြော်ထားတာပါ။

………………………………………………………………………………………………….

၄။ Kimbap ထမင်းလိပ်

ကိုရီးယားရုပ်ရှင်တွေ ခေတ်စားနေတဲ့အချိန်မှာ ကိုရီးယားထမင်းလိပ်လေးတွေ ပြင်ပေးရင် ကလေးတွေထမင်းပိုစားအောင် ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။ ထမင်းကို ဆား၊ ကြက်သားမှုန့်နဲ့နယ်ပါ။ ဆူရှီလိပ်တဲ့ ဝါးပြားပေါ်မှာ ရေညှိပြားခင်းပါ။ ထမင်းကို ရေညှိပြားပေါ်မှာ ဖြန့်ခင်းပါ။ မုန်လာဥနီ၊ ကြက်ဥလိပ်၊ ကြက်အူချောင်း စသဖြင့် နှစ်သက်ရာဟင်းအမည်ထည့်ပြီးလိပ်နို်င်ပါတယ်။ ထမင်းလိပ်လေးတွေကိုအနေတော်လှီးပြီး ထမင်းဘူးထဲ စီထည့်ရင် ရပါပြီ။

အခုဖော်ပြထားတဲ့ ထမင်းဗူး idea လေးတွေက ပြင်ဆင်ရလွယ်ကူပြီး သားသား၊ မီးမီးတို့ ကြိုက်နှစ်သက် မယ်လို့ ထင်ပါတယ်။ စူပါမေမေတို့လည်း ကလေးတွေကို အပြင်စာ စားမှာမပူရဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထမင်းဗူးးလှလှလေးတွေ ပြင်ပေးလို့ရတော့ အဆင်ပြေတာပေါ့နော်။ တခြား idea လေးတွေရှိရင် လည်း ဒီ post အောက် မှာ comment ပေးပြီး idea လေးတွေဖလှယ်ဖို့ ဖိတ်ခေါ်ပါရစေ။

ဒီလိုချစ်စရာကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် Microwave Safe ဖြစ်တဲ့ (BPA Free) Lock & Lock ထမင်းဘူးလေးတွေကိုတော့ Lock & Lock Showroom များနှင့် နှီးစပ်ရာ Ocean, City Mart, Marketplace ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

–      Y

You may also like

အဖေမပါသော်လည်း အဖေများနေ့ကို ဘယ်လိုဖြတ်သန်းမလဲ? In:Kawi Inspires
0 2 0

အဖေများနေ့၊ အမေများနေ့နဲ့ တခြားသော မိသားစုနဲ့တိုက်ဆိုင်တဲ့နေ့တွေဟာ ကျွန်တော်တို့လို မိသားစုနဲ့အဆင်မပြေ၊ မရင်းနှီးတဲ့သူတွေအတွက်ဆို ဖြတ်သန်းဖို့အရမ်းခက်ခဲတဲ့နေ့တွေပါပဲ။ အမှန်မှာတော့ ကျွန်တော်တို့တွေအများစုရဲ့ မိဘတွေက သက်ရှိထင်ရှားမရှိတော့တာတွေ၊ ခက်ထန်ကြမ်းတမ်းတာတွေ၊ အတူတကွ မနေထိုင်တော့တာတွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အဖေများနေ့ကို ကျွန်တော်တို့ဖြတ်သန်းဖို့ အကြောင်းဖန်လာတဲ့အခါ ကျွန်တော်တို့တွေက ဂရုမစိုက်ဘဲနေလိုက်တာမျိုးတွေ၊ အဖေ့အကြောင်းတွေ ပြန်စဉ်းစားပြီး မကောင်းမြင်နေတာမျိုးတွေ လုပ်မိတတ်ကြပါတယ်။ ကျွန်တော်တို့တွေမှာ ကောင်းမွန်တဲ့ ဖခင်နဲ့သားသမီးဆက်ဆံရေးမရှိတာဟာ ကျွန်တော်တို့ထင်သလို ပြဿနာကြီးကြီးမားမား မဟုတ်တာကြောင့် ရှက်ရွံနေစရာ၊ ဖုံးကွယ်နေစရာမလိုပါဘူး။ အဆုံးမှာတော့ ကျွန်တော်တို့တွေမှာ လူတကာငေးလောက်စရာ ဖခင်နဲ့ဆက်ဆံရေး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်ပိုင်လမ်းကိုလျှောက်လှမ်းရပြီး၊ သင်ခန်းစာတွေကို ကိုယ်တိုင်သင်ယူရမှာပဲလေ။ မိမိ အဖေမပါဘဲ အဖေများနေ့ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတော့ – ၁) ကိုယ့်ကိုယ်ကို ချစ်ပေးပါ။ ဘာကိုမှသေချာဂရုမစိုက်ဘဲ social media မှာ တင်ချင်ရာတင်နေတဲ့ခေတ်ကြီးထဲမှာ ကျွန်တော်တို့တွေဟာ လက်ညှိုးထိုးမလွဲ မြင်တွေ့နေရတဲ့ သူတို့တွေရဲ့အဖေတွေနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း စာတွေ၊ ပုံတွေကနေ လွတ်မြောက်အောင် စွမ်းဆောင်နေကြရပါတယ်။ တခြားကလေးတွေရဲ့နေထိုင်မှုတွေမှာ သူတို့ကို ချစ်ပေး၊ ဂရုစိုက်ပေးတဲ့ အံ့သြစရာကောင်းတဲ့ အဖေတွေရှိသေးတယ်ဆိုတာ သိရတာ ၀မ်းသာစရာကောင်းပေမယ့် ထိုအရာတွေ မြင်ရတာ စိတ်မသက်သာရာ၊ ၀မ်းနည်းရာရောက်တယ်ဆိုရင် ထိုနေ့တွေမှာ တခြားဘာမှတွေးမနေဘဲ ကိုယ့်ကိုကိုယ်သာ ပိုချစ်၊ ပိုဂရုစိုက်ပေးလိုက်ပါ။ ကိုယ်ကြိုက်တဲ့ ကော်ဖီဆိုင်လေးသွားပြီး စာအုပ်လေးဖတ်နေတာမျိုးပဲဖြစ်ဖြစ်၊ တစ်နေကုန် shopping ထွက်လိုက်တာမျိုးပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်တဲ့အရာမျိုးလေးတွေလုပ်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်လိုက်ပါ။ ၂) အကောင်းဘက်ကနေ မြင်ကြည့်လိုက်ပါ။ သင့်အဖေနဲ့ သင့်ကြားမှာ စိတ်ထိခိုက်စရာဆက်ဆံရေးမျိုးရှိနေပြီး နှစ်ယောက်ဟာ စကားမပြောကြတဲ့ ဆက်ဆံရေးမျိုးဖြစ်နေကြတယ်ဆိုရင်တောင် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာမှုတွေကို သင့်အဖေဆီပို့ဖို့ သင်အမြဲရွေးချယ်လို့ရပါတယ်။ ဒေါသတွေ၊ မာနတရားတွေကို မကျေချမ်းပေးနိုင်ဘဲ လက်ကိုင်ထားမယ်ဆိုရင် သင်ကိုယ်တိုင် အဆိပ်တောက်တစ်ခုဖြစ်လာရုံကလွဲပြီး ကျန်တာဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ၃) အဖေ့ရဲ့အမှားတွေဆီကနေ သင်ယူပါ။ ကျွန်တော်တို့တွေဟာ မထင်မှတ်ထားဘဲနဲ့ မိဘတွေဆီကနေ ကောင်းတဲ့အကျင့်တွေ (သို့) မကောင်းတဲ့အကျင့်တွေ အမွေရလာတဲ့အခါ “ငါ ငါ့အဖေအတိုင်းဖြစ်နေပြီ” “ငါ ငါ့အမေလိုဖြစ်နေပြီ” လို့ စိုးရိမ်ပူပန်စွာတွေးတတ်လာကြပါတယ်။ ကောင်းတဲ့အကျင့်တွေရလာရင် ဂုဏ်ယူနေတတ်ကြမှာ မှန်ပေမယ့်၊ မကောင်းတဲ့အကျင့်တွေရလာရင် သူတို့ပုံစံအတိုင်းဖြစ်လာမှာကို ပူပင်ကြပါတယ်။ အဲ့ဒီအခါ ကိုယ့်အဖေလုပ်ခဲ့တဲ့ အမှားတွေကို သေချာပြန်တွေးကြည့်ပြီး သင့်အလှည့်ကျရင်လည်း သင့်ရဲ့ကလေးတွေအပေါ် အဲဒီလိုမပြုမူမိအောင် သတိထားကြည့်ပါ။ သင့်ကလေးတွေကိုလည်း သင်ခံစားခဲ့ရသလို မခံစားစေချင်ဘူးမလား? ၄) ကိုယ့်အတွက် မိဘတွေလို အရေးပါတဲ့သူတွေကို အသိမှတ်ပြုပေးပါ။ အခြေခံအားဖြင့်တော့ အဖေများနေ့ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ တကယ့်အဖေတွေကို ဂုဏ်ပြုတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကို အမေတစ်ယောက်တည်းက ပြုစုပျိုးထောင်ခဲ့တာဖြစ်နိုင်သလို၊  သင့်ရဲ့ချစ်သူကလည်း သင့်အတွက် မိဘလိုရပ်တည်ပေးနိုင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ဆိုတော့ကား အဖေဆိုတဲ့အနက်အဓိပ္ပာယ်က ကိုယ့်သူငယ်ချင်းရဲ့အဖေလို့လည်း ဆိ်ုချင်ဆိုနိုင်သလို၊ ကိုယ့်ရဲ့ဆရာလည်းဖြစ်နိုင်တာကြောင့်  ကိုယ်အနားက ဘယ်သူ့ကိုမဆို တန်ဖိုးထားနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ နူးညံတဲ့အဖေတွေ၊ သူ့ကလေးတွေအတွက် အလုပ်အရမ်းကြိုးစားတဲ့အဖေတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်ဆီမှာ သူတို့လိုမျိုး ကိုယ့်အတွက် အဖေကဏ္ဍ ကနေပါ၀င်ပြီး ချစ်ခြင်းမေတ္တာတွေ မျှဝေပေးနေတဲ့သူတွေအတွက် အဖေများနေ့မှာ ဂုဏ်ပြုပြီး ချစ်ခင်ပေးဖို့ နည်းလမ်းလေးရှာကြည့်ကြည့်ပါလား? ကျွန်တော်တို့တွေမှာ အဖေနဲ့ဆက်ဆံရေးမပြေလည်တာတွေရှိနိုင်ပေမယ့်လည်း ဘဝဆိုတာ သင့်အပေါ်ဘယ်အရာတွေကျရောက်လာသလဲဆိုတာနဲ့မဆုံးဖြတ်နိုင်ပါဘူး၊ သင့်အပေါ်ကျရောက်လာတဲ့အရာတွေကို သင်ဘယ်လိုတုံ့ပြန်သလဲဆိုတာပဲ မူတည်ပါတယ်။ ဟုတ်တယ်မလား?? Reference : https://www.goalcast.com/2019/06/05/how-to-celebrate-fathers-day-without-your-dad/?fbclid=IwAR1MCfUM7wXCI8w9zjjXIVgNKpqT1VbCa6WmAAPJzTI1rr0bPyHiFrggPPE ...

By:Kawi 13/06/2019
လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို သူမသမီးလေးကိုယ်တိုင် ကာကွယ်တတတ်စေဖို့ Super MaMa Thae ကဘာတွေပြောပြခဲ့သလဲ? In: Kawi Inspires, The Fit Slay Queens
0 2 0

“ဖေဖေလည်း ယောကျ်ားလေးပဲလေ” လို့ပြောလာတဲ့ သမီးစကားကို တုန့်ပြန်ဖို့ ကျွန်မဦးနှောက်တွေ ဘာလို့အလုပ်မလုပ်ပါလိမ့် ။ အခုတလောကြားနေရတာတွေက သက်ငယ်မုဒိမ်းမှုတွေ ကလေးငယ်လေးတွေကို sexual abuse လုပ်တဲ့ မှုခင်းတွေများလာပါတယ်။ ဒီသတင်းတွေကြားပြီး မိဘတွေလည်း ကိုယ့်ကလေးကိုယ် ကျောင်းတောင် စိတ်ဖြောင့်လက်ဖြောင့် လွှတ်ဖို့ခက်လာကြပါပြီ။ အထူးသဖြင့် သမီးမိန်းကလေး မွေးထားတဲ့မိဘတွေပေါ့။ အမေနဲ့ အဖေ ယှဉ်လာရင်တောင် မိခင်တွေက ပိုစိတ်ပူတတ်ကြတယ်မလား။ ကျွန်မ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ ယောက်ျားတစ်ယောက်လို သန်မာရင် သန်မာမယ်၊ စီးပွားရေးမှာ ထက်မြက်ရင်ထက်မြက်မယ်၊ တာဝန်ကျေပွန်တဲ့ အိမ်ရှင်မကောင်းဖြစ်ရင်ဖြစ်မယ်၊ သမီးလေးနဲ့ပတ်သက် လာရင် ကျွန်မရဲ့ မာကြောထက်မြက်မှုတွေ ပျောက်ဆုံးရစမြဲပါ။ ဒါကို သမီးလေးသဘောပေါက်ဖို့ အရမ်းစောနေပါသေးတယ်။ ဘာမဆို သမီးလေးအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ မိခင်စိတ်အရ သမီးလေးလိုချင်တာ ဖြည့်ဆည်းပေးချင်လျက်နဲ့ ဖြစ်သင့်တာပဲလုပ်ပေးခဲ့ပါတယ်။ အခုလည်း မှုခင်းသတင်းတွေ ကြားနေရတော့ ကျွန်မ တော်တော်စိတ်ပူမိပါတယ်။ လူတွေကို ခင်တတ်တဲ့ ကျွန်မသမီးလေး မသမာသူတစ်ယောက်ယောက်ရဲ့  အခွင့်အရေးယူတာ မခံရစေချင်ဘူးလေ။ ဒါကို ကာကွယ်ဖို့ဆိုရင် သမီးလေးကိုယ်တိုင် မူမမှန်တဲ့အပြုအမူမျိုးဆိုတာ ဘာလဲဆိုတာသိဖို့လိုပါတယ်။ အစကတော့ သမီးလေးများအရမ်းငယ်နေသေးမလားလို့ တွေးမိပါသေးတယ်။ နောက်ပိုင်းဖြစ်တဲ့့့ဖြစ်ရပ် တွေက နှစ်နှစ်အရွယ်ကလေးတွေပါ ပါလာတော့ သမီးကို ကြိုတင်သတိပေးတဲ့အပြင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာနဲ့ ပတ်သက်ပြီး ပြောပြမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ၁။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြတာ ပထမဆုံး စပြောဖြစ်တာက private parts တွေအကြောင်းပေါ့။ ရင်ဘတ်နဲ့ မိန်းမကိုယ် နေရာတွေကို သမီးလေးသိလားလို့ မေးကြည့်တော့ ရှုရှုးပေါက်တဲ့နေရာတဲ့။ သမီးလေးကို ပြောပြထားတယ် အဲဒီနေရာတွေကို “ရှက်ရှက်” လို့ခေါ်ကြောင်းနဲ့ ဘယ်သူမှလာကိုင်တာ လက်မခံဖို့ပေါ့။ လာထိဖို့ကြိုးစားရင်လည်း ကျွန်မကို ပြန်ပြောဖို့အကြောင်းပေါ့။ စူးစမ်းတတ်တဲ့သမီးလေးက ပြန်မေးတယ် မေမေနဲ့ ဖေဖေရောတဲ့။ ကျွန်မ အကြပ်ရိုက်သွားပါတယ်။ သမီးကို မေမေနဲ့တီတီတို့က ရေခိိျုးသန့်ရှင်းရေးလုပ် ပေးတာကလွဲပြီး မကိုင်မယ့်အကြောင်း ပြောပြဖြစ်ပါတယ်။ နောက်ဆို သမီးကိုယ်တိုင်ပဲ သန့်ရှင်းရေးလုပ်ရ မှာဖြစ်ကြောင်း ပြောထားရတာပေါ့။ …………………………….. ၂။ ယောကျ်ား၊ မိန်းမကွာခြားကြောင်း ဒါကို သမီးကိုရှင်းပြဖို့ ကျွန်မတော်တော် သတိထားလိုက်ရပါတယ်။ ပထမဆုံး အခက်အခဲကတော့ ခုနက သမီးလေးမေးလိုက်တဲ့ ဖေဖေရောဆိုတဲ့ မေးခွန်းပါ။ သမီးလေး သူ့အဖေကို ရှိန်မသွားစေချင်တာလည်း တစ်ကြောင်းပါ ပါတယ်။ ဖေဖေတင်မကဘဲ သမီးအရမ်းခင်တဲ့ ကိုကိုတွေ၊ ဦးဦးတွေပါ ယောကျ်ားလေးတွေ ဖြစ်ကြောင်း ရှင်းပြရပါတယ်။ ကျောင်းမှာ ရွယ်တူသူငယ််ချင်းဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ကြောင်းနဲ့ သူတို့နဲ့ မိန်းကလေးတွေ သဘာဝမတူတဲ့အတွက် အလွန်အမင်း နီးနီးကပ်ကပ် မနေဖို့မှာရပါတယ်။ မှုခင်းတော်တော်များများမှာ ကလေးနဲ့ မြင်ဖူး၊ ရင်းနှီးဖူးတဲ့သူတွေ ကျူးလွန်တတ် တဲ့အတွက်ကြောင့် အခုလိုမှာဖြစ်တာပါ။ အဓိက ကတော့ private area တွေကို လာရောက် အကိုင်တွယ်မခံဖို့ မှာရပါတယ်။ ……………………………. ၃။ မူမမှန်တဲ့အပြုအမူမျိုးကို ရှင်းပြပါ။ အရင်က ကျွန်မနဲ့သမီးလေး ကာတွန်းကားတွေကြည့်လို့ နမ်းတဲ့အခန်းတွေပါလာရင် မျက်စိ မှိတ်လေ့ရှိပါတယ်။ အခုတော့ ကျွန်မနဲ့အတူ ကြည့်ခိုင်းရင်း ပြောပြဖြစ်ပါတယ်။ တစ်ယောက်က သမီးရဲ့ ပါးစပ်ကိုနမ်းတာ သူတို့ပါးစပ်ကို နမ်းခိုင်းတာ၊ သူတို့ ရှက်ရှက်တွေကို ထိခိုင်းတာမျိုးရှိရင် မလုပ်ဖို့နဲ့ ကျွန်မကို ပြန်ပြောဖို့မှာရပါတယ်။ နောက်ပြီး သမီးမသိတဲ့ စကားလုံးတွေသုံးပြီး နေရခက်လောက် အောင်စနောက်ရင် ပြန်ပြောဖို့ လည်းမှာရပါတယ်။ …………………………….. ၄။ လူတွေကိုသတိထားဖို့ မသိတဲ့သူတွေဆီက ကျွေးတာမစားဖို့ မယူဖို့ပြောဖြစ်ပါတယ်။ မေမေခေါ်ခိုင်းတယ် ပြောတိုင်းလည်း လိုက်မသွားဖို့ရောပေါ့။ မေမေခေါ်ခိုင်းရင် စကားဝှက်ပြောခိုင်းလိုက်ဆိုပြီး စကားဝှက်လေးတွေ သင်ထားပေးဖြစ်ပါတယ်။ ……………………………… ၅။ တစ်ခုခုဆို ပြန်ပြောဖို့ ဘာပဲဖြစ်ဖြစ် သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ရင်၊ ထိပါးဖို့ကြိုးစားရင် ဘယ်သူလုပ်လုပ် ပြန်ပြောဖို့ပါ။ သူငယ်ချင်းမိန်ကလေးတွေ ကြုံရရင်လည်း အသိပေးဖို့မှာဖြစ်ပါတယ်။ သမီးလေး နည်းနည်းကြီးလာရင်တော့ ဒီထက်ပိုပြီး မျိုးဆက်ပွားကျန်းမာရေးအကြောင်း ရှင်းပြဖြစ်မှာပါ။ နှစ်အနည်းငယ်မှာပဲ သမီးလေးကို ရာသီသွေးပေါ်တာနဲ့ပတ်သက်ပြီး ပြောပြရတော့မယ်။ နောက်ဆို ဘဝအကြောင်း၊ အိမ်ထောင်ရေးအကြောင်းတွေ ပြောပြရတော့မယ်။ သမီးလေး အသက်ကြီးလာတာနဲ့အမျှ ပြောရမယ့်အကြောင်းအရာတွေ များလာတော့မယ်။ အခုချိန်မှာ သူ့အသိဉာဏ်လေးနဲ့ ကိုယ့်ဘာသာကိုယ် ကာကွယ်တတ်စေချင်တဲ့အတွက် ကျွန်မသိသလောက် မျှှဝေပေးဖြစ်ပါတယ်။ ကလေးတွေအမြင်မှာ မိဘတွေက သူတို့ရဲ့သူရဲကောင်းဖြစ်ချင်ဖြစ်မယ်။ ကျွန်မ သမီးလေးကိုတော့ သူ့ဘဝရဲ့ သူရဲကောင်းကို သူကိုယ်တိုင်ပဲဖြစ်စေချင်တာ ကျွန်မ မမှားဘူးထင်ပါတယ်။ ...

By:Kawi 14/06/2019

Liked

Back to Top