Loading...

Home Kawi Eats Kawi Inspires

Trending

Feed

တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုဆိုတာ ဘာလို့အရေးကြီးတာလဲ??? In:Inspiration/Aspiration/Motivation, Kawi Inspires
1 1 2

အားလုံးပဲ မင်္ဂလာပါ။ အပတ်စဉ် အင်္ဂါနေ့တိုင်းတင်ဆက်ပေးနေတဲ့ Eileen’s Corner ကနေကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ မျှဝေပေးချင်တာက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု ဘာကြောင့်လိုအပ်လဲ? ဘာလို့အရေးကြီးလဲ? ဆိုတဲ့ အကြောင်း Eileen ရေးထားတာလေးကို မျှဝေပေးချင်ပါတယ်။ အဖွဲ့အစည်းမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်၊ မိသားစုမှာဖြစ်ဖြစ် အပြန်အလှန်လေးစားမှုက ဘယ်လိုအရေးပါတဲ့အကြောင်းကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်… ကျွန်မကို အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင် အဖွဲ့သားတွေအချင်းချင်း ဘယ်လိုစည်းလုံးမှုတွေ၊ အခြေခံအုတ်မြစ်တွေတည်ဆောက်ရမလဲဆိုတာမျိုးတွေ မကြာခဏမေးလေ့ရှိကြပါတယ်။ ဒီအကြောင်းအရာလေးထဲမှာတော့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုကိုယ် Professional ကျအောင်ဘယ်လိုနေထိုင်ရမလဲ၊ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းမလဲ၊ အသင်းအဖွဲ့အလိုက် အောင်မြင်မှုတွေရအောင်ဘယ်လိုလုပ်မလဲ၊ Mutual Respect ဆိုတဲ့ အပြန်အလှန်လေးစားမှုတွေဘယ်လိုထားရမလဲ စတဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးထားပါတယ်။ ကျောင်းသားတစ်ယောက်က ကျွန်မကိုမေးလာပါတယ်။ အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင် အဖွဲ့သားတွေအချင်းချင်း ဘယ်လိုစည်းလုံးမှုတွေ အခြေခံအုတ်မြစ်တွေတည်ဆောက်ရမလဲဆိုတာကိုပေါ့။ ကျွန်မရဲ့အမြင်ကိုပြောရရင်တော့ အလုပ်မှာပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ဆက်ဆံရေးတစ်ခုမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး လေးစားမှုဟာအရမ်း အရေးပါတယ်လို့မြင်ပါတယ်။ အဲ့ဒီလူဟာ ကိုယ်နဲ့၃နှစ်ကြာ သူငယ်ချင်းဖြစ်ခဲ့တဲ့လူဖြစ်နိုင်တယ်၊ ကိုယ်နဲ့ပေါတောတော စလိုက်နောက်လိုက် လုပ်လေ့ရှိတဲ့လူ ဖြစ်နိုင်တယ်၊ ကိုယ့်ထက်အများကြီးငယ်တဲ့လူဖြစ်နိုင်တယ်။ ဒါပေမဲ့ အလုပ်ဆိုတာနဲ့ အဲ့ဒီအရာတွေကို ခဏဘေးဖယ်ထားပြီး တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုတဲ့အခါမှာ အချင်းချင်းလေးစားမှုလေးနဲ့ ဆက်ဆံဖို့လိုပါတယ်။ အလုပ်ကအလုပ်၊ ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေး သက်သက်ပါ။ ရှင်းပါတယ်။ ကျွန်မအလုပ်မှာ ဒီအကြောင်းအရာနဲ့ဆိုင်တဲ့ အဖြစ်အပျက်လေးတွေမကြာခဏဆိုသလိုတွေ့ရပါတယ်။ ဥပမာ…အစည်းအဝေးတစ်ခုမှာ တစ်ယောက်က အားတက်သရော နဲ့လေးနက်စွာဆွေးနွေးနေတဲ့အချိန်မှာ အဖွဲ့ထဲက တစ်ယောက်က ကောင်းကောင်းနားမထောင်ဘဲ ကလေးတွေလိုမျိုးလျှောက်နောက်နေတာမျိုး ဒါမှမဟုတ် သူတို့ရဲ့အလုပ်၊တာဝန်သာ အရေးအကြီးဆုံးလို့မှတ်ယူပြီး သူတို့ပြောချင်တာကိုသာရှေ့တန်းတင်ပြောပြီး တခြားလူပြောတာတွေကိုနားမထောင်တာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးတွေဟာ အဖွဲ့တစ်ခုလုံးရဲ့စိတ်ဓာတ်ကိုပျက်ပြားစေပြီး အသင်းအဖွဲ့တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုသာမကပဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကိုပါ နှောင့်နှေးစေပါတယ်။ ကျွန်မက ဆရာမကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မမှာ ဘဝကပေးတဲ့ သင်ခန်းစာတွေ၊အတွေ့အကြုံတွေ၊ ခက်ခဲမှုတွေကို နှစ်ပေါင်းများစွာ ကျွန်မကိုယ်တိုင်ဖြတ်သန်းကျော်လွှားခဲ့ပါတယ်။ (နှစ်ပေါင်းများစွာ ဆိုလို့ ကျွန်မက အသက်ကြီးနေပြီလို့ပြောတာမဟုတ်ဘူးနော်! နှစ်ပေါင်းများစွာဖြတ်သန်းပြီးတာတောင်မှ ကျွန်မကအရမ်းငယ်သေးတယ်လေ 😝😝😝LOLOLOL) ကျွန်မရဲ့အတွေ့အကြုံတွေအရပြောရရင်တော့ အခြေခံအုတ်မြစ်ကောင်းကောင်းနဲ့ စည်းလုံးညီညွှတ်ပြီး အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ချင်ရင်တော့ အဖွဲ့ဝင်တိုင်းဟာ… ၁။ ပထမကတော့ professional ဆန်တဲ့အပြုအမှုဆိုတာဘာလဲဆိုတာကို နားလည်ရမယ်။ ဒုတိယကတော့ သူတို့ professionalism ဆိုတာကို ကောင်းစွာနားလည်သဘောပေါက်ပြီးရင် professional တစ်ယောက်လိုပြုမူလာလိမ့်မယ်( တကယ်ပါ… အလုပ်မှာ ကျွန်မကလေးတစ်ယောက်လို ဝုန်းတိုင်းကြဲပြီးလုပ်ချင်ရာလုပ်သွားချင်စိတ်က ခဏခဏပေါ်ချက်ပဲ! ဒါပေမဲ့ကျွန်မ မလုပ်ခဲ့ပါဘူး…ဒါဟာ professional တစ်ယောက်လိုမျိုးပြုမူတာပါ၊ ကျွန်မရဲ့စိတ်ကူးထဲမှာတော့ သောင်းကြမ်းပစ်ခဲ့တာပေါ့) ၂။ ကောင်းမွန်စွာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံပါ။ ကျွန်မရဲ့တစ်ကိုယ်ထဲအမြင်ကတော့ မြန်မာနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့နေရာမှာ ကြီးမားတဲ့ ပြဿနာတစ်ခုရှိတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ပြောဆိုဆက်သွယ်တဲ့အချိန်မှာ ရှင်းလင်းပြတ်သားတိကျမှုမရှိလို့ပါ။ အသေးစိတ်ကိုထည့်မပြောကြဘူးလေ။ အရာရာကို သေချာရှင်းလင်းအောင်မလုပ်… သေချာအောင်မလုပ်ကြဘူးလေ။ ယူဆချက်တွေများစွာနဲ့ပဲ အလုပ်လုပ်ကြတယ်။ တစ်ဖက်မှာတော့ ဆက်သွယ်ပြောဆိုရာမှာအရမ်းအပြောလွန်ပြီး တစ်ခြားလူကိုရှုပ်ထွေးမှုတွေဖြစ်စေတတ်တယ်။ အဖွဲ့သားတွေအကုန် တစ်နေရာတည်း ရောက်နေစေချင်ရင်တော့ ဒီပြောဆိုဆက်သွယ်မှုဆိုတဲ့ communication ကိုလေ့လာသင်ယူတတ်မြောက်ရမှာကတော့ အဓိကပါပဲ။ ၃။ ကျွန်မ SoyAi ဆိုတဲ့ လုပ်ငန်းစစချင်းတုန်းက ပြဿနာတွေအများကြီးရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့သူတို့က အချင်းချင်းလုံးဝကို ပြောဆိုဆက်သွယ်မှု မလုပ်ကြဘူး၊ အချင်းချင်းသူငယ်ချင်းတွေဖြစ်တော့ ပြောဖို့ဆိုဖို့အားနာကြတယ်လေ… ဒီတိုင်းဘာမှမပြောဘဲနေကြတယ်။ အဲ့တော့အဖွဲ့က ရင်းနှီးမှုတွေလည်းမရှိတော့ဘူးပေါ့။ တကယ်တမ်းပြောရင် သူတို့အတူတူနေခဲ့တာတောင်မှ စိတ်ချင်းကတော့ အဝေးကြီးဆိုသလိုဖြစ်ခဲ့ပါတယ်။ အသင်းအဖွဲ့ team ဆိုတာဘယ်လိုမျိုးလဲ? “You start as a team, you die as a team.” အသင်းအဖွဲ့အနေနဲ့စခဲ့ရင် အသင်းအဖွဲ့အနေနဲ့ပဲ ကုန်ဆုံးရမယ်တဲ့။ တစ်ဦးနဲ့တစ်ဦး လေးစားမှု၊ ကောင်းမွန်ပွင့်လင်းစွာပြောဆိုဆက်ဆံမှု နဲ့မျှဝေမှုတွေဟာ အသင်းအဖွဲ့တိုင်းရဲ့ တိုးတက်ကြီးထွားမှု အခြေခံအုတ်မြစ်တွေကို တည်ဆောက်ဖို့မရှိမဖြစ်လိုအပ်တာတွေပါပဲ။ There is no “I” in TEAM. အသင်းအဖွဲ့မှာ “I” (ငါ) ဆိုတဲ့ စကားလုံးမရှိပါဘူး။ အဖွဲ့လိုက် (We) ဆိုတာပဲရှိပါတယ်။ အဖွဲ့လိုက် တိုးတက်ကြီးထွားတယ်… အဖွဲ့လိုက်အောင်မြင်မှုတွေရယူတယ်…အဖွဲ့လိုက် ရင့်ကျက်တယ်… ကျွန်မတို့ရဲ့အသင်းအဖွဲ့တွေမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု ဓလေ့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အဖွဲ့မှာတင် မဟုတ်ပါဘူး… ကျွန်မတို့နေ့စဉ်ပြုမူနေထိုင်မှုတိုင်းမှာပါ ကျင့်သုံးသင့်ပါတယ်။  ဒါကတော့ Eileen မျှဝေပေးသွားတဲ့ အပြန်အလှန် လေးစားမှုအကြောင်းပဲ ဖြစ်ပါတယ်။ သင်တို့ရော ဘယ်လိုမျိုး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုထားကြလဲဆိုတာ အတွေ့အကြုံလေးတွေရှိရင် မျှဝေခဲ့ကြဦးနော်… ...

By:Kawi 05/08/2019
စချော့တယ်ဆိုတာပိုချစ်လို့ပါ In:Kawi Inspires, relationship
1 1 0

အိမ်ထောင်သက်တမ်းကြာတဲ့လူတွေ၊ အရမ်းကိုရင့်ကျက်ပြီးစိတ်ထားတတ်တဲ့ သူတွေတော့ ဘယ်လိုနေလဲမသိဘူး။ အတွဲတော်တော်များများမှာတော့ ရန်ဖြစ်ပြီ၊ စိတ်ကောက်ပြီဆိုရင် အတော်ကိုနေရခက်တာပါ။ ရန်ဖြစ်တာကတော်သေးတယ် … ဘာကိုကောက်မှန်းမသိ ကောက်နေပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူးလေ။ ဒီလိုမျိုးအခြေအနေမှာ စိတ်ကောက်နေတဲ့ချစ်သူကို သူဘာသူစိတ်ပြေတဲ့အထိ ထားသင့်လား ကိုယ်ပဲစချော့ရမှာလားဆိုတာ ပြဿနာပါ။ မိန်းကလေးတွေ… အဲ မိန်းကလေးတွေက စိတ်ကောက်တတ်တာပိုများတယ်လို့ ကျွန်တော်ထင်လို့ပါ။ တကယ်က ယောက်ျားလေးတွေလည်း ကောက်တတ်ပါတယ်။ ကွျွန်တော်တို့က စိတ်ကောက်ပြရမှာရှက်တယ်လေ။ ပြီးတော့ မိန်းကလေးတွေက သူတိို့သာစိတ်ကောက်ကြတာ … ကျွန်တော်တို့ကောက်ရင်ကျ မသိချင်ယောင်ဆောင်နေကြတယ်ဗျ။ လူလည်တွေ။ Relationship တစ်ခုမှာ တစ်ယောက်ယောက်ကစိတ်ကောက်နေပြီဆို ကတည်းက အထစ်အငေါ့ဖြစ်သွားတာပါ။ ဘယ်သူမှ စိတ်ဖြောင့်ဖြောင့်မနေနိုင်ဘူးလေ။ စိတ်ကောက်နေတဲ့သူကလည်း ကျိတ်ကောက်၊ တစ်ဘက်လူကလည်း နေမရထိုင်မရ။ ဒီမှာ ကျွန်တော်ပြောချင်တာကတော့ ဘယ်အရာမှ အစွန်းရောက်တာမကောင်းပါဘူးဆိုတာပါ။  ယောက်ျားလေးတွေတော်တော်များများက စချော့လေ့ရှိကြတယ်။ ဖုန်းစဆက်တယ်၊ စခေါ်တယ် ဆိုတာမျိုးပေါ့။ ခက်တာကမိန်းကလေးတွေက အဲဒါကိုချော့တယ်လို့ မမြင်ကြဘူးလေ။ ၁။ တစ်ဖက်လူရဲ့အားထုတ်မှုကို အသိအမှတ်ပြုပေးပါ။ လူတွေက အသည်းအသန်တောင်းပန်တာ … လိုက်ချော့တာမျိုးကိုမှချော့တယ်ထင်ကြလို့ပါ။ တကယ်က တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲနေတဲ့ အခြေအနေမှာ တစ်ယောက်ယောက်က စခေါ်တယ်ဆိုရင် ဒါဟာ သူ့မာနကို ခဏဘေးဖယ်လိုက်တာပါ။ ဒါကိုတစ်ဖက်လူက တန်ဖိုးထားတတ်ဖို့လိုပါတယ်။ ကောင်လေးက စခေါ်တဲ့အချိန်မှာ ကောင်မလေးကသာ အကြီးအကျယ်ဆက်စိတ်ကောက်နေမယ်၊ သေချာလည်း ဖြေရှင်းတာမျိုးမရှိဘူး ဆိုရင်သေချာပါတယ်။ ရေရှည်မှာမကောင်းပါဘူး။ တစ်ဖက်လူက ကိုယ့်ကိုဖြေရှင်းဖို့ကြိုးစားနေတယ်… ကိုယ်စိတ်ညစ်နေမှာသူမမြင်ချင်လို့၊ ကိုယ့်ကိုသတိရလို့ စခေါ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း အသိအမှတ်ပြုဖို့လိုပါတယ်။  ၂။ အကြောင်းရင်းကို အတူဖြေရှင်းပါ။ စိတ်မပြေချင်ဘူးဆိုရင်တောင် တစ်ဖက်လူကို ကိုယ်ဘာလို့စိတ်ဆိုးနေလည်းဆိုတာ ပြောပြပြီး သူ့ကိုဖြေရှင်းခွင့်တော့ ပေးသင့်ပါတယ်။ လူတိုင်းက ချစ်လို့အရှုံးပေးတာပဲရှိပါတယ် … ဒါကို ဆက်တိုက်အနိုင်ယူနေမယ်ဆိုရင်တော့ လူတိုင်းမှာ သည်းခံတဲ့ limit ဆိုတာရှိတယ်လေနော်။ ကျွန်တော်ကတော့ ကျွန်တော့်ကောင်မလေး စိတ်ကောက်သွားရင် အရင်စခေါ်လေ့ ရှိတယ်။ မိ်န်းကလေးတွေက အားငယ်တတ်ကြတယ်ထင်တာရယ်၊ သူတစ်ယောက်တည်း စိတ်ညစ်နေတာမဖြစ်စေချင်လို့ပါ။နောက်တစ်ချက်က ကျွန်တော်တို့အတူ တိုင်ပင်ဖြေရှင်းလို့ရတဲ့ ကိစ္စတွေကို silent war နဲ့အဆုံးမသတ်စေချင်လို့ပါ။ ဒါဆိုရင် မချော့ပဲထားလိုက်ရင်ရော… ?“If our love is insanity, why are you my clarity?” ဆိုတဲ့ Zedd နဲ့ fox ရဲ့  clarity ဆိုတဲ့သီချင်းကို သိကြမလားမသိဘူး။ ကျွန်တော်ကတော့ အဲဒီသီချင်းရဲ့ chorus  ပိုဒ်လေးကိုကြားတိုင်းပြုံးမိတယ်။ အဲဒီ သီချင်းစာသားလိုပါပဲ …. ဒီလူနဲ့ အဆင်မပြေလို့ ကျွန်တော်စိတ်အနှောက်အယှက်ဖြစ်နေရင် ဒီလူနဲ့ အဆင်ပြေမှပဲ ကျွန်တော့်စိတ်က ကြည်လင်မှာမို့လို့ပါ။ ဒီလိုနဲဲ့ပဲ သူကျွန်တော့်ကိုစိတ်ကောက်ရင် ကျွန်တော်ပဲစခေါ်လေ့ရှိတယ်။ ဒါ ချော့တာမဟုတ်ဘူးလို့ သူထင်ရင်ထင်နေမယ်။ တစ်ရက်တော့သူပြောလာလို့ ကျွန်တော်ပြန်ပြောလိုက်တယ် … “မင်းတောင်စခေါ်နို်င်လို့လား”လို့။ သူခဏငြိမ်သွားတယ်။ ကျွန်တော်ဆက်ပြောလိုက်တယ် “မင်းမလုပ်နို်င်တဲ့ အရာကိုကိုယ်အမြဲလုပ်နေတယ်ဆိုတာ မမေ့ပါနဲ့”လို့။  တကယ်တော့ ဘဝကရှင်းရှင်းလေးပါ။ လူတိုင်းမှာမာန ရှိပါတယ် … ဒါပေမယ့် သတိရတယ်မလား … စခေါ်လိုက်ပါ ကိုယ်မှားနေရင် တောင်းပန်ဖို့ဝန်မလေးပါနဲ့ ကိုယ်ချစ်တဲ့သူကို တန်ဖိုးထားပါ…. ဒီလောက်ဆိုရင်ရပြီပေါ့ဗျာ။ -Remy ...

By:Kawi 02/08/2019
ကိုယ့်အိမ်ရှင်းရင်ပြီးရောဆိုပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့လူတွေထဲမှာ သင်ပါနေပြီလား??? In:Kawi Inspires, Others
0 2 0

တစ်ခါတလေမှာ ကျွန်တော်တို့သတိမထားမိဘဲ ကိုယ့်အိမ်ရှင်းရင်ပြီးရောဆိုပြီး အမှိုက်တွေ၊ သုံးပြီးသားပလတ်စတစ်တွေကို အလွယ်တကူပဲ စွန့်ပစ်လိုက်မိတာမျိုးတွေ ရှိပါတယ်။ တစ်ကြိမ်၊၊နှစ်ကြိမ်စွန့်ပစ်မိတာက စပြီး သတိမထားမိတဲ့ အချိန်ခဏအတွင်းမှာ စွန့်ပစ်မိတဲ့ အကြိမ်တွေများလာလေလေ မိမိပတ်ဝန်းကျင်က ကျန်းမာရေးနဲ့ မညီညွတ်လာလေလေ ပါပဲ။ ဒီလို ညစ်ပတ်လာတဲ့ ပတ်ဝန်းကျင်ကနေတဆင့် နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး မိမိအိမ်ကို တစ်ဖန်ပြန်လည် သက်ရောက်လာနိုင်ပါတယ်။ ဒီလို ပတ်ဝန်းကျင်မှာ ပလတ်စတစ်အမှိုက်တွေ အလွယ်တကူ စွန့်ပစ်မယ့်အစား ပြန်လည်အသုံးပြုလိုု့ရတာတွေကို ပြန်သုံးပြီး၊ စွန့်ပစ်သင့်တာတွေကို စနစ်တကျ သေချာစွန့်ပစ်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။ ဘာလို့လဲဆိုတော့ သင်နေထိုင်ရာ ပတ်ဝန်းကျင်က သင့်အိမ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေလို့ပါပဲ။ #TooMuchPlastic ...

By:Kawi 01/08/2019
ဘဝမှာတစ်ယောက်တည်း အားငယ်နေရင်တောင်ခြေလှမ်းတွေမရပ်တန့်လိုက်ပါနဲ့။ In:Kawi Inspires, The Fit Slay Queens
1 3 0

“ဖတ်…ဖတ်….ဖတ်….ဖတ်”  အချိန်ကမနက်  ၅ နာရီ။ လမ်းမအလယ်မှာ ခိုင့် ခြေလှမ်းသံက စည်းချက်မှန်မှန်ထွက်နေတယ်။ ညအမှောင်မပြယ်သေးပေမယ့် လမ်းမီးတွေကြောင့် လမ်းမကြီးကလင်းနေလို့ တော်သေးတယ်ဆိုပြီး တွေးနေမိတယ်။  ဒီနှစ်တော့ 42km ပြေးဖြစ်တယ်။   ဒီ၂၀၁၉ ရိုးမမာရသွန်ပွဲ က ခိုင့်ရဲ့ ၈ ကြိမ်မြောက် အပြေးပြိုင်ပွဲပါ။ 42km ပြေးဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ ၂၆မိုင် အကွာအဝေးကိုပြေးဖို့ဆိုတာ လွန်ခဲ့တဲ့ ၆နှစ်က အိပ်မက်တောင် မမက်ဖူးတဲ့ကိစ္စပါ။ ဒါပေမယ့် အခုတော့ 42km ပြေးလမ်းမပေါ်ရောက်နေပြီ။ အသက်ကိုမှန်မှန်ရှုရင်း ပုံမှန်ပြေးနှုန်းထက် နည်းနည်းပိုမြန်ထားလိုက်တယ်။ ဒါမှ ကြာလာတဲ့အခါ အရှိန်ကျမှာနဲ့ဆိုတော့ အတော်ဖြစ်မှာ။ ဖြည်းဖြည်းနဲ့မှန်မှန်ပြေးနေရင်း ပထမဆုံးစပြေးတဲ့ အချိန်ကိုပြန်မြင်ယောင်လာမိတယ်။ အဲဒီတုန်းက ၂၀၁၄ ခုနှစ် House Surgeon ဆင်းနေတုန်း။ အဲဒီအချိန်တုန်းက ပြေးတယ်ဆိုတာ၊ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကိုယ်နဲ့ ဝေးနေသေးတယ်ပေါ့။ သူငယ်ချင်းတွေအဆွယ်ကောင်းတော့ ၂၀၁၄ KBZ Music Run ဝင်ပြေးဖြစ်တယ်။ ပထမဆုံးပြေးတဲ့ပွဲပေမယ့် သူငယ်ချင်းတွေအများကြီးပါတာရော အေးအေးဆေးဆေးပြေးနေတာရော ဆိုတော့ သိပ်မထူးခြားခဲ့ဘူး။ နောက်နှစ်မှာ သူငယ်ချင်းတွေနဲ့အတူတူ ရိုးမမာရသွန်မှာ 21km ကို စာရင်းသွင်းပြီး ဝင်ပြိုင်ဖြစ်ခဲ့တယ်။ တကယ့် ပြိုင်ပွဲနေ့ကျတော့ အချိန်မှားပြီး ရောက်သွားခဲ့လို့ 10km တန်းကိုပဲ ပန်းဝင်အောင် ပြေးဖြစ်ခဲ့တယ်။ 10km ကို ပထမဦးဆုံး ပြေးဖူးတာလည်းဖြစ်တဲ့အပြင် ပြိုင်ပွဲမဝင်ခင် training တွေ လုပ်ရကောင်းမှန်းလည်း မသိခဲ့တဲ့အတွက် ပြေးတဲ့အချိန်မှာ အရမ်းကို ခက်ခဲပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် အချိန်မီ ပန်းဝင်သွားတဲ့အချိန်မှာ နာကျင်တာတွေ ပင်ပန်းတာတွေ ဘယ်ပျောက်သွားမှန်းမသိလောက်အောင် ပျောက်သွားပြီး ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ ကိုယ့်အတွက် ခက်ခဲတဲ့အရာတစ်ခုကို ဘာပဲဖြစ်နေဖြစ်နေ ရအောင် ကြိုးစားပြီး ပင်ပန်းခက်ခဲတဲ့ကြားက ပန်းဝင်သွားတဲ့အချိန်မှာ ရရှိခဲ့တဲ့ ဝမ်းသာပျော်ရွှင်တဲ့ ခံစားချက်ကို ကြိုက်သွားတဲ့အတွက် နောက်နှစ်တွေမှာလည်း ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထက်ပိုပြီး စနစ်တကျ training တွေ ပြင်ဆင်ပြီး ပိုကောင်းတဲ့ result ရအောင် ယှဉ်ပြိုင်မယ်ဆိုပြီးတော့ပေ့ါ။  မှတ်မှတ်ရရ ၂၀၁၆ ခုနှစ်ပေါ့။ တခြားသူငယ်ချင်းတွေလည်း မပါဘူး။ အဲဒီတုန်းက ကိုယ်နဲ့အတူတူ လိုက်ပြေးပေးမယ့် အဖော်လည်း မရှိခဲ့ဘူး။ ဒါပေမယ့် ငါရအောင်ပြေးမယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီး 21km ကို ဝင်ပြေးဖြစ်ခဲ့ပါတယ်။ မပြေးခင်တစ်ရက်က ဘယ်ဘက်ဒူးမှာ ဒဏ်ရာရသွားခဲ့တဲ့အတွက် 5km လောက်လည်းရောက်ရော ဒဏ်ရာရထားတဲ့ ဘယ်ဘက်ဒူးက စနာလာပါတယ်။ အားငယ်နေတဲ့စိတ်တောင် ဘယ်ရောက်သွားလဲမသိတော့ဘူး။ အဲဒီအချိန်မှာ အိတ်ထဲမှာ လိုရမယ်ရ ယူလာတဲ့ ပိုက်ဆံလေးပါတယ်။ ငါအဆုံးထိ မပြေးဘဲနဲ့ taxi ငှားပြီးပြန်သွားရင်ကောင်းမလားပေါ့လေ။ ဒါပေမယ့် ကိုယ့်စိတ်က လက်မခံခဲ့ဘူး။  ဘာကြီးပဲဖြစ်နေဖြစ်နေ ငါရအောင်ပြေးမယ်ဆိုတဲ့စိတ်နဲ့ 21km ကို ပန်းဝင်အောင်ပြေးခဲ့တယ်။ အမြန်ကြီးမဟုတ်ပေမယ့်လည်း ပန်းဝင်ရမယ့် အချိန်အတွင်း ပန်းဝင်နိုင်ခဲ့ပါတယ်။ အဲဒီ ခြေထောက်စနာတဲ့အချိန်က စပြီးပြေးတဲ့လမ်းတစ်လျှောက်ကတော့ တကယ့်ကိုအမှတ်တရပါပဲ။ ကျန်တဲ့ခရီးတစ်ဝက်မှာ ကိုယ့်ကိုကိုယ် အားမရခဲ့တာတွေ ပျော့ညံ့တယ်ထင်ခဲ့မိတာတွေ မှားတယ်ထင်မိတာတွေ မရှိတော့တာခံစားမိလာတယ်။ ငါရှေ့လျှှောက်ဘယ်လို ပြေးရမယ်ဆိုတာပဲ အာရုံစိုက်ပြီး တွေးနေမိတယ်။ တစ်ယောက်ထဲပြေးနေရပေမယ့် အဓိပ္ပါယ်အများကြီးရှိလာတယ်။ ပန်းဝင်တဲ့စည်းကို ဖြတ်လိုက်တဲ့အချိန်မှာပဲသေချာသွားတယ်။  ဟုတ်တယ်။ ငါပြေးတာကိုကြိုက်တယ်။ ငါ့အတွက်ပဲငါပြေးတော့မယ်။ ပြိုင်ပွဲပြီးတော်တော်ကြာတဲ့အထိ ဒဏ်ဖြစ်ထားတဲ့ ခြေထောက်က နာနေခဲ့ပါတယ်။ အဲဒီအတွက် ခဏနားလို်က်ရပေမယ့် ခြေထောက်နာတာပျောက်ပျောက်ချင်း သွားနေကျ၊ လုပ်နေကျအတိုင်း gym ပြန်သွားပြီး အားကစား ပြန်လုပ်ဖြစ်တယ်။ နောက်နှစ်တွေမှာလည်း အပြေးပြိုင်ပွဲတိုင်းမှာ အခြေအနေ ပေးရင်ပေးသလို ဝင်ပြိုင်ဖြစ်ခဲ့တယ်။ အတူတူအပြေးလေ့ကျင့်တဲ့သူငယ်ချင်းကောင်းတွေလည်း အများကြီးရခဲ့တယ်။ သူများတွေနဲ့ အတူလေ့ကျင့်ရင်း သင်ယူစရာတွေကတော့ အများကြီးပါပဲ။ သက်လုံကောင်းဖို့လေ့ကျင့်နည်းတွေ၊ ပုံမှန်အရှိန်ကိုထိန်းနိုင်ဖို့ ပြေးနည်းတွေ စတဲ့ tips မျိုးစုံကို သူတို့ကသင်ပေးခဲ့တယ်လေ။ အဖိုးတန်ဆုံး သင်ခန်းစာကတော့ တစ်ယောက်ကိုတစ်ယောက် knowledge ပဲဖြစ်ဖြစ် share တာ၊ ကူညီပေးတာတွေ၊ အတူတူပန်းဝင်တာတွေဟာ ပန်းဝင်ပြီး ရခဲ့တဲ့ဆုတံဆိပ်တွေထက် အများကြီးပိုတယ် ဆိုတာပါပဲ။ ဒီအတွက် မိုးရွာရွာနေပူပူ အတူတူပြေးခဲ့ကြတဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ၂၀၁၆ မှာ Pocari Sweats Run မှာ 10km နဲ့ ရိုးမမာရသွန်မှာ 21km ကို ဝင်ပြေးဖြစ်ခဲ့တယ်။ ၂၀၁ရ မှာ 100PLUS ရဲ့  10km ကို ဝင်ပြေးဖြစ်ခဲ့တယ်။ ၂၀၁၈ မှာတော့ MPU Peace Marathon Run 21km ကို ဝင်ပြေးဖြစ်ခဲ့တယ်။ မဖြစ်နိုင်ဘူးဆိုတဲ့စကားကို သိပ်မယုံတော့ဘူး။ ၅ နှစ်တာပြေးခဲ့တဲ့ အတွေ့အကြုံ၊ ပုံမှန်လေ့ကျင့်မှုတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေပါ ပေးနိုင်ခဲ့တယ်။  ၂၀၁၉ ကတော့ အရေးကြီးတဲ့နှစ်လို့ပြောရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ 42km Full Marathon ပြေးဖို့ ဆုံးဖြတ်ခဲ့လို့ပါပဲ။ ကိုယ့်ကိုကိုယ် စိန်ခေါ်ကြည့်ဖို့စဉ်းစားမိတဲ့အပြင် 42km Full Marathon ပြေးဖို့ဆိုတာ အပြေးသမားတွေရဲ့ အိပ်မက်ဖြစ်လို့ပါ။ ပြေးနိုင်ပါ့မလားလို့ ချီတုံချတုံဖြစ်နေတဲ့ကြားကပဲ Coach Eileen နဲ့သူငယ်ချင်းတွေအားပေးစကားနဲ့ပဲ 42km ပြေးလမ်းပေါ်ရောက်နေပြီလေ။ ထင်တဲ့အတိုင်းပဲ။ အခုနေကလည်းမြင့်လာပြီ၊ ပူကလည်းပူ ခြေထောက်ကလည်းနာနဲ့ ခရီးတော့တစ်ဝက်ကျော်လာပြီ။  ဒီတစ်ခါတော့ taxi ငှားစီးဖို့ပိုက်ဆံဆောင်မလာတော့ဘူး။ တစ်ယောက်တည်းပြေးနေရတယ်လို့လည်း အားမငယ်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ပန်းတိုင်မှာ စောင့်ကြိုနေမယ့် မိတ်ဆွေသူငယ်ချင်းတွေရှိတယ်ဆိုတာ ယုံကြည်လို့ပါ။  ဒါကြောင့် ဘဝမှာတစ်ယောက်တည်း အားငယ်နေရင်တောင်ခြေလှမ်းတွေမရပ်တန့်လိုက်ပါနဲ့။ ကဲ… The Fit Slay Queens အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ခိုင်ကတော့ သူမ စပြေးဖြစ်ခဲ့ပုံကို story လေးနဲ့ပြောပြထားပါတယ်။ ဇာတ်လမ်းထဲမှာမပါတာကတော့ ခိုင်တစ်ယောက် Yoma Marathon 2019 မှာ 42km ကိုစံချိန်ကောင်းနဲ့ ပန်းဝင်အောင်ပြေးခဲ့ကြောင်း နဲ့ သူ့ Coach နဲ့ သူငယ်ချင်းတွေက သူ့အတွက်အရမ်းကို ဂုဏ်ယူနေကြောင်းပါပဲ။  သူပြောလေ့ရှိတာကတော့ သူလက်လျှှော့မယ်စဉ်းစားမိလိုက်တာက သူရှေ့ ဆက်လျှောက်ဖို့ ခွန်အားပါပဲတဲ့။ ...

By:Kawi 01/08/2019
အချစ်၊ relationship နဲ့ပတ်သက်ပြီး သင်လုံးဝမထင်မှတ်ထားလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များ In:Kawi Inspires, relationship
4 5 1

လုံးဝ မထင်ထားတာတွေနော်…  ၁။ လူတွေက သူတို့ကိုပစ်သွားတဲ့လူ၊ သူတို့အပေါ်ရက်စက်တတ်တဲ့လူတွေကိုမှ ပိုပြီးတန်းတန်းစွဲဖြစ်တတ်ကြပါတယ်။ ၂။ အမျိုးသမီးအများစုဟာ ရိုးသားတဲ့ ဒါမှမဟုတ် ဟာသဉာဏ်ရွှင်တဲ့ ယောက်ျားလေးတွေကိုပိုပြီးနှစ်သက်ကြပါတယ်။ ၃။ သင်ချစ်ရတဲ့လူတစ်ယောက်ရဲ့ လက်ကိုကိုင်ထားခြင်း၊ တွဲထားခြင်းက stress နဲ့ အကြောက်တရားတွေကို လျော့ကျစေနိုင်ပါတယ်။ ၄။ ချစ်သူနှစ်ဦးအချင်းချင်း မျက်လုံးချင်းဆုံပြီး ကြည့်တဲ့အခါ သူတို့ရဲ့ နှလုံးခုန်နှုန်းကလည်း အတူတူဖြစ်လာပါတယ်။ ၅။ သူစိမ်းတစ်ယောက်ရဲ့ မျက်လုံးကိုသေချာစိုက်ကြည့်မယ်ဆိုရင် သူနဲ့ ချစ်ကျွမ်းဝင်သွားနိုင်ပါတယ်တဲ့။ ၆။ IQ နိမ့်တဲ့ ယောက်ျားတွေအများစုကသာ ဖောက်ပြန်တတ်ကြတာပါ။ ၇။ အသက်၂၀ကျော်အရွယ် ယောကျ်ားလေးအများစုက ချစ်သူရည်းစားနဲ့ ပြတ်သွားတဲ့အခါ မိန်းကလေးတွေထက်ပိုပြီး စိတ်ခံစားလွယ်ကြပါတယ်တဲ့။ ၈။ ပွေ့ဖက်ခြင်းက အကိုက်အခဲပျောက်ဆေးသောက်လိုက်သလိုပဲ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ၉။ လူတစ်ယောက်က အချိန် (၂) မိနစ်နဲ့ (၄) မိနစ်အတွင်းမှာတင် တခြားလူတစ်ယောက်ကို သဘောကျသွားနိုင်ပါတယ်။ ၁၀။ အမျိုးသားတွေဟာ သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးတွေရှေ့မှာဆိုရင် သူတို့ဆွဲဆောင်မှုရှိကြောင်းကို သတိထားမိအောင် လုပ်ပြတတ်ကြတယ်။ ၁၁။ လူတော်တော်များများဟာ သူတို့သဘောကျနေတဲ့ သူတွေရှေ့မှာဆို အမှားတွေပိုလုပ်တတ်ကြပါတယ်။ ၁၂။ ခန္ဓ္ဓာကိုယ်လှတာထက် ရုပ်ရည်ချောမောတာက ရေရှည်မှာ relationship တစ်ခုကိုပိုပြီးတည်မြဲစေနိုင်ပါတယ်။ ၁၃။ အမူအကျင့်ချင်းအရမ်းတူတဲ့ couple တွေက များသောအားဖြင့် ရေရှည်မှာမမြဲကြပါဘူးတဲ့။ ...

By:Kawi 24/07/2019
ကျွန်တော်တို့ လက်ရှိစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေဟာ နောင်တစ်ချိန်မှာကွျွန်တော််တို့ဆီပြန်ရောက်လာမယ်ဆိုရင်… In:Inspiration/Aspiration/Motivation, Kawi Inspires
1 2 0

ကျွန်တော်တို့ ပလတ်စတစ်တွေအသုံးပြုတာ ဘယ်လောက်တောင်များနေခဲ့လဲဆိုတော့ နောင်အနှစ် (၃၀) လောက်ကြာရင် ၂၀၅၀ ခုနှစ်လောက်မှာ ကျွန်တော်တို့ ပင်လယ်ထဲကို စွန့်ပစ်တဲ့ ပလတ်စတစ် ပမာဏက ပင်လယ်ထဲက ငါးတွေရဲ့ ပမာဏထက်တောင် ပိုများလာနိုင်ခြေရှိပါတယ်တဲ့။ ဒီလိုမျိုး ငါးတွေနေရာမှာ စွန့်ပစ်ပလတ်စတစ်တွေ အစားထိုးဝင်လာသလိုမျိုး တကယ်လို့ ကျွန်တော်တို့ စားသုံးနေ၊ အသုံးပြုနေတဲ့ အရာတွေအားလုံးမှာ စွန့်ပစ်ပလတ်စတစ်တွေ အစားထိုးဝင်ရောက်လာမယ်ဆိုရင်… ကျွန်တော်တို့ ဘယ်လောက်တောင် ပလစ်စတစ်ပစ္စည်းတွေ အသုံးပြုနေမိပြီလဲ??? ...

By:Kawi 24/07/2019
ကိုယ့်ဝင်ငွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ? In:Kawi Inspires, Life Hacks
1 1 0

အားလုံးပဲ မင်္ဂလာပါ!!! အပတ်စဉ် အင်္ဂါနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်တဲ့ Eileen’s Corner ကနေ ကြိုဆိုလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ Eileen မျှဝေပေးထားတဲ့ “ကိုယ့်ရဲ့ ဝင်ငွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ?” ဆိုတဲ့ စာလေးကို မျှဝေပေးလိုက်ပါတယ်။ Eileen က သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကို မျှဝေပေးသွားခဲ့တာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘယ်လို ရာခိုင်နှုန်းနဲ့ ဘယ်လိုတွက်ချက်ပြီး ဝင်ငွေကို စီမံခန့်ခွဲလဲ? အပိုငွေထွက်လာတဲ့အခါ သူမရဲ့ YOLO Plan ထဲကိုထည့်ပြီး ဘယ်လိုတွေအသုံးပြုလဲ? ဆိုတာကိုတော့ အောက်က Eileen ရေးထားတဲ့ စာလေးမှာ ဖတ်ကြည့်လိုက်ပါနော်။ ကိုယ့်ဝင်ငွေကို စီမံခန့်ခွဲမှုကောင်းကောင်း လုပ်နိုင်ဖို့ အကြံဉာဏ်လေးတွေ ပေးပါလို့ ကျွန်မကို လာလာမေးကြတာလေးတွေ ရှိပါတယ်။ အထူးသဖြင့် အခုလို ပွင့်လင်းရာသီမှာ လက်ထပ်ကြတဲ့ စုံတွဲတွေ များနေတဲ့အချိန်ဆိုတော့ လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲအနေနဲ့ အချင်းချင်း ကြားထဲမှာ ဘယ်လိုများ ငွေကြေးကို စီမံခန့်ခွဲသလဲဆိုပြီးတော့ သိချင်ကြတာပါ။ ဒီတော့ အရင်နှစ်က ရေးပေးဖြစ်ခဲ့တဲ့ “ကိုယ့်ဝင်ငွေကို စီမံခန့်ခွဲမှုကောင်းကောင်း ဘယ်လိုလုပ်ကြမလဲ?” ဆိုတဲ့ စာလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်! ဒါနဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ရင် ဆရာမကြီးတော့ မဟုတ်ပါဘူး။ ဒီ စာလေးက ကျွန်မရဲ့ ဝင်ငွေကို စီမံခန့်ခွဲတဲ့ အတွေ့အကြုံလေးကို ပြန်လည်ဝေမျှပေးတာပါ။ 😊😊😊 လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲအနေနဲ့ကတော့ – လွယ်ပါတယ် – ကျွန်မပို်က်ဆံကလည်း ကျွန်မဟာ ဖြစ်သလို သူ့ပိုက်ဆံကလည်း ကျွန်မဟာပါပဲ 😂😂😂 နောက်တာပါ….. ဒါပေမယ့်လည်း အဲဒါတကယ်ဖြစ်ဖို့ကို ကျွန်မတကယ်ဆုတောင်းပါတယ်။ LOL !! တကယ်တော့ ကျွန်မရဲ့ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာရတဲ့ဘဝက ကျွန်မအခုအချိန်မှာ ပိုက်ဆံဘယ်လိုသုံးဖြစ်သလဲကို ပုံဖော်ပေးပါတယ်။  ကျွန်မအကြောင်းကောင်းကောင်းသိတဲ့သူတွေကတော့ ကျွန်မဆီမှာ အဝတ်အစားနည်းနည်းလေးပဲ ရှိတယ်ဆိုတာကို သိကြပါတယ်။ ကျွန်မ ရှော့ပင်းထွက်ပြီး ပိုက်ဆံသုံးတာမျိုးကို လုပ်လေ့မရှိပါဘူး။ စာအုုပ်တွေဝယ်တာကလွဲလို့ပေါ့။ ပြီးတော့ ကျွန်မမိဘတွေအတွက် ကျွန်မပိုက်ဆံသုံးတယ်။ သူတို့ဘာပဲလိုချင်လိုချင် ကျွန်မအနေနဲ့ အကောင်းဆုံးလုပ်ပေးလို့ရတာမှန်သမျှလုပ်ပေးချင်တယ်လေ။ ဒါပေမယ့် နေ့စဉ်အခြေခံလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့တော့ ကျွန်မ မလိုတာတွေကို ဝယ်ပြီးပိုက်ဆံသုံးတာမျိုး လုပ်လေ့မရှိပါဘူး။ ကျွန်မအတွက်ကတော့ – ကျွန်မခပ်ငယ်ငယ်ပိုက်ဆံစရှာတတ်ကတည်းက ကျင့်သုံးခဲ့တဲ့ အရမ်းကို ရိုးရှင်းတဲ့ ဖော်မြူလာတစ်ခုရှိပါတယ်။ ကျွန်မရဲ့ ဝင်ငွေကို ရာခို်င်နှုန်းတွေခွဲပြီး အပိုင်းခွဲလိုက်တယ်။ ဘယ်လောက်ရာခိုင်နှုန်းကတော့ စုထားမယ်၊ ဘယ်လောက်ရာခို်င်နှုန်းကတော့ ဖေဖေနဲ့မေမေအတွက်၊ ဘယ်လောက်ရာခိုင်နှုန်းကတော့ လှူဖို့၊ ဘယ်လောက်ရာခို်င်နှုန်းကတော့ ဘာအတွက်… စသဖြင့်ပေါ့။ ကျွန်မရဲ့ ဝင်ငွေတိုးလာတာနဲ့အမျှ ဒီရာခို်င်နှုန်းတွေထဲက ပမာဏကလည်း တို်းလာတယ်လေ။ တကယ်တော့ ကျွန်မရဲ့ တစ်ပတ်စာ အသုံးစရိတ်ကို် ကျွန်မတစ်ရက်တစ်သောင်းနှုန်းနဲ့တွက်ပြီး သုံးပါတယ်။ အဲဒီတစ်သောင်းကို် တက်စီစီးတာ၊ နေ့လည်စာ နဲ့ ညစာစားတာတွေအတွက် သုံးပါတယ်။ ကျွန်မက အိမ်မှာ ချက်ပြုတ်စားသောက်တဲ့အတွက် ညစာဝယ်စားဖို့မလိုတော့ပါဘူး။ ဒီတော့ အဲဒီအတွက်ကုန်မယ့် ပိုက်ဆံက အပိုအဖြစ် ထွက်လာပါတယ်။ တစ်ခါတစ်လေ ကျွန်မအမျိုးသား Richard ရဲ့ကားကို် ဘတ်လို့ရတဲ့နေ့မျိုးဆိုရင် တက်စီခပါ အပိုထွက်လာတယ်လေ။ ဥပမာပြောရရင် တစ်ရက်အသုံးစရိတ်တစ်သောင်းထဲက တက်စီခ ၃၅၀၀ နဲ့ နေ့လည်စာ ၃၅၀၀ ကို်နှုတ်လိုက်ရင် ၃၀၀၀ အပို်ထွက်လာတယ်လေ။ အဲ့ ၃၀၀၀ က ဘယ်ရောက်သွားလဲဆိုတော့ ကျွန်မရဲ့ “YOLO စုဆောင်းငွေ” ထဲကို ရောက်သွားပါတယ်။ YOLO ဆိုတာက You Only Live Once ကိုပြောတာပါ… ဘဝမှာပျော်ရွှင်ဖို့အတွက်သုံးမယ့်ငွေပေါ့။ အဲဒီအပိုစုဆောင်းငွေတွေကို ကျွန်မရဲ့ အဖွဲ့သားတွေနဲ့ ညစာသွားစားတဲ့အခါတွေမှာ ကျွန်မသူတို့ကို ဒီစုဆောင်းငွေတွေထဲကနေ ဝယ်ကျွေုးပါတယ်၊ ဒါမှမဟုတ်လည်း ကျွန်မအနေနဲ့ YOLO လုပ်ချင်တဲ့ အခါမျိုးတွေမှာ ဒီစုဆောင်းငွေတွေထဲကနေ သုံးပါတယ်။ ဒီနည်းဗျူဟာက ကျွန်မအတွက်တော့ အလွန်ကို အလုပ်ဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအတွက်မလိုတဲ့အရာတွေအတွက် ပိုက်ဆံအပိုမသုံးမိအောင်လုပ်ပေးပါတယ်။ ကျွန်မတစ်ရက်ကို ဘယ်လောက်သုံးမယ်ဆိုပြီး သတ်မှတ်ထားတဲ့ အသုံးစရိတ်ထဲကပိုတဲ့ငွေကိုပဲ သုံးဖြစ်စေတယ်လေ! တွေ့တယ်ဟုတ်? ကျွန်မဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ 😀 😀 😀 ဆရာ Richard ကျတော့ – သူ့ဝင်ငွေတွေကို ဘယ်လိုသုံးတယ်ဆိုတာ ကျွန်မမသိပါဘူး။ တကယ်တော့ သူဘယ်လောက်ဝင်ငွေရလဲဆိုတာတောင် ကျွန်မမသိပါဘူး။ ကျွန်မရဲ့ မိတ်ဆွေအချို့ကပြောကြတယ် “Aiyooo ကိုယ့်အမျိုးသားဝင်ငွေဘယ်လောက်ရှိလဲတောင် နင်ဘယ်လိုလုပ်မသိရတာလဲ???!! ဆိုပြီးတော့ပေါ့။ ကျွန်မ မသိပါဘူး ကျွန်မအတွက်က သိဖို့လည်းမလိုပါဘူး။ စုံတွဲတော်တော်များများ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ကြရတာတွေ ကျွန်မအများကြီး တွေ့ဖူးပါတယ် (ကျွန်မမိဘတွေအပါအဝင်ပေါ့) အဲဒါတွေကို တွေ့ဖူးထားတဲ့အတွက် ကျွန်မအနေနဲ့ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ကျွန်မအမျိုးသားနဲ့ ဘယ်တော့မှ ရန်မဖြစ်ဘူးဆိုပြီးတော့ ခိုင်ခို်င်မာမာ ဆုံးဖြတ်ထားပါတယ်။ အိမ်အသုံးစရိတ်တွေနဲ့ပတ်သက်ပြီးတော့ သူဘယ်လောက်ပေးတယ် ငါဘယ်လောက်ပေးတယ်ဆိုပြီးတော့ စျေးတွက်တွက်ရတာမျိုး ကျွန်မမလုပ်ချင်ဘူး။ အိ်မ်ထောင်တစ်ခုမှာ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရတာတွေ စလာပြီဆိုရင်တော့ အဲဒီအိမ်ထောင်ရေးဟာ အဓိပ္ပါယ်ကင်းမဲ့သွားပြီလို့ ကျွန်မထင်တယ်။ တကယ်တော့ အိမ်ထောင်ရေးဆိုတာဟာ – ကျန်းမာနေတဲ့အချိ်န်ပဲဖြစ်ဖြစ် နေမကောင်းတဲ့အချိန်ပဲဖြစ်ဖြစ် ကောင်းတဲ့အခြေအနေပဲဖြစ်ဖြစ် ဆိုးတဲ့အခြေအနေပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို တစ်ယောက်နဲ့တစ်ယောက်ချစ်နေဖို့ရယ် တည်မြဲနေဖို့ရယ်က အဓိကပဲလေ။ ကျွန်မတို့နှစ်ယောက်လက်ထပ်ထားတဲ့ဇနီးမောင်နှံသက်တမ်း တစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို တော်တော်များများကတော့ သိကြမယ် မထင်ဘူး။ အဲဒီနှစ်တစ်နှစ်က ကျွန်မတို့ ကမ္ဘောဒီးယားမှာတုန်းကပေါ့ ကျွန်မရဲ့ စီးပွားရေးကလည်း တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းလျှော့ချတဲ့ထဲ ဆရာ Richard ပါသွားတယ်လေ….. အဲဒီအချိန်တုန်းကဆိုရင် အိမ်ခန်းငှားခတွေ၊ အခွန်တွေ စတာတွေပေးဖို့ကို တစ်လတစ်လ တော်တော်ကို ရုန်းကန်နေရတဲ့ အချိန်ပေါ့။ ကျွန်မအဲဒီနေ့ကိုမှတ်မိနေသေးတယ်… ဆရာ Richard အိမ်ပြန်ရောက်လာပြီး ကျွန်မတို့နှစ်ယောက် တိုက်ခန်းရဲဲ့ ခေါင်မိုးထပ်မှာ ရှိနေတဲ့ အချိန်မှာ အဲဒီသတင်းကို ပြောပြခဲ့တာပေါ့… “ငါဝန်ထမ်းလျှော့ချတဲ့ထဲပါသွားတယ်” အဲဒီလိုပဲ ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မလုပ်နေတဲ့စီးပွားရေးက ပိတ်ရခါနီးဆဲဆဲဖြစ်နေပြီး နှစ်ယောက်စလုံးက သူ့လစာလေးအပေါ်မှာပဲ မှီခိုနေရပေမယ့်လည်း ကျွန်မသူ့ကို ချက်ချင်းပဲ ဒီလိုပြန်ပြောခဲ့ပါတယ် “ဘာမှမဖြစ်ဘူး။ ထမင်းရှိရင် ထမင်းစားကြမယ်။ ဆန်ပြုတ်ရှိရင် ဆန်ပြုတ်စားကြမယ်။” အဲဒီအချိန်တုန်းက နေ့ရက်တွေကို ဖြတ်သန်းရတာ တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ၂၀၁၀ ရဲ့ New Year မရောက်ခင်ညနေကို အိမ်မှာပဲ ဆန်ပြုတ်အဖြူထည်စားပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်မ အဲဒါတွေနဲ့ပတ်သက်ပြီး ထွေထွေထူးထူးခံစားခဲ့ရတာမျိုးတော့ မမှတ်မိဘူး။ ကျွန်မဘာပဲမှတ်မိလဲဆိုတော့ ကျွန်မတို့နှစ်ယောက် အတူတူ ကြံ့ကြံ့ခံပြီး ကြိုးစားဖြတ်ကျော်ခဲ့ကြတာကိုပါ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေပါ ဗုဒ္ဓဘုရားက ကျွန်မတို့အပေါ်ကို ကြင်နာခဲ့ပါတယ်။ အဲဒီအခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီးတော့ ကျွန်မတို့ တဖန်ပြန်လည်ရပ်တည်နိုင်ခဲ့ကြပါတယ်။ ၂နှစ်အကြာမှာတော့ စွန့်စားခန်းအသစ်တစ်ခုကို စတင်ဖို့ ကျွန်မတို့မြန်မာနိုင်ငံကိုပြောင်းဖြစ်ခဲ့ကြပါတယ်။ ကျွန်မတို့လင်မယားနှစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို ဘယ်တော့မှ မေ့နိုုင်မှာမဟုတ်ပါဘူး။ ဒါတွေကြောင့်ပဲ ကျွန်မတို့နှစ်ယောက်ဟာ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ရိုရိုကျိုးကျိုးပဲ နေဖြစ်ပါတယ်။ ကျွန်မတို့နှစ်ယောက်မှာ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်ရာခိုင်နှုန်းသုံးမယ်ဆိုပြီး သူလည်း သူ့ဟာသူသတ်မှတ်ထားသလို ကျွန်မလည်းကိုယ့်ဟာကိုယ် သတ်မှတ်ထားပါတယ်။ အခုထိလည်း ဒီသဘောတရားကိုပဲ ကျွန်မကျင့်သုံးပါတယ်။ အိမ်အသုံးစရိတ်နဲ့ပတ်သက်ပြီး တစ်ပတ်တစ်ပတ်ကို ကျွန်မဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းသုံးမယ်ဆိုပြီး ကျွန်မဘာသာကျွန်မသတ်မှတ်ထားပါတယ်။ တကယ်လို့အဲဒီအပတ်မှာ ဆရာရစ်ချက်က အိမ်အသုံးစရိတ်တွေကို ပေးလာခဲ့ရင်တော့ ကျွန်မရဲ့ အဲဒီအတွက်ရည်ရွယ်ထားတဲ့ပိုက်ဆံတွေကို် YOLO အတွက် စုဆောင်းငွေထဲကို ထည့်လို့ရသွားတာပေါ့ 😀 😀 😀တစ်ခါတလေ စနေ တနင်္ဂနွေပိတ်ရက်တွေမှာ ညနေစာသွားစားလို့ဆရာ Richard က ဝယ်ကျွေးရင် အဲဒီအတွက် ဖယ်ထားတဲ့ပိုက်ဆံတွေကိုပါ YOLO အတွက် စုဆောင်းငွေထဲကို ပိုပြီး ထည့်လို့ရသွားတာပေါ့!! Woohooo!! တခါတလေတော့ ကျွန်မရဲ့ YOLO စုဆောင်းငွေထဲမှာ အများကြီးပိုစုမိသွားရင် အဲဒီအပိုစုငွေတွေကို ကျွန်မရဲ့ အလှူအတန်းအတွက် စုဆောင်းငွေထဲကို ပိုထည့်ပေးလိုက်ရော။ ဘာလို့လဲဆိုတော့ “ကိုယ်ရရင် သူများကိုလည်း ပေးပါ” ဆိုတဲ့ ကျွန်မ အရမ်းနှစ်သက်တဲ့ စာသားလေးအတိုင်း ကျင့်သုံးတာပါ။ (When you get, you give.) 🤘🤘🤘 ...

By:Kawi 23/07/2019
မြန်မာ အစားအစာတွေကို မြန်မာလိုပဲခေါ်ကြရအောင်လားဗျာ… In:Food History, Kawi Eats
1 3 0

“Yellow Sticky Rice”  “Fish Noodle Soup”  “Fish Paste”  “Sticky rice with shredded coconut” “Pickled Tea Leaves Salad” မြန်မာအစားအစာတွေကို ဒီလို ဘာသာပြန်အသုံးပြုကြတာမျိုး ကျွန်တော်တို့ မကြာခဏမြင်တွေ့ရလေ့ရှိပါတယ်။ စားသောက်ဆိုင်တွေမှာပဲ ဖြစ်ဖြစ်၊ မြန်မာမုန့်အကြောင်းရေးထားတဲ့ website တွေမှာပဲဖြစ်ဖြစ်ပေါ့။  အစားအသောက်ဆိုတာ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုထဲမှာပါဝင်ပါတယ်။ ရိုးရာအစားအသောက်တွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာကြရင်း ယဉ်ကျေးမှုတွေကိုထိန်းသိမ်းကြပါတယ်။ ဒါကြောင့်ကျွန်တော်တို့လည်း ကမ္ဘာမှာ မြန်မာမုန့်၊ မြန်မာ့ယဉ်ကျေးမှုကို ပြန့်ပွားစေချင်တယ်ဆိုရင်တော့ မြန်မာ့အစားအစာတွေကို ခေါ်ဆိုတဲ့နေရာမှာ မြန်မာလိုပဲခေါ်ရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ နိုင်ငံခြားသားတွေနားလည်အောင် ဘာသာပြန်တာကတော့ ပြန်ရမှာပါ။ ဒါပေမယ့် ဘာသာပြန်ရင်းနဲ့ မြန်မာ့အငွေ့အသက်တွေ ပျောက်မသွားစေချင်တာပါ။   တခြားနိုင်ငံရဲ့မုန့်တွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ကိုရီးယားနိုင်ငံရဲ့ “ကင်မ်ချီ” လို့ခေါ်တာနဲ့ပဲစလိုက်ကြရအောင်ဗျာ။ ကင်မ်ချီလို့ဖတ်လိုက်တာနဲ့တင် စာဖတ်သူ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ချဉ်ဖတ်ကိုတွေးမြင်မိမယ်ဆိုတာ သေချာပေါက်ပြောရဲပါတယ်။ ဒါဆိုရင် Pizza ဆိုရင်ကော? Spaghetti ဆိုရင်ကော? Hamburger ဆိုရင်ကော? Sushi ဆိုရင်ကော? Tom Yum ဆိုုရင်ကော? ဒီနာမည်တွေပြန်ကြည့်လိုက်မယ်ဆိုရင် တစ်ခုမှဘာသာပြန်ထားတာမတွေ့ရပါဘူး။ ဒါပေမယ့် ဒီနာမည်တွေကို ကြားလိုက်တာနဲ့တင် ဘယ်နိုင်ငံက ဘယ်လိုအစားအစာဆိုတာကို ကျွန်တော်တို့ ခေါင်းထဲမှာ မြင်မိကြပါတယ်။  ကျွန်တော်တို့ရဲ့ အရသာရှိလှတဲ့ မြန်မာမုန့်တွေဆိုရင်ရော?  မုန့်ဟင်းခါးကို “Fish Noodle Soup”  ဆီထမင်းကို “Yellow Sticky Rice” ငါးပိကို “Fish Paste” ကောက်ညှင်းပေါင်းကို “Sticky Rice With Shredded Coconut” လက်ဖက်သုပ်ကို “Pickled Tea Leaves Salad”  လို့မခေါ်စေချင်လောက်ပါဘူး။ မြန်မာမုန့်တွေက အရသာရှိပြီးထူးခြားပါတယ်။ တခြားနိုင်ငံမှာနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေက မြန်မာ့ရိုးရာစားသောက်ဆိုင်ဖွင့်တာပဲဖြစ်ဖြစ်၊ မြန်မာ့အစားအစာတွေကို လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံလာလည်တဲ့ နိုင်ငံခြားသားတွေကို မိတ်ဆက်ပေးတာပဲဖြစ်ဖြစ် မြန်မာ့အစားအစာတွေ နာမည်တွင်ကျန်သွားအောင် မြန်မာလိုပဲခေါ်ဆိုသင့်ပါတယ်။ အင်္ဂလိပ်လိုပေါင်းမယ်ဆိုလည်း မြန်မာအသံထွက်အတို်င်းပေါင်းစေချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုမှာ အစားအသောက်ဟာလည်း အင်မတန်အရေးကြီးလှပါတယ်။ ဒါကြောင့် မြန်မာအစားအစာတွေကို မြန်မာလိုပဲ ဂုဏ်ယူဝင့်ကြွားစွာခေါ်ဆိုရင်း မိတ်ဆက်ကြရအောင်လားဗျာ။ ...

By:Kawi 23/07/2019
အောင်မြင်ကျော်ကြားနေတဲ့ celebrity စုံတွဲတွေကပြောခဲ့တဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့ ဘဝသင်ခန်းစာများ In:Kawi Inspires
0 0 0

အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ရတာ မလွယ်ကူတဲ့ အရာတစ်ခုပါ။ အပြန်အလှန်နားလည်ပေးမှုတွေ၊ အရာရာကို ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ရမှုတွေ၊ တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီဖေးမပေးမှုတွေ အစရှိသဖြင့် နှစ်ဦးနှစ်ဖက်စလုံးရဲ့ ဟန်ချက်ညီညီ အမြဲမပြတ် ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။ ကမ္ဘာကျော်စုံတွဲတွေလည်း သူတို့တွေရဲ့ အိမ်ထောင်ရေးကို တည်မြဲအောင် သာမန်လူတွေလို ကြိုးစားအားထုတ်မှုတွေ လုပ်ရပါတယ်။ ဒီလို အောင်မြင်ကျော်ကြားနေတဲ့ celebrity စုံတွဲတွေထဲက လူအများအားကျရတဲ့ စုံတွဲ ၅ တွဲက သူတို့ရဲ့ relationship နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပြခဲ့ပါတယ်။ Alex Trebek ကတော့ television show တော်တော်များများကနေ အောင်မြင်ကျော်ကြားမှုတွေ ရရှိထားတဲ့လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူနဲ့ Jean Currivan တို့ရဲ့ အိမ်ထောင်ရေးသက်တမ်းက (၂၉) နှစ်ရှိပြီဖြစ်ပြီး သူတို့ရဲ့အိမ်ထောင်ရေးသက်တမ်းတစ်လျှောက်လုံးမှာ တခြားစုံတွဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို သူတို့ကိုယ်တိုင်လည်း ကျော်ဖြတ်ခဲ့ရပါတယ်။ Currivan က “Trebek ဟာ ဟာသနှောတတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အဲဒါအပြင် သူကသူ့ရဲ့အလုပ်ကို အရမ်းအလေးထားတတ်တဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ကိုယ်သူတော့ အလေးထားလေ့မရှိဘူး” ဆိုပြီးတော့ပြောခဲ့ပါတယ်။ လေ့လာချက်တွေအရလည်း ရယ်မောခြင်း အထူးသဖြင့် ကိုယ့်ကိုယ်ကို ရယ်မောပျော်ရွှင်အောင် ပြုလုပ်နိုင်တဲ့အရည်အချင်းတစ်ခုက ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း ပျော်ရွှင်စေမှုတွေ၊ ရိုမန့်တစ်ဆန်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေနိုင်တဲ့အထိ အရေးပါတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ အဲဒါကြောင့် Trebek နဲ့ Currivan တို့ရဲ့ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးမျိုး ဖြတ်သန်းနေကြတဲ့ စုံတွဲတွေဆီကနေ လေ့လာသင်ယူပြီး ကိုယ့်ရဲ့ အိမ်ထောင်ရေးကိုလည်း ပိုမိုကောင်းမွန်အောင် ကြိုးစားကြည့်လို့ ရပါတယ်။ Meryl Streep နဲ့ Don Gummer တို့ကလည်း သူတို့ရဲ့ (၄၁) နှစ်ရှိပြီဖြစ်တဲ့ အိမ်ထောင်ရေးသက်တမ်းတစ်လျှောက်မှာ တွေ့ကြုံနေရတဲ့ ပြဿနာသေးသေးလေးတွေကအစ အပြန်အလှန်ရင်ဖွင့်ပြောပြလေ့ရှိတယ်ဆိုတာ သိရပါတယ်။ ဒီလိုမျိုးအချင်းချင်းစကားစမြည်ပြောခြင်းကလည်း အိမ်ထောင်ရေးတစ်ခုတည်မြဲအောင်လုပ်တဲ့နေရာမှာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သင်တို့အနေနဲ့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ပြဿနာတွေကို နားထောင်ပေးပြီး တိုင်ပင်ဆွေးနွေးတာတွေ၊ အကြံပြုတာတွေပြုလုပ်ပေးပါ။ ဒါပေမယ့်ဒီလိုမျိုး ပြဿနာတွေကို တိုင်ပင်ဆွေးနွေးတဲ့အခါမှာ ကိုယ်ပြောတဲ့အရာတိုင်းက မှန်မနေဘူးဆိုတာကိုတော့ လက်ခံထားဖို့လိုအပ်ပါလိမ့်မယ်။ Michelle နဲ့ Barack Obama တို့ကတော့ သူတို့ရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးအကူအညီလိုလာတဲ့အခါမျိုးမှာ အကူအညီတောင်းခံဖို့အတွက် ၀န်မလေးကြတဲ့လူတွေဖြစ်ပါတယ်။ “ကျွန်မတို့မှာရှိတဲ့ ခြားနားမှုတွေကို ဖော်ထုတ်ပြောဖို့အတွက် ကျွန်မတို့သင်ယူထားတဲ့ နည်းလမ်းတွေထဲကတစ်ခုကတော့ marriage counseling ပဲဖြစ်ပါတယ်။ ကျွန်မရဲ့ပျော်ရွှင်မှုတွေက ကျွန်မအပေါ်မှာပဲမူတည်တယ်ဆိုတာကို ကျွန်မသိလိုက်ရတဲ့အချိန်မှာတော့ ကျွန်မပိုပြီးတော့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ အကူအညီလိုအပ်လာတဲ့အခါတွေမှာ ကျွန်မရဲ့ အိမ်ထောင်ဘက်အပြင် တခြားသူတွေဆီကနေလည်း လိုအပ်ရင် လိုအပ်သလို အကူအညီယူပါတယ်။ အဲဒါတွေကြောင့်  ကျွန်မကိုယ်ကျွန်မအပြစ်ရှိတယ်လို့ မခံစားရတော့ဘူး။” ဆိုပြီးတော့ Michelle Obama က သူမတို့ရဲ့ (၂၇) နှစ်ရှိပြီဖြစ်တဲ့အိမ်ထောင်ရေး အခြေအနေတွေကို ပြောပြခဲ့ပါတယ်။ “သူတို့ကိုယ်သူတို့ တစ်ခုခုမှားနေတယ်လို့ထင်ပြီး အိမ်ထောင်ရေးမှာ ရုန်းကန်နေရတဲ့ ငယ်ရွယ်သေးတဲ့စုံတွဲတွေကို ကျွန်မအများအပြားတွေ့ဖူးပါတယ်။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်ကြပေမယ့် အများနဲ့မတူတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ ကျွန်မတို့ (Michelle နဲ့ Barack Obama) ရဲ့ အိမ်ထောင်ရေးကို ဘယ်လိုမျိုးကြိုးစားရုန်းကန်နေကြသလဲဆိုတာ သူတို့ကို သိစေချင်မိပါတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးမှာ အကူအညီလိုအပ်လာခဲ့ရင်လည်း တခြားသူတွေဆီကနေ အကူအညီတွေရယူလေ့ရှိပါတယ်။” Ellen DeGeneres နဲ့ Portia de Rossi တို့ကတော့ သူတို့ရဲ့အိမ်ထောင်ရေးကို တစ်ယောက်နဲ့တစ်ယောက်အပေါ်နားလည်မှုတွေနဲ့ တည်ဆောက်ထားတာပဲဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ကျွန်မတို့ရဲ့ကတိသစ္စာတွေထဲမှာ Portia က “ ချစ်ခြင်းခံရတာက အရမ်းကောင်းပါတယ်။ ကျွန်မလုပ်သမျှကို နားလည်ပေးတာက အလေးအနက်ထားတဲ့အဓိပ္ပါယ်ရတဲ့အတွက် အဲဒါတွေက ကျွန်မအတွက်အရာအားလုံးပါပဲ။ “I love you” ဆိုတဲ့ အဓိပ္ပါယ်က တကယ်တမ်းတော့ “I understand you” လို့သက်ရောက်ပါတယ်။ အဲဒါအပြင် သူမကကျွန်မပြုလုပ်တဲ့ အရာအားလုံးအတွက် ကျွန်မကိုချစ်နေရတာပါ” လို့ DeGeneres က သူမတို့ရဲ့ (၁၁) နှစ်ရှိပြီဖြစ်တဲ့ အိမ်ထောင်ရေးအခြေအနေကိုပြောပြခဲ့ပါတယ်။ အဲဒါကြောင့် မကြာခဏ ကိုယ်နဲ့အမြင်ချင်းမတူတဲ့ ကိုယ့်အိမ်ထောင်ဖက်ရဲ့အမြင်ကို နားလည်ဖို့ကြိုးစားတာက သင်တို့ပြဿနာတွေကိုအတူတူတွေ့ကြုံဖြေရှင်းတဲ့အခါမှာ အသုံးဝင်လာပါလိမ့်မယ်။ “ကျွန်တော်တို့ရဲ့ relationship မှာ ပြောဆိုဆက်ဆံရေးက အရမ်းအရေးပါတယ်” လို့ Neil Patrick Harris က သူနဲ့ David Burtka တို့ရဲ့ (၅)နှစ်ရှိပြီဖြစ်တဲ့ အိမ်ထောင်ရေးအတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့နဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတာရှိပါတယ်။ အဲဒါကတော့ ပြောစရာရှိရင် မြိုသိပ်မထားဘဲ ထုတ်ပြောလိုက်ဖို့ပါပဲ။ ကိုယ့်ရဲ့အသံကို မြှင့်ပြီးအော်ပြောရမယ့်နေရာမှာဆိုရင် အော်ပြောလိုက်ပါ။ ဒါပေမယ့် ကိုယ်ဘာအကြောင်းကိုပြောနေတာလဲ၊ ကိုယ်ဘယ်လိုနေရာကနေ ၀င်ပြီးပြောနေလဲဆိုတာကိုတော့ သိဖို့လိုအပ်ပါတယ်” လို့ Neil Patrick Harris ကပြောပြခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ကိစ္စတွေကို မြိုသိပ်ထားတာတွေ၊ မရှိသလိုဟန်ဆောင်လိုက်တာတွေထက် ထုတ်ပြောလိုက်ရတာက ရေရှည်ကြုံတွေ့ရမယ့် stress တွေကို ရှောင်ကြဉ်နိုင်မယ့် အဓိကကျတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ Reference : 5 Celebrity Couples on the Life Lessons They’ve Learned from Lasting Love (thriveglobal.com) ...

By:Kawi 23/07/2019
လူသတ်မှု In:Kawi Inspires
0 2 0

ကျွန်မအခု Grey စိတ္တဇဆေးရုံရဲ့ ကားပါကင်ထဲကို ရောက်နေပြီ။ ဖေဖေ နဂိုအတိုင်း ပြန်ကောင်းလာရင် ကောင်းမှာပဲလို့ ကျွန်မအမြဲ ဆုတောင်းနေမိတယ်။ ဖေဖေ သမီးကို အမှန်အတိုင်း ပြောပြပါတော့။ (၁၂)နှစ်တောင် ရှိနေပြီပဲ။ အမှန်တရားက ကျွန်မဆီကနေ တိမ်းရှောင်နေတာ ကြာလွန်းလှပြီလေ။ *********************** “ဟဲလို… လီနာ စကားပြောနေပါတယ်။” “သမီးလေး! နေကောင်းလား?” အလွန်အမင်း ရင်းနှီးလှတဲ့ အသံကို ပြန်ကြားလိုက်ရတယ်။“ဖေဖေ!!! ဘယ်လိုဖြစ်လို့ ဖုန်းတွေဘာတွေတောင် ဆက်လို့။ E-mail တောင် မပို့တာ ကြာလှပြီ!” ကျွန်မ စိတ်လှုပ်ရှားသွားတယ်။ “ဖေဖေ မအားလို့ပါကွယ်။ Australia မှာ အခြေအနေ ဘယ်လိုရှိလဲ? စာတွေရော လိုက်နိုင်ရဲ့လား သမီးလေး?” မိဘတစ်ယောက်ရဲ့ တာဝန်အရ ကျွန်မကို မေးခွန်းထုတ်လိုက်တယ်။ “စာတွေလည်း လိုက်နိုင်တယ် အကုန်လုံးလည်း အဆင်ပြေပါတယ်။ မေမေရော?”“သမီး မေမေ ဘေးမှာထိုင်နေတယ်။ ထားလိုက်ပါ… ဒီည TV စောင့်ကြည့်နေနော်။ ဖေဖေ ဒီည ဂိမ်းကစားပွဲအတွက် ဘင်ခရာအဖွဲ့ထဲမှာ ပါမယ်။ ဖေဖေ့ကို တွေ့အောင်ရှာနော်။ ရော့… သမီး မေမေနဲ့ ဖုန်းပြောလိုက်ဦး။ တိုတိုနဲ့ လိုရင်းကိုပြောနော်။ ဖုန်းဘေအရမ်း စျေးကြီးတယ်!” အဲ့ဒါကတော့ ကျွန်မ အဖေပေါ့။ အမြဲတမ်း အံ့အားသင့်အောင် လုပ်တယ်လေ။ ကျွန်မဆီကို E-mail မပို့လို့ စာမရေးလို့ စိတ်ဆိုးရအောင်လည်း လုပ်တတ်တယ်။ မေမေကတော့ ကျွန်မရဲ့အမြဲတမ်း အမာခံပရိတ်သတ်ကြီးပေါ့။ ကျွန်မ နိုင်ငံခြားမှာ ပညာတော်သင်သွားရတာ အရမ်းပျော်ပါတယ်။ မိသားစုထဲမှာ ကျွန်မတစ်ယောက်ပဲ တက္ကသိုလ်တက်ရတာဆိုတော့ သူတို့ကျွန်မအတွက် ဂုဏ်ယူတာပေါ့။ နောက်ဆုံး ဂိမ်းကစားပွဲကြီး ကျင်းပတော့ ကျွန်မက နောက်ဆုံးနှစ်ထဲမှာပေါ့။ အိမ်ပြန်ရတော့မယ် ဆိုတဲ့အကြောင်းကို တွေးမိလိုက်တိုင်း ကျွန်မအရမ်း စိတ်လှုပ်ရှားမိတယ်။ ဒါပေမယ့်… တခြားအကြောင်းအရာ တစ်ခုကြောင့်တော့ အိမ်ပြန်ရလိမ့်မယ်လို့ ကျွန်မလုံးဝ မျှော်လင့်မထားမိဘူး။ “လီနာရေ! နင့်အဖေသတင်း TV မှာလာနေတယ်!” ကျွန်မရဲ့ အခန်းဖော် ချားလ်စ် က လှမ်းအော်လိုက်တယ်။ကျွန်မအရမ်းပဲ ထိတ်လန့်သွားမိတယ်။ TV ထဲမှာ ဖေဖေ့ကို ရဲတွေက လက်ထိပ်ခတ်ပြီး ခေါ်သွားကြတယ်။ နောက်ထွက်လာတဲ့ သတင်းကြောင့် ကျွန်မပိုပြီး သွေးပျက်သွားတယ်။ “လူကြီးပိုင်းအသက်အရွယ် အမျိုးသားတစ်ဦးဟာ လူသတ်မှုနဲ့ နေအိမ်မှာ အဖမ်းခံလိုက်ရပါတယ်။ သေဆုံးသွားသူများကတော့ ထိုအမျိုးသားရဲ့ မိန်းမနဲ့သားဖြစ်သူ ဖြစ်ပြီး အခင်းဖြစ်ပွားချိန်ကတော့ ညနေခင်း (၃)နာရီ (၄၀)မိနစ်မှာ……” သတင်းကြေညာသူရဲ့ စကားသံကို ကျွန်မ မခံစားနိုင်တော့လို့ TV ကိုပိတ်လိုက်တယ်။ ကျွန်မ မယုံကြည်နိုင်ပါဘူး။ ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး။ နောက်ပိုင်း လတွေကတော့ ကျွန်မအတွက် ငရဲလိုပါပဲ။ ကျောင်းကနေထွက်ပြီး အိမ်ပြန်လိုက်ရတယ်။ ဘယ်သူ့ကို ယုံကြည်ရမှန်း၊ အကူအညီတောင်းရမှန်း မသိတော့ပါဘူး။ ဆွေမျိုးသားချင်းတွေတောင်မှ အကူအညီပေးဖို့ မကမ်းလှမ်းကြဘူး။ ကျွန်မရဲ့ မေးခွန်းတွေကိုလည်း ဘယ်သူမှ မဖြေပေးကြဘူး။ ဖေဖေ့ဆီက အဖြေတွေရဖို့အတွက် ကျွန်မ နေ့တိုင်း ထောင်ဝင်စာ သွားတွေ့တယ်။ “ဖေဖေ… သမီးကို ကြည့်ပါဦး။ ဖေဖေ့ရဲ့ သမီးဦးလေးလေ။ သမီး ပြန်လာပြီလေ။ ကျောင်းကနေ ထွက်ပြီးတော့တောင် အိမ်ပြန်လာတာ။ နောက်နှစ်မှ ဆက်တက်လို့ရတယ်။” ရွှင်ပျတဲ့လေသံနဲ့ ကြိုးစားပြီး ဖေဖေနဲ့ စကားပြောဖို့ စကားစလိုက်တယ်။ “ပြန်ပါတော့…။” ဖေဖေ ကျွန်မနဲ့ မျက်လုံးချင်းတောင် မဆိုင်ဘူး။ ကျွန်မ ဒီလိုအချိန်တွေကို ငရဲလို့ထင်ခဲ့တာ။ တကယ်တော့ အဆိုးဆုံးဆိုတဲ့ အရာတွေက တရားရုံးမှာ အမှုအတွက် စစ်ဆေးခံရတဲ့ အချိန်မှစတာ။ ကျွန်မ မုန်းတီးသွားလောက်အောင် မေးခွန်းတွေ ထပ်ခါတလဲလဲ စစ်ဆေးခံရတယ်။ “ဒီမှာကြည့်! ကျွန်မအဖေမှာ ပြစ်မှုရှိတယ်။ ဒါကိုရှင်တို့ သိနေတာပဲ။ ကျွန်မကိုယ်တိုင်တောင် အဖြေမသိရဘဲ ကျွန်မကိုတော့ သက်သေမလိုက်ခိုင်းပါနဲ့!” ကျွန်မ ရှေ့နေလူကြီးကို မျက်ရည်ကျလျက် ပြန်အော်မိလိုက်တယ်။ ကျွန်မကို အမှောင်ထုထဲမှာထားပြီး နှိပ်စက်နေကြသလိုပဲ။ ဖေဖေဘာလို့ ကျွန်မ အမေနဲ့မောင်လေးကို ဒီလိုမျိုး ရက်ရက်စက်စက် သတ်လိုက်လဲ ကျွန်မဘာမှမသိဘူး။ ဘယ်သူမှလည်း မပြောပြကြဘူး။ ကာယကံရှင် ဖေဖေကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး…။ ကားပေါ်ကနေဆင်းပြီးတော့ ကျွန်မနဲ့ဖေဖေနဲ့ အရင်က အချိန်သွားဖြုန်းနေကျ ကွင်းပြင်လေးတစ်ခုထဲကို ဆင်းလိုက်တယ်။ ဖေဖေ့ခမျာတော့ မိုးကုတ်စက်ဝိုင်းကြီးကို အရင်ကအတိုင်း အားပါးတရ ကြည့်နေတာပေါ့။ “ဖေဖေ… သမီးပါ။ နေကောင်းရဲ့လား?” ဖေဖေ ဘာမှပြန်မပြောပါဘူး။ ဒါပေမယ့် ဒီနေ့ ကျွန်မသိချင်တဲ့ အဖြေတွေကို နောက်ဆုံး မရ ရအောင် တောင်းမယ်လို့ ဆုံးဖြတ်ပြီးပါပြီ။ ပျောက်ဆုံးနေတဲ့ ဝိညာဉ်တစ်ခုလို ခိုကိုးရာမဲ့ မဖြစ်ချင်တော့ဘူး။ “ဖေဖေ သမီးကို စကားပြောပါဦး။ ဖြစ်ပျက်ခဲ့တာတွေက (၁၂)နှစ်တောင် ကြာနေပြီပဲကို။ သမီးမှာ သိပိုင်ခွင့်ရှိတယ်လို့ ဖေဖေ မထင်ဘူးလား? ကိုယ့်အမေနဲ့မောင်လေး ဘာကြောင့်အသတ်ခံလိုက်ရလဲ သမီးမှာ သိပိုင်ခွင့်ရှိတယ်လို့ မထင်ဘူးလား? ဗလာနတ္ထိဘဝကြီးထဲမှာ မနေချင်တော့ဘူး ဖေဖေရယ်။ သမီးရူးသွားလိမ့်မယ်။ နော်… ဖေဖေ… နော်?” ဖေဖေ့ရဲ့ ပေါင်ပေါ်ကို ငိုနေရင်း လဲကျသွားတယ်။ ကျွန်မ ဖေဖေ့ကို ကြည့်လိုက်တဲ့အခါမှာတော့ ဖေဖေက ကျွန်မကို ပြန်ကြည့်နေတယ်။ အချိန်အကြာကြီး ကျွန်မမျက်နှာကို ကြည့်ပြီးတဲ့ နောက်ဆုံးတော့ ဖေဖေ ကျွန်မကို စကားစပြောလာတယ်။ “ဖေဖေ တောင်းပန်ပါတယ် သမီးလေးရယ်…။” (၁၂)နှစ်ကြာပြီးမှ ဖေဖေ ပထမဆုံး ပြောတဲ့စကား။ “ရပါတယ် ဖေဖေရယ်။ သမီးရှိတယ်လေ။” ဖေဖေ့လက်တစ်စုံကို ကိုင်လိုက်တယ်။ “သမီးမေမေနဲ့ မောင်လေးကို ဖေဖေ မသတ်ခဲ့ဘူး။ ဖေဖေ့ကိုယုံပါ လီနာ။” ကျွန်မ ခေါင်းညိတ်လိုက်တယ်။ နောက်ဆုံးတော့ အမှန်တရားက ထွက်ပေါ်လာတော့မယ်။ Jigsaw ပဟေဠိတစ်ခုလို ပုံဆက်ကားချပ်တစ်ခု အပိုင်းအစတွေ ပြည့်လာတော့မယ်။ “အခင်းဖြစ်တဲ့နေ့မှာ သမီးဦးလေး အိမ်ကိုလာလည်တယ်။ ပိုက်ဆံအရေးတကြီး လိုတယ်ဆိုပြီး $၅၀,၀၀၀ လာချေးတယ်။ သူ့အကြွေးရှင်တွေက အကြွေးပြန်ဆပ်ဖို့ ကြေးစားလူငှားပြီး သူ့နောက်ကို လိုက်ခိုင်းနေလို့တဲ့။ အဲ့လောက် ဖေဖေတို့ မတတ်နိုင်ပေမယ့် ရှိသလောက်ထုတ်ပေးဖို့ ပြင်ဆင်ပြီးသွားပြီ။ ရှိသလောက် ပိုက်ဆံတွေကလည်း သမီးမောင်လေးကို ကျောင်းထားဖို့ စုထားတဲ့ ပိုက်ဆံတွေဆိုတော့ သမီးမေမေက မပေးချင်ဘူး။ အဲ့တော့ သမီးဦးလေးကို အော်ငေါက်လိုက်တယ်။ သူဘယ်လောက် အသုံးမကျတဲ့ အကြောင်းတွေ အော်ငေါက်လိုက်တာပေါ့။ အဲ့တော့ သမီးဦးလေးက ဒေါသထွက်ပြီး သမီးမေမေရဲ့လည်ပင်းကို အနီးနားက ဓားတစ်လက်နဲ့ လှီးလိုက်တယ်။ ကြမ်းပြင်ပေါ်က သွေးအိုင်ထဲမှာ အသက်မဲ့နေတဲ့ သမီးမေမေရဲ့ ခန္ဓာကိုယ်ကို ဖေဖေငေးကြည့်ရင်း တုတ်တုတ်တောင် မလှုပ်နိုင်တော့ဘူး။ သမီးမောင်လေးက မေမေ့အော်သံကြားတော့ ပြေးဆင်းလာပြီး သမီးဦးလေးကို ထိုးလိုက်တယ်။ သမီးမောင်လေးလည်း ဓားနဲ့အထိုးခံရပြီး ပွဲချင်းပြီး ဆုံးသွားတာပေါ့။ သူအသိပြန်ရလာတော့ ဖေဖေ့လက်ထဲကို ဓားပေးခဲ့ပြီး ထွက်ပြေးသွားတယ်။ ဖေဖေမတားမိခဲ့ဘူး။ ဖေဖေ့အသက်လည်း အဲ့နေရာမှာတင် ဆုံးရှုံးသွားခဲ့ပြီ။ ပိုက်ဆံဆင်းရဲရင် နေနိုင်တယ်။ မိသားစုမရှိတော့ ဖေဖေ့ဆီမှာ ထပ်ပြီးဆုံးရှုံးစရာ မရှိတော့ဘူး။ သမီးဦးလေးကလည်း ဖေဖေ့ညီပဲလေ။ သမီးအကြောင်းကို နောက်ကျသွားတော့မှ စဉ်းစားမိသွားတယ်။ ရဲတွေရောက်လာတော့ ဖေဖေ့ကို “လူသတ်သမား” လို့ သမီးခေါင်းစဉ်တပ်ချင်လည်း တပ်လိုက်ပါတော့ဆိုပြီး စိတ်ကိုချလိုက်တယ်…။” ဖေဖေ အသံတိတ်သွားပြီ ခေါင်းငိုက်စိုက်သွားတယ်။ နောက်ဆုံးတော့ အမှန်တရား ပေါ်လာခဲ့ပြီ။ အဖြေတွေက ကျွန်မမျက်မှောက်မှာတင် ရှိနေခဲ့တာပဲ။ အမှန်တရားကို လက်ခံနိုင်မယ် ထင်ခဲ့တာ။ ကျွန်မ ဒေါသတွေ တလိပ်လိပ်တက်လာတယ်။ အားရပါးရ အော်ပစ်ချင်စိတ်တွေ ပေါက်လာတယ်။ အမှန်အတိုင်း မပြောပြခဲ့တဲ့ ဖေဖေ့ကိုလည်း ဒေါသထွက်မိတယ်။ “လူသတ်သမားရဲ့သမီး” လို့အခေါ်ခံရတာကိုလည်း ဒေါသထွက်မိတယ်။ မေမေနဲ့မောင်လေးနဲ့ သွေးအိုင်ထဲမှာ နစ်နေတဲ့ ပုံရိပ်တွေ ကျွန်မခေါင်းထဲ ပြေးဝင်လာတယ်။ ဖေဖေ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မိုးကုတ်စက်ဝိုင်းကိုကြည့်ရင်း အဝေးကိုသာ ပျံသန်းသွားချင်မိတော့တယ်…။ ...

By:Kawi 22/07/2019
Back to Top