Loading...

Home Kawi Eats Kawi Inspires

Trending

Feed

သင်ခြေတစ်လှမ်း ခဏဆုတ်ဖို့ လိုနေပြီလား? In:Kawi Inspires, Life Hacks
0 2 0

ကျွန်တော်တို့တွေအများစုမှာ ကိုယ်လုပ်နေတဲ့အရာတွေက အဆင်မပြေတာတွေနဲ့ကြုံတွေ့ရတတ်ပြီး ရှေ့ဆက်တိုးဖို့ခက်တဲ့အချိန်တွေ ရှိပါတယ်။ အဲဒီလိုအချိန်တွေမှာ အတင်းဇွတ်ရှေ့ဆက်တိုးပြီး အမှားတွေဆက်လုပ်နေမိမယ့်အစား အခြေအနေအချိန်အခါကြည့်ပြီး အချိန်ယူပြီးသေသေချာချာပြန် စဉ်းစားဖို့အတွက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သင့်ပါတယ်။ ဒီလိုမျိုး တချို့အရာတွေမှာ ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်တာက ကိုယ်လုပ်နေတဲ့အရာတွေကို မှန်မမှန်ပြန်ပြီးလေ့လာဖို့ အခွင့်အရေးရရှိစေမှာပါ။ ကျွန်တော်ဆိုရင်လည်း စာတွေရေးနေရင်းနဲ့ အကြပ်ရိုက်ပြီးစဉ်းစားလို့မရတော့တဲ့ အချိန်တွေဆိုတာ တစ်ခေါက်ထက်မနည်းပါဘူး။ အဲဒီလိုအချိန်တွေမှာ ကိုယ်ရေးနေတဲ့စာတွေအတွက် မထွက်တော့တဲ့အကြံဉာဏ်တွေကို အတင်းဆက်ပြီးညှစ်ထုတ်မနေတော့ဘဲ အချိန်နည်းနည်းလောက် ကိုယ့်ကိုကိုယ်အနားပေးလိုက်တယ်။ ကော်ဖီလေးတစ်ခွက်နှစ်ခွက်လောက် ထသောက်တာမျိုး၊ ၀ရံတာကိုထွက်ပြီးလေညှင်းခံရင်း ကိုယ့်စိတ်ကိုခဏလောက် အနားယူတာမျိုးလုပ်ပြီးမှ ကိုယ်ရေးရမယ့်စာတွေအတွက် ဆက်စဉ်းစားကြည့်တယ်။ ဒီလိုမျိုး (၁၅) မိနစ် လောက်ကိုယ့်ကိုကိုယ် အနားမပေးဘဲ ဆက်ပြီးအတင်းစဉ်းစားနေရင် နောက် (၁) နာရီ၊ (၂) နာရီလောက် ကြာသွားတာတောင်လိုချင်နေတဲ့ အကြံတွေထွက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်လုပ်မရတဲ့အရာတွေကို ချက်ချင်းအတင်းကြီးဆက်မလုပ်ဘဲ နောက်ခဏဆုတ်ပြီးမှပြန်လုပ်ကြည့်တာက ကိုယ့်အပေါ်မှာဖိအားတွေနဲ့ ပိမနေစေဖို့ အကောင်းဆုံးနည်းတစ်ခုပါ။ တစ်ခါတလေမှာတော့ ကိုယ်လုပ်နေကျနည်းလမ်းတွေအတိုင်း ဖြေရှင်းရမလွယ်ကူတတ်တဲ့ အခက်အခဲတွေပေါ်လာတတ်ပါတယ်။ အဲဒီလိုမျိုးအချိန်တွေမှာ ကိုယ့်ကိုကိုယ် ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ကိုယ်လုပ်နေတဲ့အရာတွေကနေ ခေတ္တခဏလောက် နောက်ဆုတ်ကြည့်လိုက်ပါ။ တချို့အရာတွေမှာ ကိုယ်ကနောက်ဆုတ်ပေးလိုက်လို့ နစ်နာသွားတာမျိုးမရှိဘဲ ဘယ်လိုမျိုးကောင်းကျိုးတွေကိုပါ ရရှိလာစေလဲဆိုတာကိုတော့ ဝေမျှပေးချင်ပါတယ်။ ၁) ရှေ့ဆက်လျှောက်ဖို့ခက်ခဲနေပြီဆိုရင် ခဏတဖြုတ်လောက်ဖြစ်ဖြစ်အနားယူပြီးမှ ဆက်လျှောက်ပါ။ ကိုယ်လုပ်နေတဲ့အရာတွေမှာ အခက်အခဲအတားအဆီးတွေနဲ့ ကြုံလာရပြီး ဆုံးဖြတ်ချက်ချရခက်ဖြစ်နေခဲ့ပြီဆိုရင် ခဏလောက်နောက်ဆုတ်လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပါ။ ကိုယ်လုပ်နေတဲ့အရာတွေကို ဆက်ပြီးရှေ့ဆက်တိုးဖို့ ခက်ခဲလာတဲ့အထိ စိတ်ရှုပ်စရာကောင်းလာခဲ့ရင်တော့ ကိုယ့်ကိုကိုယ်ခဏတဖြုတ်လောက် စိတ်အပန်းဖြေဖို့ အနားယူချိန်ပေးလိုက်ပါ။ ဒီလိုမျိုးအနားယူလိုက်တာက ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ ဖိအားတွေကိုလျော့နည်းသွားစေတဲ့အတွက် ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ ပိုပြီးကောင်းမွန်တဲ့ရလာဒ်တွေကို ရရှိလာစေနိုင်ပါတယ်။ ၂) ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချဖို့ ကိုယ့်ကိုကိုယ်အခွင့်အရေးပေးလိုက်တာပါ။ ကိုယ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို တခြားလူတွေကကိုယ့်နေရာမှာဝင်ပြီး လာဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။ အများဆုံး အကြံဉာဏ်ပေးတာလောက်အထိပဲ ကူညီပေးနိုင်လောက်မှာပါ။ ကိုယ့်ရဲ့အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်လား မဖြေရှင်းနိုင်လားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ခဏတဖြုတ်နောက်ဆုတ်ပေးလိုက်တာက ကိုယ့်ကိုကိုယ်အသေချာဆုံး ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေးပေးလိုက်တာပါပဲ။ ၃) အရှေ့ကိုခြေလှမ်းပေါင်းများစွာဆက်လှမ်းဖို့ အနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ ခြင်္သေ့တစ်ကောင်က သူ့ရဲ့သားကောင်ကို မခုန်အုပ်ခင်ခြေတလှမ်းနောက်ဆုတ်လေ့ရှိတယ်တဲ့။ အဲဒီလိုပဲ ကျွန်တော်တို့တွေကလည်း ကိုယ်လုပ်ကိုင်ရမယ့်အရာတွေအတွက် ရှေ့ဆက်မလှမ်းခင်မှာ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ကိုယ့်ကို်ကိုယ်ခွန်အားတွေရယူထားရမှာပါ။ အဲဒါမှကိုယ်လုပ်နေတဲ့အရာတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်နိုင်မှာဖြစ်သလို နောက်ထပ်ခြေလှမ်းတွေဆက်လှမ်းဖို့အတွက်လည်း အဆင်သင့်ဖြစ်နေမှာပါ။ နောက်ဆုံးအနေနဲ့ နောက်ဆုတ်လိုက်တာက လက်လျှော့အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က အရှုံးပေးပြီးစွန့်လွှတ်လိုက်တာကမှ လက်လျှော့လိုက်တာမျိုးပါ။ ကိုယ်လက်မလျှော့လိုက်သေးသ၍ကတော့ ပြန်ကြိုးစားပြီးအောင်မြင်အောင် လုပ်နိုင်ပါသေးတယ်။ အဲဒါကြောင့် ကိုယ်လျှောက်လှမ်းနေတဲ့လမ်းပေါ်မှာ ဖြေရှင်းရခက်တဲ့အတားအဆီးတွေအတွက် ခဏတဖြုတ်နောက်ဆုတ်လိုက်ပြီး ကိုယ့်ရဲ့ခြေလှမ်းတွေခိုင်မာလာတဲ့အထိ ပြန်ကြိုးစားကြည့်နိုင်ပါသေးတယ်။ အဓိကကတော့ ကိုယ့်ရဲ့ဦးတည်ချက်တွေကို မပြောင်းလဲဘဲ ပြန်ကြိုးစားကြည့်ဖို့ပါ။ ...

By:Kawi 23/08/2019
“Foodie Su ပြောပြတဲ့သူမရဲ့နေ့စဉ် Skincare Routine” In:Beauty Hacks, Kawi Inspires
4 9 3

အလှအပဆိုတာအရေပြားတစ်ထောက်ပဲဆိုပေမယ့် မိန်းကလေးတစ်ယောက်အတွက် အသားအရေကောင်းဖို့က အရမ်းအရေးကြီးပါတယ်။ The Fit Slay Queens အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Su ကသူမရဲ့နေ့စဉ်  skin care routine ကိုအခုလိုပြောပြထားပါတယ်။ ပထမဆုံးမိန်းကလေးတွေအနေနဲ့ အသားအရေဂရုစိုက်တော့မယ်ဆိုရင် ကိုယ့်အသားအရေကဘယ်အမျိုးအစားလဲဆိုတာ သိဖို့အရေးကြီးတယ်ပေါ့နော်။ Su အသားအရေက  combination type ပါ။ နှာခေါင်းနဲ့နဖူးနေရာ Tzone ကအဆီပြန်ပါတယ်။ Su အသားအရောင်ကyellow tone ပါ။ နောက်ပြီး Su က အပြင်စာအရမ်းစားတဲ့အတွက် တစ်ခုခုစားမိပြီဆို breakout ဖြစ်တတ်တယ်။ မတည့်တာစားပြီးနောက်နေ့ဆို အနီစက်၊ ဝက်ခြံတွေထွက်လာရော။ အဲဒီတော့ skincare ကိုတော့သေချာလုပ်ဖြစ်ပါတယ် Su ရဲ့ skincare routine ကတော့နေ့နဲ့ည ခွဲထားပါတယ်။ Day routine အဆင့် ၁ – Facial Foam မနက်နိုးတာနဲ့ မျက်နှာသစ်ပါတယ်။ Su ကဝက်ခြံရှိတဲ့အတွက် ဝက်ခြံသမားတွေအတွက်သင့်တော်တဲ့ Biore က Marshmallow Whip Facial Acne Care Wash သုံးပြီးသစ်ပါတယ်။ အဆင့်၂ – Toner  တချို့ကမျက်နှာသစ်ပြီးတာနဲ့ မိတ်ကပ်တမ်းလိမ်းတတ်ကြတယ်။ ဒါပေမယ့် Su အနေနဲ့ toner သုံးတာကိုလုံးဝမလုပ်ပဲမနေဖို့ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ အညစ်အကြေးတွေကမျက်နှာသစ်ဆေးနဲ့မပြောင်တတ်တာရှိတော့ toner ကို cotton pad လေးနဲ့ယူပြီးသုံးသင့်ပါတယ်။ အဆင့်၃ – Moisturiser Toner သုံးပြီးတာနဲ့ နို့ရည်လိမ်းပါတယ်။ Su ကတော့ Laneige ရဲ့ balancing emulsion (light) ကိုသုံးပါတယ်။ အဆင့်၄ – Sunblock  နေရောင်ခြည်နဲ့ မီးချောင်းတွေကထွက်တဲ့အလင်းတန်းတွေဟာ အသားအရေကိုထိခိုက်စေပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် Sunblock ကအရေးကြီးပါတယ်။ sunblock အများစုက ဖြူဖြူပျစ်ပျစ်တွေဖြစ်တတ်တဲ့အတွက် Su လိုအဆီပြန်တတ်တဲ့သူတွေအတွက်က နည်းနည်းကျဲတဲ့ Sunblock တွေကအဆင်ပြေပါတယ်။ Su လက်ရှိသုံးနေတဲ့ Biore aqua rich watery gel က မျက်နှာပေါ်မှာ အေးသွားတဲ့အပြင်သူ့ texture ကလည်းရေလိုပဲဆိုတော့ အရမ်းအဆင်ပြေပါတယ်။ အဆင့်၅ – Primer Primer ကိုမိတ်ကပ်မလိမ်းခင်မိတ်ကပ်သားစွဲအောင် လိမ်းရတဲ့အဆင့်အနေနဲ့လူသိများပါတယ်။ ဒါပေမယ့် Su ကတော့ primer ဟာကိုယ်ရှေ့ကလုပ်သွားတဲ့ skin care တွေအသားပေါ်မှာပိုမြဲစေပြီး မိတ်ကပ်နဲ့အသားအရေကြားမှာ အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထားတဲ့အတွက် သုံးသင့်ပါတယ်။ ပြီးရင်တော့ကိုယ်သုံးနေကျ မိတ်ကပ်သုံးပေါ့နော်။ Night time skin care routine အဆင့်၁ – Makeup Remover Su ကမိတ်ကပ်လိမ်းနေကျဖြစ်တဲ့အတွက် makeup remover ပုံမှန်သုံးပါတယ်။ အဆီပြန်တတ်တော့ oil base makeup remover တွေကိုရှောင်ပြီး micellar water သုံးပါတယ်။ နောက် Su  လုပ်တတ်တာတစ်ခုကမျက်နှာကို ၂ပတ်တစ်ခါလောက် facial scrub လုပ်တာပါ။ Su ကတော့နည်းနည်းကြမ်းတဲ့ scrub သုံးပါတယ်။ မျက်နှာက်ို scrub လုပ်ခြင်းအားဖြင့်နောက်ထပ်သုံးမယ့် skincare တွေအာနိသင်လည်းပိုထိရောက်တာပေ့ါနော်။ နောက် Su အရမ်းကြိုက်တဲ့ skin exfoliator လေးက Cure Natural Aqua Gel ပါ။ သူက တခြား scrub တွေလောက်လည်းမကြမ်းပဲ လိမ်းလိုက်ရင် အဖတ်အဖတ်လေးတွေကွာပြီးမျက်နှာလည်း ခြောက်ပြီးမကျန်ပါဘူး။ အဆင့် ၂ – Facial Wash makeup remover တွေ scrub တွေသုံးပြီးရင်မျက်နှာ အသားအရေကအရမ်းနုနေပြီမလို့ ပုံမှန် facial foam သုံးလို့မရပါဘူး။ cetaphil က Gentle Skin Cleanser လေးကအရမ်းကို mild ဖြစ်တဲ့အတွက် သုံးဖြစ်ပါတယ်။ အဆင့်၃ – Toner သုံးပါတယ်။ အဆင့်၄ – Essence Scrub လုပ်ထားတဲ့နေ့တွေဆိုရင် Estee Lauder ရဲ့ Advanced Night Repair လေးသုံးပါတယ်။ သူက essence ပေမယ့်ရေလိုမျိုးအေးအေးလေးနဲ့ခြောက်တာမြန်ပါတယ်။ ပုံမှန်နေ့တွေဆိုရင်တော့ Laneige Water Bank Essence လေးသုံးပါတယ်။ သူက ပင်ပန်းနေတဲ့အသားအရေတွေကို ရေဓါ်တ်ဖြည့်ပေးတာအရမ်းကောင်းပါတယ်။ အဆင့်၅ – Sleeping mask လေးသုံးလိုက်ပါတယ်။ Su ပေးချင်တဲ့ tips ကတော့မိတ်ကပ်အညစ်အကြေးတွေကို သေချာသစ်ပါ။ toner နဲ့ moisturizer ကိုသုံးဖြစ်အောင်သုံးပါ။ ကျန်တဲ့ step တွေကတော့ကိုယ်ဂရုစိုက်ရင်စိုက်နိုင်သလောက် အသားအရေကိုထိန်းသိမ်းကြဖို့ ပြောချင်ပါတယ်။ The Fit Slay Queens အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Su ကတော့သူမရဲ့ skin care routine ကိုအခုလို share ထားပါတယ်။ တခြား အလှအပကျန်းမာရေးဆိုင်ရာ tips လေးတွေသိချင်ရင်လည်း The Fit Slay Queens page က သိသလောက်ဖြေသွားပါမယ်။ မိန်းကလေးအားလုံး လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး ဖြစ်နိုင်ကြပါစေလို့။  ...

By:Kawi 22/08/2019
နာရီဝက်နောက်ကျတာက မြန်မာလူမျိုးတွေရဲ့ အကျင့်တစ်ခုလား? In:Inspiration/Aspiration/Motivation, Kawi Inspires, Life Hacks
0 1 0

ကျွန်တော်တို့တွေအများစုက တစ်နေရာရာသွားတော့မယ်ဆိုရင် အမြဲနောက်ကျတတ်ကြတယ်။ ကိုယ့်ရဲ့ရုံးတက်ချိန်က မနက် (၉) နာရီဆိုရင် အနည်းဆုံး မိနစ် (၃၀) လောက်နောက်ကျတတ်တာက ပုံမှန်အလေ့အထတစ်ခုလိုဖြစ်နေကြတယ်။ ဒါပေမယ့်ဒီလိုမျိုး ကိုယ်နောက်ကျနေလို့လည်း ဘာမှမပြောင်းလဲဘူးလို့ ထင်နေတတ်ကြတယ်။ အမှန်တကယ်မှာတော့ ကိုယ်နောက်ကျသွားတဲ့အချိန်တွေက ကိုယ်နဲ့ချိန်းထားတဲ့လူတွေ၊ ကိုယ့်အလုပ်ကအဖွဲ့သားတွေအပေါ်မှာ အများကြီးသွားသက်ရောက်နေတတ်ပါတယ်။ ကိုယ် (၁၅) မိနစ်လောက် နောက်ကျတာကို ဘာမှမဖြစ်ဘူးလို့ပဲ တွေးမိနေတဲ့အချိန်မှာ ကိုယ့်ကိုစောင့်နေတဲ့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အချိန် (၁၅) မိနစ်စီကို ဖြုန်းတီးလိုက်တာဖြစ်ပါတယ်။ ကိုယ့်ကို (၁၅) မိနစ်လောက် လူ (၄) ယောက်က စောင့်နေခဲ့ရတယ်ဆိုရင် အလုပ်လုပ်နိုင်စွမ်း (၁) နာရီနဲ့ (၁၅) မိနစ်ကို ဖြုန်းတီးမိလိုက်တာ ဖြစ်တယ်လို့ သတိထားမိပါသလား? အဲဒါကြောင့်ကိုယ်နောက်ကျတော့မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ကိုစောင့်နေရမယ့်သူတွေကို ကြိုပြီးအကြောင်းကြားတာမျိုး မမေ့မလျှော့လုပ်ရမှာပါ။ ဒီလိုမျိုးပြုလုပ်တာက တခြားသူတွေအပေါ် ကိုယ့်ရဲ့လေးစားမှုရှိတာကိုဖော်ပြတဲ့အပြုအမူတစ်ခုပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ခုခုချိန်းထားတာ ဒါမှမဟုတ် ရုံးတက်၊ ကျောင်းတက်ရင်ကိုပဲ အနည်းဆုံး မိနစ် (၃၀) လောက်နောက်ကျတာက ပုံမှန်အလေ့အထတစ်ခုလိုမျိုး ဖြစ်နေချိန်မှာ တခြားနိုင်ငံတွေမှာရော ကျွန်တော်တို့တွေဒီလိုမျိုး (၁၅) မိနစ်ကနေ နာရီဝက်လောက်နောက်ကျမိမယ်ဆိုရင်ရော?  ဆွစ်ဇလန်နိုင်ငံမှာဆိုရင် ဒီလိုမျိုးအချိန်အကြာကြီးနောက်ကျနေဖို့ထက် ချိန်းထားတဲ့အချိန်ကွက်တိရောက်လာရင်တောင် နောက်ကျနေပြီလို့ ယူဆတတ်လို့အမြဲ ချိန်းထားတဲ့အချိန်ထက်ပိုပြီး စောစောသွားတတ်ကြပါတယ်။ အဲဒီလိုပဲ ဂျပန်နိုင်ငံမှာလည်း ချိန်းထားတဲ့အချိန်ထက် မိနစ်ပိုင်းလေးနောက်ကျပြီး ရောက်လာခဲ့ရင်တောင် ကိုယ်နောက်ကျတဲ့အတွက် ပြန်ပြီးတောင်းပန်ရတဲ့အထိ အချိန်နောက်ကျတဲ့အပေါ်မှာ စည်းကမ်းတင်းကျပ်တာတွေ ရှိပါတယ်။ အဲဒါကြောင့် ကိုယ်ကအမြဲနောက်ကျတတ်တဲ့လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ပြီး ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်ကို ကိုယ်ကိုယ်တိုင်ပြင်ကြည့်လိုက်ပါ။ ၁) သူများနောက်ကျတိုင်း လိုက်နောက်မကျပါနဲ့။ လူတိုင်းနောက်ကျတတ်လို့ဆိုပြီး ငါလည်းလိုက်နောက်ကျမယ်ဆိုတဲ့ အတွေးမျိုးကို ဖျောက်ပစ်လိုက်ပါ။ အထူးသဖြင့် ကိုယ်က အကြီးအကဲ၊ ခေါင်းဆောင်တစ်ယောက်ဆိုရင် ကိုယ်နောက်ကျတာနဲ့ ကိုယ့်လက်အောက်ငယ်သားတွေပါ နောက်ကျဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ အပေါ်မှာပြောခဲ့သလို ကိုယ့်ကို တစ်ယောက်စောင့်နေရတာနဲ့ သင်က ကိုယ့်ရဲ့အချိန်တင်မဟုတ်ပါဘူး စောင့်ပေးနေရတဲ့လူတစ်ယောက်ရဲ့ အချိန်ကိုပါ ဖြုန်းပစ်လိုက်တာဖြစ်ပါတယ်။  ၂) အကောင်းဆုံး ကိုယ့်ကိုကိုယ်ကြိုတင်ပြင်ဆင်ထားပါ။ တစ်နေရာရာမသွားခင် ကိုယ့်ရဲ့ပစ္စည်းတွေပါမပါစစ်ရတာ၊ အိမ်ရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ ဘာလုပ်နေမှန်းမသိတာ၊ အဝတ်အစားလဲတာ၊ သော့ပျောက်နေလို့ရှာနေရတာတွေနဲ့ပဲ အချိန်တွေကုန်မှန်းမသိကုန်သွားခဲ့တယ်။ အမှန်တကယ်ဆိုရင် ဒီလိုမျိုးအရာတွေအတွက် ကိုယ်မသွားခင် နာရီဝက်လောက်အနည်းဆုံးချန်ပြီး ကိုယ့် တစ်ကိုယ်ရေတကာရအလုပ်တွေကို ပြန်ပြီးစစ်ဆေးသင့်တာပါ။ ၃) Facebook သုံးရင်းအချိန်တွေကုန်သွားပြီလား။ အလုပ်မသွားခင် အချိန်စောသေးတယ်ဆိုပြီး ကိုယ့်ရဲ့ဖုန်းကနေ Facebook, Instagram, YouTube သုံးတာတွေ၊ ဂိမ်းဆော့လိုက်တာတွေက ကိုယ့်ရဲ့အချိန်တွေကို ကုန်မှန်းမသိ တဖြည်းဖြည်းနဲ့ကုန်သွားစေတာပါ။ အဲဒါကြောင့် ကိုယ်တစ်နေရာရာသွားဖို့ကို အချိန်နည်းနည်းလောက်စောနေသေးတယ်ဆိုပြီး Facebook ကြည့်လိုက်တာ ဂိမ်းတစ်ပွဲလောက်ဆော့လိုက်တာတွေကို တတ်နိုင်သလောက်လျှော့လိုက်ပါ။ ၄) ဆင်ခြေတွေပေးတုန်းလား။ ကျွန်တော်တို့ဒီမှာ အဆိုးဆုံးအချက်တစ်ခုက ဆင်ခြေပေးတာပါ။ လမ်းပိတ်လို့၊ ကားပိတ်လို့၊ အိပ်ရာထနောက်ကျသွားလို့ စတဲ့ကိစ္စတွေက ဆင်ခြေတွေပါ။ ပိုဆိုးတာက တချို့တွေကဒီဆင်ခြေတွေကို နောက်ကျလို့ရတဲ့ အခွင့်အရေးတစ်ခုလိုမျိုး အသုံးပြုနေကြတာပါပဲ။ ကားပိတ်တာ၊ လမ်းပိတ်တာ၊ အိပ်ပျော်နေတာတွေဆိုတာ လူတိုင်းကြုံနေရတာပဲဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း ကြုံတွေ့နေရတဲ့ အခက်အခဲမျိုး မဟုတ်ပါဘူး။ ဒီတော့ ဒီလိုတွေဖြစ်တတ်တယ်ဆိုတာသိရင် စောသွားပါ။  ၅) အမြဲနောက်ကျနေရတာ ရိုးမနေဘူးလား။ ရုံးတက်တဲ့အခါ၊ ကျောင်းတက်တဲ့အခါတွေနဲ့ ချိန်းထားတဲ့နေရာတွေကို အချိန်မှီမရောက်ဘဲ အမြဲတမ်းနောက်ကျဖူးမှာပါ။ အဲဒါကြောင့် တစ်ရက်တလေလောက်လေး စောပြီးသွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ ဒီလိုမျိုးတစ်ရက်လောက်လေး စောသွားနိုင်ခဲ့ပြီဆိုရင် နောက်လည်းအချိန်မှီအောင် စောပြီးသွားဖို့အတွက် ၀န်လေးနေတော့မှာ မဟုတ်ပါဘူး။ ၆) ကိုယ့်ရဲ့နာရီတွေကိုစောထားပြီး ကိုယ့်ကိုကိုယ်လှည့်စားလိုက်ပါ။ နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့အိမ်မှာရှိတဲ့နာရီတွေကို ပုံမှန်အချိန်ထက် ခပ်စောစောလေးချိန်ထားကြည့်ပါ။ အိမ်ကနာရီတွေ၊ ကိုယ့်ရဲ့နာရီတွေကို မြန်ထားတယ်လို့ ကိုယ့်ရဲ့ စိတ်ထဲမှာ ထည့်မထားဘဲ စောနေတဲ့နာရီတွေကိုကြည့်ပြီး သွားလာလှုပ်ရှားတာပါ။ ဒါဆို ကိုယ့်ရဲ့ အချိန်တွေက ပုံမှန်ထက်စောနေတာဆိုတော့ ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်ကြောင့် အလုပ်နောက်ကျတာတွေ၊ ချိန်းထားတဲ့နေရာကို အချိန်မှန်မရောက်တာတွေ ပျောက်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့အိမ်မှာရှိတဲ့ နာရီတွေ၊ လက်ပတ်နာရီတွေကို (၁၅) မိနစ်၊ မိနစ် (၂၀) လောက်မြန်ထားပြီး ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်လေးကို ဖျောက်ကြည့်ပါ။  နောက်မကျဖူးတဲ့လူမရှိပါဘူး။ ဒါပေမယ့် တစ်ခါတလေနောက်ကျတာကို တခြားသူတွေကဘာမှမပြောဘူးဆိုတာမျိုးကို အခွင့်ကောင်းယူပြီး နောက်ထပ်နောက်ထပ် ဆက်ပြီးနောက်ကျနေမယ်ဆိုတဲ့ စိတ်မျိုး၊ ငါနောက်မကျလည်း တခြားသူတွေနောက်ကျမှာမလို့ ငါလည်းနောက်ကျပြီးမှ သွားမယ်ဆိုတဲ့စိတ်မျိုးတွေကို ဖျောက်ဖျက်ပြစ်ဖို့အရေးကြီးပါတယ်။ တခြားသူတွေအမြဲဆက်ပြီးနောက်ကျနေရင်တောင် အဲဒီနောက်ကျတဲ့အထဲကိုယ်မပါအောင် တတ်နိုင်သလောက်ကြိုးစားပြီးပြင်ဆင်မယ်ဆိုရင် တခြားသူတွေမှားတိုင်း ကိုယ်လည်းလိုက်မှားမိမှာ မဟုတ်ပါဘူး။ Na Na (21.8.2019) ...

By:Kawi 20/08/2019
“လူတိုင်းမှာတန်းတူရှိတဲ့ ၂၄နာရီကို ဘယ်လိုစီမံခန့်ခွဲကြမလဲ?” In:Inspiration/Aspiration/Motivation, Kawi Inspires
1 1 0

အားလုံးပဲ မင်္ဂလာပါ။ အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးနေတဲ့ Eileen’s Corner လေးပါ။  ကျွန်တော်တို့ အလုပ်မပြီးတဲ့အကြောင်း Eileen ကိုပြောပြတဲ့အခါ အဆူခံရလေ့ရှိပါတယ်။ သူအမြဲပြောလေ့ရှိတာက “ကျွန်တော်တို့ အလုပ်မလုပ်လို့ မပြီးတာမဟုတ်ဘူး။ အချိန်ကို စံမံခန့်ခွဲမှုမလုပ်တတ်လို့” ပါတဲ့။ ဒါကြောင့် အလုပ်တွေလုပ်သော်လည်း မပြီးစီးနိုင်၊ ကိုယ်ပိုင်အချိန်လေးတွေ မပေးနိုင်တဲ့လူတွေအတွက် Eileen က သူရဲ့ ကိုယ်ပိုင် အချိန်စီမံခန့်ခွဲပုံလေးကို မျှဝေပေးထားပါတယ်။ ဒီကနေ နမူနာယူပြီးတော့ အလုပ်တွေပြီး၊ ကိုယ်ပိုင်အချိန်လေးတွေ ပိုထွက်လာပါစေလို့ “ကဝိ” တို့ကနေ ဆုတောင်းလိုက်ပါတယ်။ စာလေးကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်… “လူတိုင်းမှာတန်းတူရှိတဲ့ ၂၄နာရီကို ဘယ်လိုစီမံခန့်ခွဲကြမလဲ?” ____________________________________ ဟယ်လို ဟယ်လို်!! တနလာင်္နေ့ကို ပြန်ရောက်ပြန်ပြီနော်… ကိုယ့်အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေပေးဖို့ ကျွန်မကို လာလာမေးကြတယ်။ Hmmmm………. အချိန်… အိုး အချိန်။ လုပ်စရာတွေအများကြီး ရှိပါတယ်ဆိုမှပဲ အချိန်တွေက ဘာလို့ဒီလောက်တောင် အကုန်မြန်ရတာလဲနော်? ကျွန်မကို ကောင်းကောင်းသိတဲ့လူတွေကတော့ သိမှာပါ – ကျွန််မ အရမ်းကို သည်းမခံနိုင်ဖြစ်ရတဲ့ နံပါတ် ၁ အရာတစ်ခုကတော့ “အချိန်မတိကျတာ အချိန်ကို မလေးစားတာ” ကိုပါ။ အတန်းချိန်နောက်ကျရင် ထိုင်ထ ဘယ်နှစ်ခါတောင် လုပ်ရတယ်ဆိုတာ ကျွန်မကျောင်းသားတွေကိုသာ မေးကြည့်လိုက်ကြပါ။ 😕 😕 😕 အချိန်စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လိုသင်ပေးရမလဲ ကျွန်မ တကယ်မသိဘူး။ ကျွန်မအတွက်ကတော့ – အချိန်စီမံခန့်ခွဲခြင်းဆိုတဲ့အရာဟာ ကျွန်မ ငယ်ငယ်လေးထဲက စွဲစွဲမြဲမြဲ လုပ်ဆောင်လာတဲ့ အကျင့်ဖြစ်နေတဲ့ အရာတစ်ခုပါ။ စကောလားရှစ်နဲ့ ကျောင်းတက်ရင်း အဆင့် A ကို ထိန်းထားနိုင်ဖို့ တစ်ဖက်ကစာဖတ်ရင်းနဲ့ ပိုက်ဆံရှာရတာ ပြီးတော့ ကျွန်မမိဘတွေရဲ့ စည်းကမ်းတင်းကျပ်စွာနဲ့ ဆုံးမပဲ့ပြင်မှုတွေကြောင့် ကျွန်မဟာ အချိန်ကို လေးစားဖို့ရယ် အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ရယ်ကို သေချာစွာ နားလည်လိုက်နာခဲ့ရပါတယ်။ ကျွန်မမိဘတွေရဲ့ စည်းကမ်းတင်းကျပ်စွာ ဆုံးမပဲ့ပြင်တာကိုပြောရင်းနဲ့ ကျွန်မဘာကို သတိသွားရလဲဆိုတော့ – အရင်အပတ်တုန်းကပေါ့ ကျွန်မ လေယာဉ်လွတ်သွားတော့မလို့ (ကျွန်မ ၁၀ မိနစ်နောက်ကျပြီး ရောက်သွားတဲ့ အချိန်မှာ ကောင်တာ ပိတ်သွားပြီလေ!! အောင်မလေး!!! ဒီလိုဖြစ်တာဟာ ကျွန်မဘဝမှာ ပထမဆုံးပါပဲ!! အထဲဝင်ခွင့်ပေးဖို့ ကောင်တာကဝန်ထမ်းလေးကို တော်တော်တောင်းပန်လိုက်ရတယ်) ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မအဖေကို ဒီလိုမျိုးပြောပြဖြစ်တယ်… ရုံးမှာ အစည်းအဝေးလုပ်တာ နောက်ကျမှပြီးလို့ အခုလိုနောက်ကျသွားရတဲ့အကြောင်းကို ပြောပြတော့ ကျွန်မအဖေက WhatsApp မှာ ဘယ်လို ပြန်ပြောလဲဆိုတော့ : “တခြားလူတွေကို အပြစ်မပုံချပါနဲ့တဲ့။ ကိုယ့်ရဲ့ အချိန်စီမံခန့်ခွဲမှုမကောင်းတာကိုသာ အပြစ်ပြောပါ” တဲ့။ ငယ်ငယ်ထဲကနေ အခုအချိန်ထိ – တူတူပဲ။ ဆုံးမစရာရှိရင် ကျွန်မကို် သနားမနေဘူး။ 😭😭😭 လူတော်တော်များများကမေးကြတယ် – “အိုင်လင်း… နင်ဘယ်လိုများလုပ်တာလဲ – နင့်မှာ ဒီလောက် မတူညီတဲ့ အလုပ်တွေ၊ ပရောဂျက်တွေလုပ်နေတဲ့ကြားထဲက တခြားတခြားသော နင်အရမ်းရူးသွပ်တဲ့ ပရောဂျက် စတာတွေလည်း လုပ်ဖို့ နင့်မှာ အချိန်ရှိသေးတယ်။ ဘယ်လိုများလုပ်နိုင်တာလဲ????” ပြောရမယ်ဆိုရင်တော့ တင်းကျပ်တဲ့ စည်းကမ်းရှိဖို့ရယ်၊ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာသိဖို့ရယ် ဒါတွေလိုပါတယ်။ ကျွန်မ မနက်တိုင်း ၃နာရီခွဲဆိုရင် ထပါတယ် (စနေဆိုရင်တော့ ၆ နာရီမှာ ထပါတယ်)။ အလုပ်မသွားခင်မှာ ၃ နာရီ လေ့ကျင့်ခန်းပြီးဖို့ ကျွန်မ target ထားပါတယ်။ ဒါကြောင့် alarm စမြည်တာနဲ့ ကျွန်မ အိပ်ရာထဲက ချက်ချင်းထပါတယ်။ ချက်ချင်းမထသေးဘဲ ထဖို့ကြိုးစားရင်း အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီး snooze ခလုတ်နှိပ်တဲ့အလုပ်မျိုး ကျွန်မမလုပ်ပါဘူး။ အဲလိုလုပ်တာဟာ အချိန်ဖြုန်းတာလို့ပဲ ကျွန်မမြင်ပါတယ်။ တကယ်တော့ ကျွန်မဟာ ကိုယ့်အချိန်တွေတွက်ချက်တာကို အရမ်းတိတိကျကျလုပ်နိုင်လို့ ဘယ်အချိန်မှာတော့ လေ့ကျင့်ခန်းစလုပ်မယ်၊ ဘယ်အချိန်မှာတော့ gym ကို ရောက်မယ် (၅နာရီ ၄ရမိနစ်) စသဖြင့် တိတိကျကျ သိနိုင်ပါတယ်။ တစ်ခါတစ်လေ… စောရင် ၂ မိနစ် နောက်ကျရင် ၂ မိနစ် လောက်ပါပဲ။ ကျွန်မရဲ့ training အချိန်ကို ပြည့်ပြည့်ဝဝ အသုံးချပြီး မလုပ်နိုင်ရင် ကျွန်မစိတ်တွေတိုလာတတ်ပါတယ်။ အဲဒါဘာနဲ့တူလဲဆိုတော့ – ဒီ training လုပ်တာဟာ ကျွန်မရဲ့ နေ့တစ်နေ့တာအတွက် ပထမဆုံး အလုပ်တစ်ခုဖြစ်တဲ့အတွက် – အဲဒါကိုသာ ကောင်းကောင်းမစနိုင်လိုက်ရင် အဲဒီနေ့ဟာ အလုပ်လုပ်လို့ မကောင်းတော့ပါဘူး! ဘာလို့ဆို ကျွန်မက ဒီနေ့တော့ ဘာတွေကို အပြီးလုပ်မယ်ဆိုပြီး လုပ်ငန်းဆောင်တာတွေကို သတ်သတ်မှတ်မှတ်လုပ်ဆောင်တတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်သတ်မှတ်ထားတဲ့ အရာတွေကို ပြီးအောင် မလုပ်နိုင်တဲ့ အခါမျိုးမှာ ဆိုရင် ကျွန်မ စိတ်ထဲမှာ နေလို့မကောင်းတော့ပါဘူး။ ဒါကြောင့် ဒီလို စိတ်ထဲနေလို့မကောင်းတဲ့ ခံစားချက်ကြီးကို ရှောင်ကြဉ်နိုင်ဖို့အတွက် ကျွန်မ အချိန်ဖြုန်းခြင်းကို ရှောင်ကြဉ်ပါတယ်။ မြန်မာနို်င်ငံမှာ နေခဲ့တဲ့ ၆ နှစ်တာကာလတစ်လျှောက်မှာ ထရမယ့်အချိန်ကျော်ပြီး အိပ်ပျော်သွားတာမျိုးကို ၂ ခါ ဖြစ်ဖူးပါတယ်။ ပထမတစ်ခါကတော့ ၂၀၁၅ တုန်းကပါ… အဲတုန်းက ကျွန်မ နေမကောင်းလို့ဆေးသောက်ထားတဲ့ အရှိန်နဲ့ အိပ်ပျော်သွားပြီး alarm မြည်နေတာကို လုံးဝမကြားတော့လို့ပါ။ နောက်တစ်ခေါက်ကတော့ မနှစ်ကပါ… ကျွန်မ Europe က ပြန်ရောက်လာပြီး နေ့နဲ့ည အချိန်ကွာခြားချက်ကြောင့် alarm မြည်တာကို မကြားဘဲ အိပ်ပျော်သွားတာက တစ်ခါပါ။ ကျွန်မလည်း လူထဲကလူတစ်ယောက်ပဲလေနော်။ နေ့တစ်နေ့ရဲ့ ကျန်တဲ့ အချိန်တွေကို ဘယ်လို စီမံလဲဆိုတော့… ကျွန်မရဲ့ အချိန်တွေကို ၁၅ မိနစ်စာ အကန့်တွေသတ်မှတ်ပြီး ပိုင်းခြားထားလိုက်ပါတယ်။ ကျွန်မလုပ်ရမယ့် အလုပ်တွေကို အဲဒီ ၁၅ မိနစ်စာ အကန့်တွေထဲထည့်ပြီး ဘယ်အလုပ်ကိုတော့ ၁၅ မိနစ်စာ ဘယ်နှစ်ကန့်ယူမယ်ဆိုပြီး သတ်မှတ်ပြီးလုပ်ပါတယ်။ ဥပမာဆိုရင် ကျွန်မရယ် ဆရာရစ်ချက်ရယ်အတွက် မနက်စာ နေ့လည်စာ ပြင်တာရယ် အဝတ်လျှော်တာရယ် အားလုံးပေါင်းကို ၁၅ မိနစ်စာ တစ်ကန့်ယူလိုက်ပါတယ်။ ရေချိုးတာရယ်၊ အလုပ်သွားဖို့ပြင်ဆင်တာရယ် စတာတွေကို ၁၅ မိနစ်စာ တစ်ကန့်ယူလိုက်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် လျှပ်စစ်မီးက ကျွန်မကို ပုလင်းချိတ်တယ်လေ။ အဲလိုအချိန်မျိုးဆိုရင်တော့ ကျွန်မ တခြားအလုပ်တွေအတွက် ဖယ်ထားတဲ့ ၁၅ မိနစ်စာ အကန့်တွေထဲက ယူသုံးလိုက်ရတာမျိုး လုပ်ရပါတယ်။ အလုပ်ရောက်သွားရင်လည်း ဒီအတိုင်းပါပဲ။ လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ၁၅ မိနစ်စာ အကန့်တွေထဲပဲ ထည့်ပြီး လုပ်ပါတယ်။ တချို့ အလုပ်တွေဖြစ်တဲ့ proposals ရေးရတာမျိုးဆိုရင်တော့ ၁၅ မိနစ်နဲ့ မရဘူးလေ။ အဲဒါမျိုးဆိုရင်တော့ ၁၅ မိနစ်စာ ၄ ကန့် ဆိုပြီး ၁ နာရီ ယူလိုက်ပါတယ်။ ဒီလိုမျိုး အချိန်တွေကို ပိုင်းခြားပြီး လုပ်တာဟာ ကျွန်မဆယ်ကျော်သက်ဘဝထဲက လေ့ကျင့်ခဲ့တဲ့ အရာဖြစ်ပါတယ်။ ဘာလို့ဆို အဲဒီအချိန်တုန်းထဲက ကျွန်မမှာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ လုပ်ငန်းဆောင်တာတွေအများကြီးကို တစ်ပြိုင်နက်လုပ်ခဲ့ရတာကိုး။ ကျွန်မအသက်ကြီးလာတာနဲ့အမျှ ဒီလိုလုပ်တတ်တာဟာ သူ့ဟာသူ အော်တိုမတ်တစ်ပဲ ဖြစ်သွားတယ်။ ပြီးတော့ လိုအပ်ရင် လိုအပ်သလို အချိန်တွေကို ပြောင်းလဲတတ်တာ ညှိတတ်တာမျိုးတွေကလည်း အကျင့်ရလာတော့ သူ့အလိုလို လုပ်တတ်သွားပါတယ်။ ဥပမာပြောရမယ်ဆိုရင်… အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာပေါ့နော် – အစည်းအဝေးတစ်ခုအတွက် ၁၅ မိနစ်စာ ၃ ကန့် ပေးထားတဲ့ အခါမျိုးတွေမှာ အစည်းအဝေးလာတက်တဲ့ သူတွေက နောက်ကျမှလာရော 😠😠 😠 , အဲဒါဆိုရင် ကျွန်မအနေနဲ့ တခြားအရာတွေ လုပ်ဖို့လျာထားတဲ့ ၁၅ မိနစ်စာ အကန့်တွေထဲက ယူသုံးပြီး အချိန်တွေကို ပြန်ညှိရပြန်ရော။ တစ်ခါတစ်လေကျရင် အစည်းအဝေး စတာနောက်ကျတဲ့အပြင် မပြီးနိုင်အောင်ကြာနေတဲ့ အစည်းအဝေးတွေကြောင့် အလုပ်တွေမပြီးဘဲနောက်ကျကုန်ရင် ကျွန်မမှာ နားဖို့ဖယ်ထားတဲ့ အချိန်တွေထဲကယူပြီး အချိန်ညှိရပြန်ရော။ လူတွေ အချိန်မလေးစားကြတာမျိုးကို ကျွန်မ တကယ်မကြိုက်ပါဘူး။ ကျွန်မတို့အားလုံးဟာ လူတွေဖြစ်ကြတဲ့ အတွက် အမြဲတမ်းကြီး ပြီးပြည့်စုံအောင်တော်တယ်ဆိုတာမျိုးမရှိနိုင်ဘူးဆိုတာကိုရော ပြီးတော့ များသောအားဖြင့် ရာသီဥတုတို့ တစ်ချို့အခြေအနေတို့ဟာ ခန့်မှန်းလို့ မရနိုင်ဘူးဆိုတာကိုပါ ကျွန်မလက်ခံပါတယ်။ ဒါပေမယ့်လည်း စည်းကမ်းဆိုတာဟာ ကျွန်မတို့ အနေနဲ့ ထိန်းချုပ်လို့ရတဲ့ အရာတစ်ခုပါ။ တစ်ခုခုချိန်းထားတာမျိုးအတွက် ကျွန်မနောက်ကျမှ ရောက်သွားတယ်ဆိုတာမျိုးကို လက်ချိုးရေတွက်လို့ရပါတယ်။ ပြီးတော့ ကျွန်မနောက်ကျမှရောက်တာကို မကြိုက်တဲ့ နောက်တစ်ချက်ကတော့ ကျွန်မကိုယ့်ကိုကိုယ် မပိုင်နိုင်တော့တဲ့ ခံစားချက်မျိုးရလို့ပါ။ နောက်ကျရောက်တဲ့ အတွက် စိတ်ဖိစီးမှုတွေရှိနေမယ်၊ ပြီးရင် ကိုယ့်ပုံစံကလည်း ရှုပ်ရှုပ်ပွပွနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမယ်၊ ပြီးတော့ ကိုယ့်ပုံစံက ဘာကိုမှ သေချာမပြင်ဆင်လာရသေးတဲ့ ပုံစံဖြစ်နေမယ် – ဒီလို ပုံစံမျိုးဟာ ကိုယ့်ကို လူတွေမြင်စေချင်တဲ့ ပုံစံမျိုးမှမဟုတ်တာ – ပြီးတော့ အဆိုးဆုံးကတော့… စီးပွားရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးသာဖြစ်နေခဲ့ရင်တော့ တစ်ဖက်လူကို အပေါ်စီးက ဖြစ်ဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ ဒီနေရာမှာ – ကျွန်မအကြံကောင်းတစ်ခုပေးချင်တာကတော့… ကျွန်မရဲ့ အလုပ်တွေ စီးပွားရေးတွေနဲ့ ပတ်သက်ပြီး နည်းဗျူဟာကျကျ စဉ်းစားတွေးခေါ်ရတာတွေများတဲ့အပြင် ကျွန်မလုပ်နေတဲ့ projects တွေအတွက် proposals တွေ၊ contents တွေ ရေးရမှာတွေကလည်းများတော့ ကျွန်မအချိန်ကို ဘယ်လို ချွေတာလိုက်လဲဆိုရင် ကွန်ပြူတာဖွင့်ပြီး မရေးခင်ထဲက ကျွန်မခေါင်းထဲမှာတင် အားလုံးကို စီစဉ်ပြီး အသေးစိတ်စဉ်းစားထားလိုက်တယ်။ ကျွန်မ လေ့ကျင့်ခန်းတွေလုပ်နေတဲ့ တစ်လျှောက်၊ ၁ နာရီအပြေးလေ့ကျင့်နေတဲ့ တစ်လျှောက်၊ ၁ နာရီ ရေကူးကျင့်နေတဲ့ တစ်လျှောက် ဒါမှမဟုတ်ရင် စက်ဘီးစီး အားကစားလုပ်နေတဲ့ တစ်လျှောက် စသဖြင့် အဲလို အချိန်တွေမှာ ကျွန်မ ခေါင်းထဲမှာ စဉ်းစားတွေးခေါ်တဲ့ အလုပ်ကို တောက်လျှောက်လုပ်နေပါတယ်။ ရေကူးနေတဲ့ ၁ နာရီ ဒါမှမဟုတ် ပြေးနေတဲ့ ၁ နာရီ အတွင်းမှာ ကျွန်မ ခေါင်းထဲမှာ proposal တစ်ခုလုံးကို ရေးပြီးသားဖြစ်နေပါပြီ (ခေါင်းစဉ်တစ်ခုစီမှာ ဘယ်လို ပုံတွေနဲ့ infographics တွေကို သုံးချင်တယ်ဆိုတာကအစ စဉ်းစားပြီးသားဖြစ်နေပါပြီ!) ဒါကြောင့် ကျွန်မ တကယ်ရေးမယ်ဆိုပြီး ကွန်ပြူတာရှေ့ထိုင်လိုက်ပြီဆိုတာနဲ့ proposal ကို တန်းရေးရုံပါပဲ။ Proposals တွေကို ရေးတဲ့အခါမှာ လိုသလိုပြန်ညှိဖို့နဲ့ အချောသတ်ဖို့ကို ကျွန်မ ၁ နာရီလောက်ပဲ သုံးပါတယ်။ Content တွေကို ရေးတဲ့အခါ ဒါမှမဟုတ် story-writing ရေးတဲ့အခါတွေမှာလည်း ဒီလိုပါပဲ။ လူတွေတော်တော်များများဟာ proposal ရေးရတော့မယ်ဆိုရင် – အရင်ဆုံး – မလုပ်မဖြစ်လုပ်ရတော့မယ့် နောက်ဆုံးအချိန်အထိ အချိန်ဆွဲလေ့ရှိကြတာကို တွေရတယ်။ ပြီးရင်တော့ – ရေးမယ်ဆိုပြီး PPT file ဖွင့်ပြီးသွားရင်လည်း မိနစ် ၃၀ လောက်က ဘာမှမရှိတဲ့ slide နံပါတ် ၁ ကို သာ ထိုင်ငေးရင်းစဉ်းစားနေရော။ ကျွန်မသူတို့ကို မေးကြည့်တယ် ဘာလို့ဒီလိုဖြစ်တာလဲပေါ့… သူတို့ပြောပြတာက “ဘာ အိုင်ဒီယာမှ ခေါင်းထဲမှာ စဉ်းစားလို့မရလို့ပါ” တဲ့။ ကျွန်မအတွက်တော့ အဲလိုလုပ်တာဟာ အချိန်အကြီးအကျယ် ဖြုန်းတာပါပဲ။ ဒါဆို ကျွန်မအနေနဲ့ အချိန်ဖြုန်းတယ် မဖြုန်းဘူးဆိုတာကို ဘယ်လိုများ တိုင်းတာ ဆုံးဖြတ်သလဲမေးရင်တော့ – မိနစ် ၃၀ ဆိုရင် ကျွန်မ ၅ ကီလိုမီတာ ပြေးလို့ရတယ်လေ။ အဲဒါကို မိနစ် ၃၀ လုံး ဘာမှမရှိတဲ့ စာမျက်နှာကြီးကို ထိုင်ကြည့်နေတယ်ဆိုရင်တော့ ကျွန်မရှင့်ကို ရိုက်ချင်လာမှာပါ။ အခုခေတ်က စမတ်ဖုန်းတွေ နည်းပညာတွေ တိုးတက်တဲ့ ခေတ် ဖြစ်တဲ့အပြင် ကံကောင်းစွာနဲ့ မြန်မာနိုင်ငံမှာ 4G အင်တာနက်ပါ ရပြီဆိုတော့ သင့်မှာ အလုပ်လုပ်ဖို့အချိန်မရှိဘူး ဆိုုပြီး ဘယ်လိုတောင် ပြောထွက်တာတုန်း? ကျွန်မဆိုရင် မီးပွိုင့်မိလို့ ထိုင်စောင့်နေရတဲ့ အချိန်မျိုးမှာဆိုရင် facebook တောင် ကြည့်လိုက်သေးတယ်! ကျွန်မရဲ့ ကျောင်းသားတစ်ယောက်ဆိုရင် မီးပွိုင့်မိလို့ ကားထဲမှာ ထိုင်စောင့်ရတဲ့ အချိန်မျိုးမှာ အစည်းအဝေး မှတ်တမ်းရေးလေ့ရှိတယ်။ အဲဒါကို ကိုယ့်အချိန်ကို အပြည့်ဝဆုံး အသုံးချတယ်လို့ဆိုလို့ရတယ်။ ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဆရာရစ်ချက်လုပ်လေ့ရှိတဲ့ အရာတစ်ခုကတော့ ကားမောင်းနေရင်းနဲ့ ဖုန်းထဲမှာ အလုပ်လုပ်နေတာမျိုးပါ။ မီးပွိုင့်မိလို့ ကားရပ်ပြီဆိုတာနဲ့ သူ့ဖုန်းထဲမှာ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ JPEGs တွေကို စစ်တယ်၊ chat မှာ စကားလာပြောထားတာတွေကို ပြန်ဖြေတယ်၊ emails တွေကို reply ပြန်တယ်၊ ပုံတွေကို စိစစ်တယ်၊ စတာတွေပါ။ သူ့အလုပ်ရဲ့ သဘောသဘာဝက ဒီလိုလုပ်မှအချိန်နဲ့ တစ်ပြေးညီ ဖြစ်မယ့်ဟာမျိုးဆိုတော့လည်း အဲဒါကို ကျွန်မ မကြိုက်ပေမယ့်လည်း လက်ခံရပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေဆိုရင် ကျွန်မ သူ့ကားကို ခိုးခိုးပြီး ယူသွားတာပါ။ ဒါမှ သူ taxi ပေါ်မှာ အေးအေးဆေးဆေး ထိုင်လိုက်လာပြီး ဖုန်းထဲက အလုပ်တွေကို အေးအေးဆေးဆေး လုပ်လို့ရအောင်ပါ။ 😕 😕 😕 သူကတော့ ကတိပေးပါတယ်… မီးပွိုင့်မိပြီး ကားရပ်ထားရတဲ့ အချိန်မျိုးမှာပဲ သူဒီလိုလုပ်ပါ့မယ် ဆိုပြီးတော့ပေ့ါ။ 🤔🤔🤔 နောက်ထပ်အကြံပေးချင်တာတစ်ခုကတော့ အာရုံစူးစိုက်ဖို့ပါ။ တစ်ပြိုင်တည်းမှာ အလုပ်အများကြီးလုပ်နိုင်တဲ့ စွမ်းရည်တော့ လူတိုင်းမှာ မရှိပါဘူး (ကျွန်မလို အလုပ်အများကြီးကို တစ်ပြိုင်နက်လုပ်နိုင်တာမျိုးပေါ့ 😀 😀 😀 အခုဒီစာကို ရေးနေတဲ့အချိန်မှာပဲ ကျွန်မ မေမေနဲ့လည်း တရုတ်နှစ်သစ်ကူးအစီအစဉ်တွေနဲ့ပတ်သက်ပြီး chat နေပါတယ်။) ဒါပေမယ့် တစ်ချို့အလုပ်တွေကတော့ ၁၀၀ % အာရုံစူးစိုက်ဖို့လိုတာမျိုးလည်းရှိတာပေါ့နော်။ အဓိက ဦးတည်ချက်ထားထားရမှာကတော့ အလုပ်ပြီးမြောက်ဖို့၊ ပြီးတော့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အဲဒီအလုပ်ကို အကောင်းဆုံးပြီးမြောက်အောင်လုပ်နိုင်ဖို့ပါ။ ဒါကြောင့်မို့လို့ ကိုယ့်အခုလုပ်ဖို့ရှိနေတဲ့ အလုပ်ကို အာရုံသေချာစိုက်ပါ။ ဘေးက တခြားအရာတွေကြောင့် လွယ်လွယ်နဲ့ အာရုံပျံ့လွင့်တာမျိုးမဖြစ်ပါစေနဲ့။ တခြားအရေးပါတဲ့ အချက်တစ်ခုအနေနဲ့ ကျွန်မမြင်ရတာကတော့ လူတွေဟာ ကိစ္စတစ်ခုကိုပြီးမြောက်ဖို့ အာရုံစိုက်နေရတဲ့အချိန်မှာ ဘေးမှာရှိတဲ့ တခြားသောအရာတွေကြောင့် အလွယ်တကူ အာရုံပျံ့လွင့်တတ်ကြတယ်ဆိုတာပါပဲ။ ကျွန်မ gym ရောက်နေတဲ့အချိန်ဆိုရင် စကားပြောနေတာမျိုးမလုပ်ပါဘူး။ ကျွန်မဦးတည်ထားတဲ့ အလုပ်ပြီးမြောက်ဖို့ကိုပဲ ကျွန်မအာရုံစူးစိုက်ထားပါတယ်။ ကျွန်မအလုပ်ရောက်ပြီဆိုရင်လည်း အဲဒီမှာ လုပ်နေရတဲ့ အလုပ်အပေါ်မှာပဲ အာရုံစူးစိုက်ထားပါတယ်။ ကျွန်မ စာသင်ခန်းထဲရောက်ပြီဆိုရင်လည်း စာသင်တာအပေါ်ကိုပဲ အာရုံစူးစိုက်ထားပါတယ်။ ကိုယ်က အလုပ်တွေအများကြီးကို တစ်ပြိုင်တည်း လုပ်နိုင်တဲ့သူဆိုရင်တော့ ကို်ယ့်အားသာချက်တွေပေါ်မူတည်ပြီး လုပ်နိုင်တဲ့အလုပ်တွေကို တစ်ပြိုင်တည်းလုပ်ပေါ့။ ကျွန်မအမြဲတမ်းကြားရလေ့ရှိတာတစ်ခုက “တခြားလူတွေနောက်ကျလို့ ဖြစ်ရတဲ့ အခြေအနေတွေမှာဆိုရင်ရော အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ?” တဲ့။ ဒါမှမဟုတ် “ကိုယ့် အလုပ်ရှင်ကြောင့်နောက်ကျရတဲ့ အခြေအနေတွေမှာဆိုရင်ရော သူ့ကို ဘယ်လိုထားခဲ့ရမလဲ?” တဲ့။ – ဒီနေရာကတော့ ကိုယ့်ရဲ့ ဘယ်အရာတွေအပေါ်ကို ဦးစားပေးပြီး ဆုံးဖြတ်မှာလဲဆိုတဲ့ ကိုယ့်ကိုကိုယ်နဲ့ ဆိုင်သွားပြီ။ ကျွန်မက သင်တို့အတွက် ဝင်ဆုံးဖြတ်ပေးလို့မရဘူးလေ။ ဟုတ်တယ်ဟုတ်? ကျွန်မမှာဆိုရင် ရူးသွပ်စွာနဲ့လုပ်ချင်တဲ့ projects ပေါင်း ၁၀၀ လောက်ရှိနေပေမယ့်လည်း တစ်နေ့ကို ၁၅ မိနစ်စာ အကန့်လေးတွေက အဲလောက်အများကြီးအတွက် မရှိနိုင်ဘူးလေ! ဒါကြောင့် ကျွန်မလုပ်ချင်တယ်ဆိုတဲ့ ပရောဂျက်တွေ၊ ကျွန်မသွားရမယ့် appointments တွေ၊ စတာတွေထဲက ဘယ်ဟာကို ဦးစားပေးသွားမယ်၊ လုပ်မယ်ဆိုတာကို ကျွန်မရွေးချယ်ပြီးတော့ လုပ်ပါတယ်။ ဒါပေါ့လေ… တစ်နေ့ကိုု ၂၄ နာရီထက်မက ရပါစေလို့ ကျွန်မလည်းဆုတောင်းတာပေါ့! မတူညီတဲ့ အချိန်ပိုင်းအလုပ်တွေအများကြီး လုပ်တာရဲ့ ကောင်းကျိုးတစ်ခုကတော့ ကျွန်မရဲ့ အချိန်တွေကို လိုသလို ပြောင်းလွယ်ညှိလွယ် ထိန်းချုပ်လို့ရတာပါ။ မကောင်းတာတစ်ခုကတော့ – ဘာပရောဂျက်ပဲလုပ်လုပ် စိတ်နှစ်ပြီး လုပ်ရတဲ့အတွက် ပရောဂျက်တစ်ခုကနေ တစ်ခု၊ အဲဒီတစ်ခုကနေ နောက်တစ်ခု စသဖြင့် အားလုံးကို တစ်နေ့ထဲမှာ ခုန်ကူးရတာ စိတ်တော်တော်ပင်ပန်းရပါတယ်။ ဒါပေမယ့်လည်း ကျွန်မရူးသွပ်ဝါသနာ ပါတာကို လုပ်နေရတာဖြစ်တဲ့အတွက် အဲဒါက ကျွန်မကို ရှေ့ဆက်သွားစေပါတယ်။ ကျွန်မရဲ့ လုပ်နိုင်စွမ်းနဲ့ အသင်းအဖွဲ့တွေကို သင်ကြားပြသ လမ်းညွှန်ပေးတဲ့ အခါမျိုးမှာဆိုရင်လည်း ဘယ်နေရာကစပြီး လမ်းညွှန်ပြသလဲဆိုတော့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ စည်းကမ်းတွေချမှတ်ဖို့ကို သေချာအချိန်ယူပြီး ပြောပြပါတယ်။ တစ်ချို့လူတွေဆိုရင် သူတို့ရဲ့ proposals ကို ကျွန်မကို စစ်ပေးစေချင်ကြတယ်။ ဒါပေမယ့် နောက်ဆုံးမဖြစ်မနေဆိုတဲ့ နောက်ကျနေပြီဖြစ်တဲ့ အချိန်မျိုးကျမှ ကျွန်မကို ပို့ပေးတတ်ကြတယ် – အဲလိုဆိုရင် ကျွန်မ ဖျက်ပဲ ဖျက်ပစ်လိုက်ပါတော့တယ်။ သူတို့နောက်ကျမှ ပို့တဲ့အပြင် ပို့တဲ့ အချိန်ကလည်း ကျွန်မနားရက်ဆိုရင်တော့ အရမ်းအရေးကြီးနေရင်တောင်မှပဲ – ကျွန်မ စစ်လေ့မရှိပါဘူး။ လူတွေအနေနဲ့ အချိန်ကို လေးစားတတ်ဖို့လိုလာပါပြီ။ (တကယ်တော့ ကျွန်မအဲဒါကို ဖတ်ပြီးတော့ စစ်ပေးပါတယ်။ ဒါပေမယ့် ပြန်မပို့ဘဲထားတာပါ။ နောက်ကျတယ်ဆိုရင် နောက်ကျတဲ့ တန်ဖိုးတော့ ပေးရမယ်လေနော် 😛 😛 😛 ) အချိန်မလေးစားတဲ့ လူတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်တတ်တာအပြင် ကျွန်မပိုပြီး မကြိုက်တာ နောက်တစ်ခုကတော့ နောက်ဆုံးမိနစ်မှ ကပ်လုပ်တတ်တဲ့ လူတွေကိုပါ။ ဒါဟာ အလွန်ကို ဆိုးတဲ့ အကျင့်ပါ။ ကျွန်မအနေနဲ့ကတော့ ကျွန်မက ကိုယ့်အားနည်းချက်ကို ကိုယ်သိပါတယ်။ ကျွန်မလုပ်ရမယ့် အလုပ်ကို နောက်ဆုံးမိနစ်မှ ကပ်လုပ်ပြီဆိုရင် ကောင်းကောင်းမလုပ်တတ်တော့ပါဘူး။ ကျွန်မရဲ့ ဦးနှောက်က ထူပူနေပြီးတော့ “အောင်မလေး! သေပြီလေ အိုင်လင်းရေ!” ဆိုပြီး ပြောနေလိမ့်မယ်။ ဒီလို ထူပူနေတဲ့အတွက်ကြောင့်ပဲ ကျွန်မဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူးဖြစ်ရော။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ နောက်ဆုံးမိနစ်မှ ကပ်လုပ်တဲ့ အလုပ်ကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါတယ်။ ကျွန်မမိဘတွေအမြဲသင်ပေးလေ့ရှိတဲ့ တရုတ်စကားပုံတစ်ခုက “မစင်စွန့်ချင်နေတာကိုဘာလို့ အပေါက်သေးသေးလေးပဲ တူးတာလဲ??” တဲ့။ နောက်ဆုံးမိနစ်မှ ကပ်လုပ်တာနဲ့ ပတ်သက်ပြီး ပုံဖော်ပေးတဲ့ ထဲ ဒီထက်ကောင်းတဲ့ စကားပုံတစ်ခုကို ကျွန်မရှာမတွေ့သေးပါဘူး။ ဒါကြောင့်ပါ… အချိန်ကို စီမံခန့်ခွဲတယ်ဆိုတာဟာ တကယ်တော့ စည်းကမ်းပါပဲ။ ဘယ်အရာက သင့်ကို ဒီစည်းကမ်းကို လိုက်နာဖြစ်အောင်တွန်းအားပေးသလဲ? အဲဒီတွန်းအားပေးတဲ့ အရာကို ရှာပါ။ ...

By:Kawi 16/08/2019
“ဆုံးဖြတ်ချက်ပြတ်သားအောင်ကျင့်ယူလို့ရပါတယ်” In:Inspiration/Aspiration/Motivation, Kawi Inspires
1 1 0

ကိုယ့်ကိုကို်ယ်ဆုံးဖြတ်ချက်မပြတ်သားလို့ စိတ်ပျက်ဘူးသလား။  တကယ်ကတော့ ဆုုံးဖြတ်ချက်ပြတ်သားတယ်ဆိုတာ အလေ့အကျင့်တစ်ခုပါပဲ။ လူတွေ တွေဝေတတ်ကြတဲ့အကြောင်းရင်း အများစုက ဆုံးဖြတ်ချက်မှားမှာကြောက်ကြလို့ပါ။  ဒါပေမယ့်ကျွန်တော်တို့ ရွေးလိုက်တာ အကြောက်တရားဆိုတဲ့ trap ဖြစ်နေရင်ရော???  သင်ဟာတွေဝေတတ်တဲ့သူတစ်ယောက်ဆိုရင် ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ။ ၁။ အကြောက်တရားတွေကိုဘေးဖယ်လိုက်ပါ။ ကျွန်တော်တို့တွေ ဆုံးဖြတ်ချက်ချဖို့ကြောက်နေတတ်ကြတယ်လေ။ မှားသွားမှာကိုကြောက်ကြတယ်။ တစ်ခုခုကို လက်လွှတ်ရမှာကို ကြောက်တယ်။ တစ်ယောက်ယောက်က စိတ်ပျက်သွားမှာကိုကြောက်တယ်။  ဒီလိုအချိန်တွေမှာ ကျွန်တော်တို့နားလည်သင့်တာက ကျွန်တော်တို့ အကြောက်တရားကိုရွေးချယ်နေကြတယ်ဆိုတာပါပဲ။  ၂။ တွေဝေနေတယ်ထင်ရင် တစ်ခုခုကိုရွေးချယ်ကြည့်လိုက်ပါ။ တွေဝေတယ်ဆိုတာလည်း ရွေးချယ်မှုတစ်ခုပါပဲ။ တစ်ခါတလေကျ ကျွန်တော်တို့ ဘာကိုမှမရွေးချယ်ဘဲ မှိန်းနေလိုက်ကြတယ်။ ကျွန်တော်တို့ကိုကျွန်တော်တို့ မပြတ်သားဘူးထင်တိုင်း ဒါဟာလည်းကျွန်တော်တို့ကိုယ်တိုင် ငြိမ်နေဖို့ဆုံးဖြတ်ထားတယ်ဆိုတာမမေ့ပါနဲ့။  ၃။ ဆုံးဖြတ်ချက်တစ်ခုမချမီ အကောင်း၊ အဆိုး ဖြစ်နိုင်ချေကိုကြိုတွေးထားပါ။ ကိစ္စတစ်ခုကိုမဆုံးဖြတ်မီမှာ အကောင်း၊ အဆိုးဖြစ်နိုင်ချေတွေကို တွက်ထားပါ။ သင်ရွေးချယ်မှု မှားသွားရင်ဖြစ်နိုင်တဲ့အဆိုးဆုံးအခြေအနေကို ကြိုစဉ်းစားထားပါ။ အဲဒီလိုဖြစ်လာရင် သင်ဘာတွေပြန်လုပ်နိုင်မလဲ ဆိုတာပါကြိုစဉ်းစားထားပါ။ တစ်ခါတလေကျလည်းကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးလိုက်တယ် ငါဒါကိုရွေးချယ်လို့နောင်တရနိုင်လားပေ့ါ။ မှားနေရင်တောင်နောင်တမရနိုင်ဘူးဆိုတာ သေချာသွားရင်ကျွန်တော်ဆုံးဖြတ်ချက်မြန်မြန်ချဖြစ်ပါတယ်။  ၄။ လေ့လာပါ။ ဒါပေမယ့်အချိန်မဆွဲပါနဲ့။ တစ်ခုခုကိုမရွေးချယ်ခင် အဲဒီအကြောင်းကိုသိအောင် လုပ်ပါ။ တတ်သိတဲ့သူတွေရဲ့ အကြံဉာဏ်ကို နားထောင်သင့်ရင် နားထောင်ကြည့်ပါ။ ဒါပေမယ့်အရမ်းကြီး ပြီးပြည့်စုံမယ့်အချိန်ကိုစောင့်မနေပါနဲ့။ လုံလောက်တဲ့ သတင်းအချက်အလက်ရတာနဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတော့။  ၅။ အသေးစားဆုံးဖြတ်ချက်လေးတွေကို အမြန်ဆုံးဖြတ်ပါ။ ဆုံးဖြတ်ချက်ချတယ်ဆိုတာ စိတ်အင်အားသုံးရပါတယ်။ ဒီတော့ သိပ်အရေးမကြီးတဲ့ ကိစ္စမျိုးကို အရမ်းကြီးစဉ်းစားမနေပါနဲဲ့။ ဥပမာ ဒီနေ့ ဘာဝတ်မယ် ဘယ်ဆိုင်မှာစားမယ်ဆိုတာမျိုးကို မြန်မြန်ရွေးချယ်ပါ။ သင်အလေ့အကျင့်မရခင်အထိ ကိစ္စအသေးလေးတွေကနေ မြန်မြန်ဆုံးဖြတ်တတ်တာကို လေ့ကျင့်ယူပါ။ ဒါဆိုရင် သင့်ကိုယ်သင်လည်း ယုံကြည်မှုပိုရှိစေပါတယ်။ ဆုံးဖြတ်ချက်မှားရင်တောင် ကိုယ့်ကိုဘာမှသိပ်ထူးထူးခြားခြားမထိခိုက်စေတဲ့ ကိစ္စမျိုးဆိုရင် ဆုံးဖြတ်ချက်အမြန်ချလိုက်ပါ။ ၆။  Deadline အချိန်တစ်ခုသတ်မှတ်ပါ။ အရေးကြီးတဲ့ကိစ္စတစ်ခုကို စဉ်းစားချိန်သတ်မှတ်ပြီး အချိန်မှီဆုံးဖြတ်ချက်ချနိုင်အောင် ကြိုးစားပါ။ ၇။ ဆုံးဖြတ်ချက်ကို လက်တွေ့လုပ်ပါ။ လက်တွေ့လုပ်ရပ်သာ ပါမလာဘူးဆိုရင် သင်ဘာပဲဆုံးဖြတ်ဆုံးဖြတ် အလကားပါပဲ။ ဒီတော့ သင်ရွေးချယ်ထားတဲ့လမ်းကို လျှောက်ကြည့်ပါ။ မှားနေရင် ပြန်ပြင်ပါ။ ဒါဆိုသင့်ရဲ့ ရှုံးနိမ့်မှာ ကြောက်တဲ့စိတ်ကိုပါ လျော့ပါးစေတဲ့အပြင် အတွေ့အကြုံအများကြီးရစေပါတယ်။  ဒီအချက်လေးတွေကို လက်တွေ့လုပ်ကြည့်ရင် သင်အရင်ကထက်ပိုပြီး ဆုံးဖြတ်ချက်ချနိုင်လာမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားနေဆဲပါပဲ။ အားလုံးပဲ good luck ပါ။ ...

By:Kawi 16/08/2019
“ကိုယ့်ကိုစိတ်မဝင်စားတဲ့သူကိုမှ ဘာလို့မေ့မရကြတာလဲ” In:Inspiration/Aspiration/Motivation, Kawi Inspires, Life Hacks
0 0 0

ဘယ်သူမှတော့အသည်းကွဲတာမကြိုက်ဘူးပေါ့။ ဒါပေမယ့် တစ်ခါတလေကျတော့ ကျွန်တော်တို့တွေက မရနိုင်တဲ့အရာကိုမှ လိုချင်တတ်ကြတယ်မလား? မရနိုင်တဲ့အရာက ပိုတန်ဖိုးကြီးတယ်ထင်ကြတယ်။ မရနိုင်တဲ့သူကိုမှ ပိုချစ်ချင်တယ်။ မဖြစ်နို်င်တဲ့သူကိုမှ ပြောင်းလဲလာမလား မျှော်လင့်နေမိကြတယ်။ ကျွန်တော်တို့ကိုယ်တိုင် မဖြစ်ချင်ဘဲနဲ့ ခံစားနေရတတ်တယ်မလား။  တခြားသူကို ပြောင်းစိတ်ဝင်စားလို့မရဘူးလား။ တခြားအရာတွေကရော ပိုမကောင်းနိုင်ဘူးလား။  ဒီလူနားမှာ ဘာလို့တဝဲဝဲတလည်လည် ဖြစ်နေရတာလဲ။  ကျွန်တော်တို့တွေဘာလို့မဖြစ်နိုင်တဲ့သူကို မှတမ်းတမ်းစွဲဖြစ်နေကြတာလဲ??? မဖြစ််နိုင်တဲ့သူတစ်ယောက်ကိုမှ ဆက်ချစ်နေမိတယ်ဆိုတာ လူတွေရဲ့ psycho တစ်မျိုးပဲဆိုကြပါစို့။ ဘာလို့လဲဆိုတော့ လူတွေက ခက်ခဲတဲ့အရာတွေကိုမှလိုချင်ကြတယ်လေ။ ကိုယ်ကြိုးစားပြီးရတဲ့အရာတွေကို အလွယ်တကူရတဲ့အရာတွေထက် လူတိုင်းကမက်မောတတ်ကြပါတယ်။  တချို့က လူတစ်ယောက်ကိုလိုက်နေရတဲ့ ခံစားချက်ကိုပိုရင်ခုန်တတ်ကြတယ်။တချို့က ငါကြိုးစားရင်ရမလားလို့ မျှော်လင့်နေတတ်ကြတယ်။တချို့က တစ်ဖက်လူရဲ့ နားလည်ရခက်တဲ့အပြုအမူလေးတွေကိုမှ အဖြေရှာဖို့ကြိုးစားနေတတ်ကြတယ်။တချို့က ကိုယ့်ကိုကိုယ်ဒီလူကိုမရနိုင်ဘူးဆိုတာကို လက်ခံဖို့ခက်ခဲနေတတ်ကြတယ်။တချို့ကတော့ သူ့ရဲ့ စိမ်းကားတဲ့အပြုအမူတွေက တခြားသူတွေနဲ့ယှဉ်ရင်ဆွဲဆောင်မှုပိုရှိနေတယ်။တချို့ကတော့ မဖြစ်နိုင်တဲ့အရာကို လုပ်နိုင်ချင်ကြတယ်။တချို့က ကိုယ်ကြိုးစားနိုင်တယ်ဆိုတဲ့ အတ္တနဲ့ လက်မလွှတ်နိုင်ကြဘူး။တချို့က သူ့ကိုရရင် ကျေနပ်ပြီထင်ကြတယ်။  သေချာတာကတော့ တစ်ဖက်လူက မဖြစ်နိုင်လေလေ သူ့ကိုရဖို့ ကြိုးစားချင်လေလေပါပဲ။ ဒါပေမယ့်ကျွန်တော်တို့ကြိုးစားလို့ရခဲ့မယ်ဆိုရင်ရော … တန်မှာလား။ ကျွန်တော်တို့ တကယ်လိုက်နေတာ အဲဒီသူကိုလား ကိုယ့်ကြိုးစားမှုရဲ့ရလဒ်ကိုလား။ ဘယ်အရာကိုမှလွယ်လွယ်နဲ့ လက်မလျှော့သင့်ဘူးဆိုပေမယ့် အချစ်ရေးမှာ ဒီစကားကမှန်ရဲ့လား။ အရေးအကြီးဆုံးက တန်ရဲ့လား။  လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကျွန်တော် ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ဖူးတယ်။ ကျွန်တော်နဲ့ ဘယ်လိုမှအဆက်အစပ်မရှိတဲ့သူတစ်ယောက်။ မှတ်မှတ်ရရသူ့ကိုစတွေ့တဲ့နေ့က ဇန်နဝါရီလကြီး မိုးတွေရွာနေတယ်။ မိုးရေတွေစိုနေတဲ့ကောင်မလေးတစ်ယောက်ကို ကျွန်တော်မြင်မြင်ချင်းသိလိုက်တယ်။ ဒီတစ်ယောက်ပဲလို့။ သူကအရမ်းတော့မချောဘူး။ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်လေး။ ဒါပေမယ့် ကျောင်းသား ၆၀၀ ရှိတဲ့အထဲမှာသူ့ကိုပဲ ကျွန်တော်သတိထားမိတယ်။ ဘာဆိုဘာမှမတူတဲ့ သူနဲ့သိဖို့ ကျွန်တော်အတော်လေးကြိုးစားလိုက်ရတယ်။ ကျွန်တော်သူ့ကိုဖွင့်ပြောခဲ့တယ်။ ဒါပေမယ့် မရခဲ့ဘူးဆိုပါတော့။ ထူးဆန်းတာက ကျွန်တော်သူ့ကို ဆက်ချစ်ဖို့ပဲရွေးချယ်ခဲ့တယ်။ ကျွန်တော့်ကို ကျွန်တော်ဘယ်အချိန်ပြန်မေးမေး သူ့ကိုလက်မလွှတ်ဘူးဆိုတဲ့ အဖြေပဲရခဲ့တယ်။ သူရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ရတယ်။ ကျွန်တော်ယုံတာတစ်ခုတော့ရှိတယ် ဘယ်ကောင်မှ ကျွန်တော့်လို သူ့ကို မစောင့်နိုင်ဘူးဆိုတာ။ ဒီကြားထဲမှာ သူနဲ့သူငယ်ချင်းဖြစ်ဖို့တောင် ကျွန်တော်အတော်လေး ကြိုးစားလိုက်ရတယ်။ သူ့သူငယ်ချင်းတွေနဲ့ဝင်ရောရတယ်။ သူတက်တဲ့သင်တန်းတွေ သူ့အကြိုက်တွေ သိအောင်လုပ်ခဲ့တယ်။  (၅) နှစ်လောက် ကြာလာတော့ ကျွန်တော်သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းထဲက တစ်ယောက်ဖြစ်လာတယ်ဆိုပါတော့။ သိပ်တော့ မခက်ပါဘူး… သူ့ဘဲအကြောင်း ရင်ဖွင့်ရင် နားထောင်ပေးရုံ၊ ဂျီကျတတ်တဲ့သူ့ကို အလိုလိုက်ပေးရုံ၊ သူပုဇွန်စားတိုင်းအခွံခွာပေးရုံ၊ သူကြိုက်တဲ့ Supernatural ရုပ်ရှင်စီးရီးလိုက်ကြည့်ပြီး စိတ်ပါလက်ပါနဲ့ဆွေးနွေးပေးရုံပါပဲ။  နောက်နှစ်နှစ်လောက်ကြာသွားတဲ့အခါမှာ သူနောက်ဆုံးရည်းစားနဲ့ ပြတ်တော့ကျွန်တော့်ကိုပြောလာတယ်။ နင့်ကိုငါ့ဘဝထဲမှာ ရှိစေချင်တယ်တဲ့။ အဲဒီစကားလေးကြားရဖို့ ကျွန်တော် (၇) နှစ်စောင့်ခဲ့ရတယ်။ ကျွန်တော်သိလိုက်တာ တစ်ခုတော့ရှိတယ်။ သူရှိစေချင်တာ လွန်ခဲ့တဲ့ (၇) နှစ်က သူ့ကို မိုးရေထဲမှာရင်ခုန်ခဲ့တဲ့ တောဂိုက်နဲ့ကောင်လေးကို သူရှိစေချင်တာမဟုတ်ဘူး ….. သူ့ဘေးမှာ (၇) နှစ်လုံးလုံးရှိပေးခဲ့တဲ့ သူကြိုက်တဲ့ပုံစံဖြစ်အောင်နေခဲ့တဲ့ လူတစ်ယောက်ကိုပါ။  သူ့ဆီကအဲဒီစကားကို ကြားရတော့ ကျွန်တော်ပျော်သွားတယ်။ ငါလုပ်နိုင်ပါတယ်ဆိုပြီးပျော်သွားတာ။ ကျွန်တော့်ကြိုးစားမှုတွေ အရာထင်လာပြီဆိုပြီး ကျွန်တော်ပျော်သွားတာ။  ကျွန်တော်လိုချင်တာရဖို့ (၇) နှစ်ကြိုးစားခဲ့ရတယ်။ (၇) နှစ်လုံးလုံး ကျွန်တော်တစ်ညမှ ကောင်းကောင်းအိပ်မရခဲ့ဘူး။ ကိုယ်မပိုင်တဲ့ သူတစ်ယောက်ကို စိတ်ကူးနဲ့ ရူးခဲ့တယ်။ ကိုယ့်ဖုန်းကို သူမကိုင်ရင်၊ စာမပြန်ရင် သူဘယ်သူနဲ့များ ပြောနေမလဲ ဆိုတဲ့စိတ်နဲ့ပူလောင်ခဲ့ရတယ်။ သူပေးခဲ့တာမဟုတ်ပေမယ့် သူနဲ့ပတ်သက်ရင် ကျွန်တော် နာကျင်ခဲ့ရတယ်။ သူတမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုက စိတ်မထားတတ်တာကိုး။  အခုရော… ကျွန်တော်သိတာက ရူးတယ်ပဲပြောပြော သူကျွန်တော့်ကို အသိအမှတ်ပြုတာကို ကျွန်တော်ကျေနပ်တယ်။ ဒါပေမယ့် ကြိုးစားရကျိုးရောနပ်တယ်လို့ ခင်ဗျားတို့ထင်လား??? နောင်တတော့ကျွန်တော်မရဘူး … (၇) နှစ်ရင်းပြီး ဆုတစ်ခုရလိုက်တယ်လို့ပဲတွေးပါတယ်။ အဲဒီဆုက သူတော့ မဟုတ်ခဲ့ဘူး။  သူ့ကိုလက်မလွှတ်ဖို့ရွေးချယ်ခဲ့တာ အချစ်ဆိုရင် သူ့ကိုရတဲ့အချိန်မှာ လက်လွွှတ်ဖို့ဆုံးဖြတ်ခဲ့တာက ကျွန်တော့်ကိုကျွန်တော်ချစ်တဲ့အချစ်ပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဘာတွေရင်းပြီး ဘာရလိုက်တယ်လို့ ခင်ဗျားတို့ထင်လဲ??? ...

By:Kawi 15/08/2019
ပွင့်ချိန်တန်ပြီ စံပယ်ရေ… In:Kawi Inspires
0 0 0

ကျေးလက်ဒေသကို ကျွန်မအရမ်းမုန်းတယ်။ မြို့ မှာပဲမွေးပြီး မြို့ မှာပဲနေလာတာဆိုတော့ ကျေးလက်ဒေသက အရမ်းငြိမ်သက်ပြီးတော့ ကျွန်မအတွက် ပျင်းစရာကောင်းနေတယ်။ ဒီလိုမျိုးနေရာကို လာရတာ မနှစ်မြို့ ခဲ့ဘူး။ ဖိုးဖိုးဆုံးသွားတုန်းကတော့ ဒီဘက်က မိသားစုတွေကို နှစ်သိမ့်ဖို့ ခဏတစ်ဖြုတ်ပဲ လာရလို့ တော်သေးတယ်။ အခုတစ်ခေါက် မေမေက ဒီမှာ နှစ်ပတ်တောင်နေမှာတဲ့။ ကျေးလက်မှာ နှစ်ပတ်က ကျွန်မအတွက် တစ်သက်လိုပါပဲ။ ဦးလေးနဲ့ ဒေါ်ဒေါ်ကတော့ ကျွန်မအပေါ် အရမ်းသဘောကောင်းကြပါတယ်။ ဒေါ်ဒေါ်က ကျွန်မကို ကျွန်မကြိုက်တဲ့ဟင်းတွေ ချက်ကျွေးတယ်၊ ဦးလေးက စက်ဘီးတစ်စီးနဲ့ နေရာအစုံ လိုက်ပို့ပေးတယ် စသဖြင့် ကျွန်မကို စိတ်ချမ်းသာအောင် အမျိုးမျိုး လုပ်ပေးကြတယ်။ ဒါပေမယ့် အဲ့တုန်းက ကျွန်မက (၁၂)နှစ်ပဲ ရှိသေးတာကိုး။  ရာဘာပင်ကြီးတွေကို ကြည့်တာတွေ၊ သစ်ဥသစ်ဖုတွေ ဆေးမြစ်တွေ လိုက်ရှာရတာတွေကို မနှစ်သက်ခဲ့ဘူး။ သစ်ပင်တွေအစား မိုးမျှော်တိုက်ကြီးတွေကို မော့ကြည့်ချင်ခဲ့တယ်၊ နီယွန်မီးရောင်စုံအောက်မှာ လူတွေအလျင်စလိုနဲ့ သွားလာနေကြတာကို ငေးမောချင်နေခဲ့တယ်။ ဒီမှာ အရမ်း အထီးကျန်တာပဲ။ သူငယ်ချင်းတွေလည်း မရှိဘူး၊ အဆိုးဆုံးက တစ်ဦးတည်းသောသမီး ဖြစ်နေတာပဲ။ ညနေခင်းတစ်ခုမှာတော့ ကျွန်မတစ်ယောက်တည်း လျှောက်သွားရင်းနဲ့ လယ်ကွင်းထဲမှာ ရွာထဲက ကလေးတွေ ဆော့ကစားနေကြတာကို တွေ့တယ်။ အသက်အရွယ် မတူကြပေမယ့် သူတို့ကို ကြည့်ရတာ အချင်းချင်း စရင်းနောက်ရင်းနဲ့ ပျော်ပါးနေကြပုံပါပဲ။သူတို့ကို ကြည့်နေရင်း ကျွန်မနဲ့ အသက်အရွယ် တူတူရှိလောက်တဲ့ ကောင်လေးတစ်ယောက်က သူတို့နဲ့ အတူကစားဖို့ ကျွန်မကိုလာခေါ်တယ်။ ကျွန်မခေါင်းခါလိုက်ပြီး ရှက်ပြီးတော့ တခြားဘက်ကို လှည့်လိုက်တယ်။ သူ ကျွန်မဆီကို လမ်းလျှောက်လာပြီး သူ့ရဲ့ ဖြူဖွေးနေတဲ့သွားတွေနဲ့ ကျွန်မကိုပြုံးပြတယ်။ “လာခဲ့… အတူတူကစားကြမယ်လေ! ဘယ်ရွာသူရွာသားကမှ တစ်ယောက်ထဲ ရပ်နေဖို့ မသင့်ဘူး!” “မဟုတ်ဘူး… ငါက မြို့သူတစ်ယောက်ပါ… ငါ…” ကျွန်မ စကားမဆုံးခင်မှာပဲ သူ ကျွန်မလက်ကိုဆွဲပြီး အတင်းပဲ လယ်ကွင်းထဲကို ခေါ်သွားတယ်။ “မြို့သူဖြစ်လည်း ရွာထဲရောက်လာရင် ရွာသူဖြစ်သွားတာပဲ! ကစားကြည့်လေ… နင်ပျော်လာမှာ!” သူ့ပုံစံကြည့်ရတာ (၁၈)နှစ်လောက်တော့ ရှိမယ့်ပုံပဲ။ လယ်ကွင်းထဲမှာ အလုပ်လုပ်ရလို့နဲ့ တူတယ် အသားကတော့ ခပ်ညိုညိုနဲ့ ရင်ဘတ်အုံကျယ်ကျယ်နဲ့ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း ရှိတယ်။ သူပြောတာ အဟုတ်ပဲ။ ကျွန်မလယ်ကွင်းထဲဆင်းပြီး ကလေးတွေနဲ့ ကစားလိုက်တော့ အရာအားလုံး ပေါ့ပါးသွားသလို ခံစားရတယ်။ အစကတော့ နည်းနည်းအူကြောင်ကြောင်နဲ့ပေါ့။ ဒါပေမယ့် သူတို့တွေက အရမ်းပဲ ဖော်ရွေပြီးတော့ နွေးနွေးထွေးထွေးရှိတယ်။ ကျွန်မ အိမ်ပြန်ရောက်သွားသလိုပါပဲ။ သူတို့နဲ့ကျွန်မ တစ်ခါမှမကစားဖူးတဲ့ ကစားနည်းတွေကို ကစားခဲ့ကြတယ် – ကြိုးခုန်၊ ဂေါ်လီရိုက်၊ ဖိနပ်ပေါက်၊ ဖားခုန် စသဖြင့်ပေါ့။ ကျွန်မဘဝမှာ တစ်ခါမှ ဒီလောက် မရယ်ခဲ့ဖူးဘူး။ မကြာခင်မှာပဲ နေဝင်စပြုလာပြီး အိမ်ပြန်ဖို့အချိန် ရောက်လာပါတယ်။ “ဟေ့ ချာတိတ်… ငါနင့်ကို အိမ်လိုက်ပို့ပေးမယ်လေ”�“ငါချာတိတ်မဟုတ်ဘူး” ကျွန်မ စိတ်ဆိုးတဲ့လေသံနဲ့ ပြောလိုက်တယ်။ “ဟုတ်ပြီ… ဒါဆို နင့်နာမည် ဘယ်လိုခေါ်လဲ? ငါ့နာမည်ကတော့ ကျော်ထင်ပါ။” “ငါက စံပယ်ပါ။ ဒီမှာ နှစ်ပတ်လောက် အလည်လာတာ။” “နင့်စကားပြောပုံကို ကြည့်ရတာ ဒီမှာမနေချင်တဲ့ပုံပဲ။” “ပျင်းစရာကြီးလေ! ငါ့သူငယ်ချင်းတွေမှ မရှိတာ။” “နင်အခု သူငယ်ချင်းအသစ်တွေ ရသွားတာကို နင်မှသတိမထားမိတာ။ မနက်ဖြန်လည်း ငါတို့နဲ့ လာကစားလေ။ ညနေတိုင်း ငါတို့ ဒီမှာရှိတယ်။” မနက်ဖြန်လည်း ကစားရမယ်ဆိုတာကို တွေးပြီးတော့ ကျွန်မပြုံးရယ်မိတယ်။ ဒီမှာ နောက်တစ်ပတ်ထိ တစ်ယောက်ထဲ နေရတာထက်စာရင် အများကြီး သက်သာတာပေါ့။ လမ်းလျှောက်လာရင်းနဲ့ အဖိုးအိမ်ကို ရောက်တော့ ဦးလေးက တံခါးဝမှာ ထိုင်စောင့်နေတယ်။ “ဟာ… ကျော်ထင်ပါလား! ငါ့တူမလေးကို အိမ်ပြန်လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးကွာ!” ဦးလေးနဲ့ ကျော်ထင်နဲ့ အချင်းချင်းသိကြတယ်ဆိုတော့ ကျွန်မအံ့သြသွားတယ်။ ခဏနေကျတော့ ဦးလေးက ဒီတစ်ရွာလုံးက လူတွေအကြောင်း နဲ့ တစ်ရွာလုံးကသေးပေမယ့် မိသားစုကြီးတစ်ခုလိုဖြစ်နေကြောင်း ရှင်းပြတယ်။ နောက်တစ်နေ့ကျတော့ မနေ့ကရခဲ့တဲ့ သူငယ်ချင်းအသစ်တွေနဲ့ ထပ်ကစားဖြစ်တယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်မက သက်တောင့်သက်သာရှိသွားပြီ။ ကိုယ့်ကိုကိုယ်လည်း အရင်ကထက်ပိုပြီးတော့ လွတ်လပ်သွားတယ်လို့ ခံစားရတယ်၊ ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ ဒီနေရာလေးက နွေးထွေးမှု၊ ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတာပါလား။ မြို့ပေါ်မှာလို shopping mall တွေမှာ စျေးဝယ်ထွက်တာတွေ၊ ရုပ်ရှင်သွားကြည့်တာတွေနဲ့ လုံးဝမတူသလို ခံစားရတယ်။ နေ့တိုင်း ညနေ (၅)နာရီမှာ လယ်ကွင်းထဲက ကလေးတွေနဲ့ ကစားဖို့က ပုံမှန်ဖြစ်လာတယ်။ ဒီနေ့လည်း သူတို့နဲ့ ဆက်ကစားဖြစ်တယ်။ ဒါပေမယ့် ကစားနေတဲ့အချိန်မှာ ကျော်ထင်ကကျွန်မလက်ကို ဆွဲသွားပြီး အဖွဲ့နဲ့ဝေးတဲ့တစ်နေရာကို ခေါ်သွားတယ်။ ကောက်ရိုးပုံကျွန်းငယ်လေးတစ်ခုနားရောက်တော့…”ခဏနော်…ငါပြန်လာခဲ့မယ်” ဆိုပြီး သူ့ရဲ့ ဖြူဖွေးနေတဲ့သွားလေးတွေနဲ့ ပြုံးပြပြီး ထွက်သွားတယ်။ ခဏကြာတော့ လက်ထဲမှာ စံပယ်ပန်းကုံးလေးတစ်ကုံးကို ကိုင်လာပြီးပြန်ထွက်လာတယ်။ “ရော့… ဒါနင့်အတွက်။” “ဟယ်… လှလိုက်တာ။ မွှေးနေတာပဲ” “နင့်နာမည်အတိုင်း စံပယ်ပန်းလေးတွေလေ။ ခေါင်းပေါ်မှာ ပန်ထားလိုက်။ ဒီက ပန်းတွေက အကြာကြီးခံတယ်။ လာခဲ့… အိမ်ပြန်လိုက်ပို့ပေးမယ်။ နောက်ကျနေပြီ။” နောက်တစ်နေ့မနက်ကျတော့ ကျွန်မကို မေမေလာနှိုးတယ်။ ဘာဖြစ်လို့လဲမသိ မျက်နှာကမကောင်းဘူး။ “စံပယ် သမီးရေ အိတ်တွေ အကုန်သိမ်းတော့။ မေမေတို့ပြန်ကြစို့။” “ဟင်… နောက်တစ်ပတ်မှ အိမ်ပြန်ရမှာ မဟုတ်ဘူးလား?!” ကျွန်မလန့်သွားတယ်။ မေမေကတော့ “ပြောတဲ့အတိုင်းလုပ် မေးခွန်းမထုတ်နဲ့” ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်တာကြောင့် ချက်ချင်းပဲ အထုပ်တွေ သိမ်းလိုက်တယ်။ ကားပေါ်ရောက်တော့ ကျွန်မလက်ထဲမှာ ကျစ်ကျစ်ဆုပ်ထားတဲ့ စံပယ်ပန်းကုံးလေးကို ကြည့်ရင်း…။ “မေမေ… သမီးတို့ ဘယ်တော့ပြန်လာမှာလဲဟင်?” “ဘယ်တော့မှ ပြန်မလာတော့ဘူး သမီးရေ။” “ဘာဖြစ်လို့လဲ?” ကျွန်မပြန်မေးလိုက်တယ်။ “ဦးလေးနဲ့ ရှင်းရမယ့်ကိစ္စတွေ အကုန်ရှင်းပြီးသွားပြီ။ နောက်ထပ် ဘယ်တော့မှ လာစရာမလိုတော့ဘူး။ ကဲ…ခါးပတ်ပတ်တော့။” မေမေ အဲဒီအကြောင်းကို ဆက်မပြောချင်တော့မှန်း သဘောပေါက်လိုက်တယ်။ သူ့ကိုကြည့်ရတာ တစ်ခုခုကို စိတ်မကြည်တဲ့ပုံပဲ။ ကျွန်မထိုင်ခုံအနောက်ကို မှီလှဲလိုက်တယ်။ သူငယ်ချင်းတွေကိုလည်း မနှုတ်ဆက်လိုက်ရဘူး။ ရွာကနေ စထွက်ထွက်ချင်း ကျွန်မရဲ့ပါးပြင်ပေါ်မှာ ပူနွေးနေတဲ့ မျက်ရည်စီးကြောင်းတစ်ခု ကျဆင်းလာခဲ့တယ်။ မျက်ရည်စက်တွေက ကျော်ထင်ပေးထားတဲ့ စံပယ်ပန်းလေးပေါ်ကို ကျဆင်းလျက်…။ တိမ်အလိပ်လိပ်တက်ပြီး ညှို့ မှိုင်းနေတဲ့ကောင်းကင်ကြီးက ခြောက်ခြားဖို့ကောင်းနေတယ်။ စံပယ်တစ်ယောက် ကုတ်အကျႌတစ်ခု ဝတ်ထားပြီးတော့ ကော်ဖီဆိုင်တစ်ခုထဲကို ဝင်သွားတယ်။ “အားမာန်” လို့ အမည်ရှိတဲ့ ကော်ဖီဆိုင်လေးတစ်ခု။ ဒါသူမရဲ့ အကြိုက်ဆုံးကော်ဖီဆိုင်လေ။ သောကြာနေ့တိုင်း ကာပူချီနိုတစ်ခွက် အမြဲတမ်း လာသောက်လေ့ရှိတယ်။ သူမရဲ့ ကာပူချီနိုတစ်ခွက်ကို ဖြည်းဖြည်းချင်း ဇိမ်ယူပြီးသောက်နေရင်း (၃)ခုံမြောက်ခုံမှာထိုင်နေတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ကို သတိထားလိုက်မိတယ်။ ရင်အုပ်ခပ်ကျယ်ကျယ်တစ်ခုနဲ့ အသားခပ်ညိုညိုရှိတဲ့ ကောင်လေးတစ်ယောက်။ သူပြုံးလိုက်တိုင်း ဆွဲဆောင်မှု ပိုကောင်းလာတယ်။ စံပယ် သူ့ကိုကြည့်ပြီးတော့ မခို့တရို့လေးရယ်လိုက်တယ်။ “ငါဒီကို မကြာခဏ လာဦးမှပဲ” လို့ သူမ တွေးလိုက်တယ်။ သူ့ကို ကြည့်ရင်းကြည့်ရင်းနဲ့ မြင်ဖူးသလိုလို ရှိလာတယ်။ ဘယ်မှာမြင်ဖူးလဲ မမှတ်မိပေမယ့် ရင်းရင်းနှီးနှီးကြီးကို မြင်ဖူးနေတယ်။ *******************မင်္ဂလာဆောင်ဖိတ်စာတစ်ခု စားပွဲပေါ်ကို ရောက်နေတယ်။ သူမကို မနာလိုအောင် စိုက်ကြည့်နေသလိုပါပဲ။ အဝေးမှာနေတဲ့ ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်စာပါ။ စံပယ် ဖိတ်စာကို ဒုတိယတစ်ကြိမ် ဖတ်ကြည့်လိုက်တယ်။ သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့ လေယာဉ်လက်မှတ်ဝယ်ဖို့ လေကြောင်းလိုင်းကို ဖုန်းဆက်လိုက်တယ်။ သူမ မင်္ဂလာပွဲကိုတက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ ဘာမှလုပ်စရာမရှိဘူးဆိုတော့ အတော်ပဲဖြစ်သွားတယ်။ မြို့ထဲမှာပဲ ချောင်ပိတ်နေရတာထက်စာရင် ဒီဟာကပိုတောင်ကောင်းသေးတယ်။ သူမ လေယာဉ်ဆိုက်တော့ ငယ်ငယ်တုန်းက သူမအမေနဲ့ရောက်ခဲ့ဖူးတဲ့ တောမြို့လေးဟာဆိုရင် တော်တော်တောင် ပြောင်းလဲသွားပါပြီ။ သူမ မင်္ဂလာပွဲကိုရောက်သွားတဲ့အချိန်မှာ ပွဲက စတောင်မစသေးဘူး ဧည့်သည်တွေကတော့ သိုက်သိုက်မြိုက်မြိုက် ရောက်ရှိနေကြပါပြီ။ မတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေကတော့ အချင်းချင်းဖက်ပြီး ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို စားမြုံ့ ပြန်နေကြတယ်။  အကုန်လုံးက သူမနဲ့ သူစိမ်းတွေဖြစ်နေတယ်။ မြို့ နဲ့ ကျေးရွာ ကွာခြားချက်တွေကို သူမ တဖြည်းဖြည်းချင်း ကျင့်သားရလာတယ်။ဘေးဘီကိုကြည့်ပြီး ထိုင်ဖို့နေရာလိုက်ရှာတော့ သစ်ပင်အောက်တစ်ခုမှာ အေးချမ်းတဲ့အရိပ်ကလေးနဲ့ နေရာလွတ်တစ်ခုကို သွားတွေ့တယ်။ လက်ထဲမှာ ရှန်ပိန်တစ်ခွက်နဲ့ ရှုခင်းတွေကို ငေးမောနေရင်း လူတစ်ယောက်ရဲ့ ရင်းရင်းနှီးနှီးရှိတဲ့ မျက်လုံးတစ်စုံနဲ့ အကြည့်ချင်းစုံသွားတယ်။ “သူ့ကိုမြင်ဖူးတယ်ကော!” သူမ တွေးလိုက်တယ်။ ဒါ ဟိုတစ်ခေါက်က ကော်ဖီဆိုင်မှာတွေ့ခဲ့တဲ့ ခပ်ချောချောကောင်လေးပဲ! သူလည်း စံပယ့်ကိုတွေ့ပြီး စံပယ့်ဆီကို လမ်းလျှောက်လာတယ်။ သူ့ပုံစံကြည့်ရတာ ကျွန်မကိုသိနေတဲ့ပုံပဲ။ သူ ခြေတစ်လှမ်းတိုးလာတိုင်း စံပယ်ကတော့ ရင်ပိုခုန်လျက်…။ “မတွေ့တာတောင်ကြာပြီနော် စံပယ်ရေ။ နင်ကတော့ ငယ်ရုပ်တောင် မပျောက်ဘူး။ အရင်လို လှနေတုန်းပါပဲလား။” သူ ပြောလိုက်တယ်။“ကျေးဇူးပါ။ ငါ… အင်… ငါ…” စံပယ့်ဗိုက်ထဲမှာ လိပ်ပြာလေးတွေ ပျံဝဲနေသလိုပဲ စိတ်လှုပ်ရှားနေတယ်။ “စံပယ်ပန်းလေးတွေကော?” သူ မေးလိုက်တယ်။ “ကျော်ထင်??? နင်လား??? နင် ကျော်ထင် မလား!?” စံပယ် စိတ်လှုပ်ရှားသွားတယ်။ “ဟုတ်တယ်လေ… ကြည့်စမ်း ငါ့ကိုတောင် မေ့သွားပါပကောလား! နင်ပြန်သွားတာ နှုတ်ဆက်ဖော်တောင် မရဘူး။ အခုတော့ကြည့်ဦး ငါ့ကိုတောင် မမှတ်မိတော့ဘူးပေါ့! ငါ့နာမည်ကို မှတ်မိတာပဲ ကျေးဇူးတင်ပါတယ်ကွာ!” ကျော်ထင် နောက်ပြောင်ပြီး ပြောလိုက်တယ်။ “မဟုတ်ဘူး ငါရှင်းပြမယ်…” “ငါသိတယ်၊ နင့်ဦးလေး ငါ့ကို ပြောပြပြီးသွားပြီ” ကျော်ထင်က စကားဖြတ်ပြောလိုက်တယ်။ ဒီတစ်ခေါက် ရွာကိုပြန်လာတာ စံပယ့်အတွက် အကောင်းဆုံးဖြစ်သွားတယ်။ သူမ ရွာထဲမှာရှိနေတဲ့ ရက်ပေါင်းမှန်သမျှ ကျော်ထင်နဲ့အတူ ကုန်ဆုံးသွားတယ်။ ကျေးလက်ဓလေ့ဝန်းကျင်လေးက သူမ နောက်ဆုံးရောက်လာတုန်းကထက် ပိုပြီးတော့ နွေးထွေးသွားတယ်လို့ ခံစားရတယ်။ ကျော်ထင်နဲ့အတူ ရှိနေလို့ပဲလားမသိဘူး။ “ငါနင့်ကို ဟိုးတလောတုန်းက အားမာန်ကော်ဖီဆိုင်မှာ တွေ့လိုက်သလိုပဲ။” စံပယ် ပြောလိုက်တယ်။ “ဟုတ်တယ်… ငါ့အစ်ကိုဝမ်းကွဲ “အားမာန်” ရဲ့ ဆိုင်လေးပေါ့။ ငါမြို့ပေါ်တက်တိုင်း အဲ့မှာပဲ အချိန်ဖြုန်းလေ့ရှိတယ်။” သူစကားပြောနေရင်း အရင်ကနေရာလေးမှာပဲ သူ စံပယ်ပန်းလေးတွေကို ခူးလိုက်ပြီးတော့ စံပယ့်ကို ပေးလိုက်တယ်။ “အရင်လို လှနေတုန်းပဲနော်။” (၁၀)ရက်တာ ကုန်ဆုံးသွားပါပြီ။ အချိန်ကုန်တာ အရမ်းမြန်တယ်လို့ ထင်ရတယ်။ စံပယ်တစ်ယောက် အိမ်ပြန်ဖို့အချိန် ကျရောက်လာပါပြီ။ သူမ ကျော်ထင့်ကိုထားသွားရမှာ ရင်လေးနေပါတယ်။ သူမကို တစ်စုံတစ်ခုက ဒီမှာပဲဆက်နေဖို့ ပြောနေသလိုပါပဲ။ နှလုံးသားနဲ့ ဦးနှောက်တို့ စစ်မြေပြင်ပေါ်ကိုချီတက်ဖို့ အချက်ပေးဥသြ ဆွဲနေကြပါပြီ။�“ငါမနက်ဖြန် ပြန်ရတော့မယ် ကျော်ထင်။ ငါမပြန်ချင်ဘူးဟာ… ငါ့ကိုနေဖို့ပြောပါနော်။” “ငါနင့်ကို မနေစေချင်ဘူး စံပယ်ရ။ နင့်အလုပ်က မြို့ထဲမှာလေ။” ကျော်ထင်က စံပယ့်ကို သူစိမ်းဆန်ဆန် စကားပြောလိုက်တယ်။ ဒီမှာတင် စကားဆုံးသွားခဲ့တယ်။ စံပယ်ကတော့ စိတ်ဆိုးပြီး စိတ်ထိခိုက်သွားတယ်။ ကျော်ထင်သူမကို စိတ်ဝင်စားနေတယ်ဆိုတာ သိနေတယ်လေ။ ဒါပေမယ့် သူဘာဖြစ်လို့ မဖွင့်ပြောခဲ့တာလဲ? နောက်တစ်နေ့ကျတော့ စံပယ် အစောဆုံးလေကြောင်းနဲ့ အိမ်ပြန်သွားတယ်။ အရင်လိုပါပဲ မနှုတ်ဆက်ဘဲ ပြန်သွားခဲ့တယ်…။ စံပယ်တစ်ယောက် နောက်ဆုံးရွာပြန်ခဲ့တာ တစ်နှစ်တောင်ရှိသွားပါပြီ။ ဟောကြည့်… အရင်တုန်းကအတိုင်းပဲ သောကြာနေ့တိုင်းမှာ သူမကြိုက်တဲ့ ကာပူချီနိုကို ကော်ဖီဆိုင်လေးတစ်ခုမှာ ထိုင်သောက်နေတုန်းပဲ။ ဒီတစ်ခေါက်မှာတော့ အရင်ကဖြစ်ခဲ့တဲ့ အမှတ်တရတွေကို ကော်ဖီနဲ့မျှောချနေတာပေါ့။ သူမရဲ့ အတွေးတွေထဲ နစ်မြောနေစဉ်မှာ တစ်စုံတစ်ယောက်က ပုခုံးကိုလက်နဲ့ အသာလေးလာတို့တာကို ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ သန်သန်မာမာရှိတဲ့ ယောက်ျားကြီးတစ်ယောက်။ “ကျွန်တော် အားမာန်ပါ။ ဒီဆိုင်ပိုင်ရှင်ပါ။ ကျွန်တော့်ရဲ့ ညီဝမ်းကွဲ ကျော်ထင်က ညီမကို ဒီစာလေးပေးခိုင်းလိုက်လို့။” သူစာပေးပြီးတဲ့အချိန်မှာ ဧည့်သည်ဝင်လာတော့ ဧည့်ခံရမှာမို့ ချက်ချင်းထွက်သွားလိုက်တယ်။ စံပယ်ကတော့ စာအိတ်လေးကိုကိုင်ရင်း အံ့အားသင့်ပြီး ကျန်နေခဲ့တယ်။ နောက်ဆုံးတော့ ကျော်ထင်တစ်ယောက် ဖွင့်ပြောပြီထင်ပါရဲ့။ သူမရဲ့ ဝမ်းဗိုက်ထဲက လိပ်ပြာငယ်လေးတွေ တစ်ဖန်ပြန်လည်နိုးထလာပြီးတော့ တောင်ပံတစ်ဖျတ်ဖျတ်နဲ့ ခတ်လာတယ်။ သူမရဲ့စိတ်ထဲမှာတော့ မေးခွန်းအခုပေါင်း တစ်သိန်းတစ်သောင်းနဲ့ပေါ့။ “ငါရွာမှာ အပြီးနေရတော့မှာလား? သူငါ့ကို လက်ထပ်ဖို့ ခွင့်တောင်းမှာလား? သူဘာတွေများ ရေးထားသလဲ?” ဒါပေမယ့်… စာမှာရေးထားတဲ့ အကြောင်းအရာတွေကတော့ စံပယ် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ချစ်သော စံပယ်,ငါတို့နှစ်ယောက် နှစ်ပေါင်းလပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးမှ ပြန်တွေ့ခဲ့ရတယ်။ အရာအားလုံး ပြောင်းလဲသွားခဲ့ပေမယ့် ငါတို့နှစ်ယောက် အပြောင်းအလဲတွေကို လစ်လျူရှုခဲ့ကြတယ်။ ငယ်ငယ်တုန်းက ငါတို့အတူ ကစားခဲ့တုန်းကလည်း ပျော်ရွှင်ခဲ့ရတယ် ဒုတိယအကြိမ် လူကြီးတွေအဖြစ်နဲ့ ပြန်တွေ့တော့လည်း ပိုပြီးတော့ပျော်ရွှင်ခဲ့ရပါတယ်။ ဘာဖြစ်လို့ အသက်ကြီးမှ နင်နဲ့ပိုပြီးပျော်ရွှင်ခဲ့ရလဲဆိုတော့ နင်မရှိတဲ့အချိန်အတွင်း၊ အသက်တွေကြီးလာတဲ့ အတောအတွင်းမှာ ငါအရာအားလုံးကို ပိုနားလည်လာခဲ့တယ်၊ “အချစ်” ဆိုတဲ့ ဝေါဟာရတစ်ခုရဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်ကို သဘောပေါက်လာခဲ့တယ်။ အဲ့ဒါကတော့ တစ်စုံတစ်ယောက်ကို အကြွင်းမဲ့ချစ်ဖို့ပါပဲ။ ငါနင့်ကို ရွာမှာပဲဆက်နေဖို့ ပြောရလောက်အောင် ငါတစ်ကိုယ်ကောင်း မဆန်ချင်ခဲ့ဘူး။ နင့်ရဲ့အောင်မြင်မှုနဲ့ အနာဂတ်ဟာ တောဘက်မှာပဲ မရှိနေခဲ့ဘူး။ နင်အောင်မြင်နေတာကို အဝေးကနေ လှမ်းကြည့်ရုံနဲ့တင်ကို ပျော်နေပါပြီ။ ငါတစ်နေ့က ခေါင်းအရမ်းမူးပြီး အန်တော့ ဆရာဝန်နဲ့သွားပြတယ်။ ဆရာဝန်က ငါ့ဦးနှောက်ထဲမှာ အကြိတ်တစ်ခုရှိတယ်တဲ့။ အဲဒီအကြိတ်ကနေ ကင်ဆာဖြစ်သွားမှာ စံပယ်ရ။ သေရတော့မယ့် လူတစ်ယောက်ကို နင့်ရဲ့အချစ်တွေကို မပေးဆပ်စေချင်ခဲ့ဘူး။ နင့်ကိုအမြဲစိတ်ပူစေပြီး ငါ့ဘေးနားမှာပဲ နေစေလိုက်ရင် ငါတစ်ကိုယ်ကောင်းဆန်ရာ ကျသွားမှာပေါ့။ နင်သာရွာမှာနေခဲ့ပြီး ငါနဲ့လက်ထပ်ခဲ့လိုက်ရင် အခုချိန်ဆို နင်မုဆိုးမဘဝ ရောက်သွားမှာ။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်တန်ဖိုးထားတဲ့သူတစ်ယောက်ကို အဲ့လိုဘဝကြီးမှာ မနေစေချင်ဘူး။ ငါ့ကို စိတ်မဆိုးပါနဲ့နော်။ ငါ့ဘဝမှာ အချစ်စစ်နဲ့ချစ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ရလို့ ငါ့အတွက်ပျော်ပေးပါ။ဒီစာကိုရေးလိုက်ရတာ နင့်ကိုအနှောင့်အယှက် ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ ငါဘာလို့ ဒီလောကကြီးကနေ ထွက်သွားရသလဲ နင့်ကိုသိစေချင်တာကတစ်ကြောင်း၊ သောကြာနေ့တိုင်း အားမာန်ကော်ဖီဆိုင်မှာ ငါ့ကိုမျှော်မနေစေချင်တာက တစ်ကြောင်းရယ်ပါ။ ကိုယ့် “ဘဝသံသရာ” ရထားခရီးစဉ်ကို ကိုယ်တိုင်ခုတ်မောင်းရင်း ခရီးဆက်ပါ။ နင့်နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ ငါနဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေကို သိမ်းဆည်းထားရင်းနဲ့ပေါ့။ နင့်ဘဝရဲ့ ဆက်လက်ရှင်သန်နေရမယ့် နေ့ရက်တွေတိုင်း အဓိပ္ပါယ်ရှိရှိဖြတ်သန်းတာကို ငါအဝေးတစ်နေရာကနေကြည့်နေရင်း ပျော်ရွှင်နေမိမှာပါ…။ ချစ်တဲ့,ကျော်ထင်… … … (ပြီးပါပြီ…။) ...

By:Kawi 13/08/2019
“သတိမထားမိပဲ ဆက်လုပ်နေတတ်တဲ့အကျင့်ဆိုးများ” In:Inspiration/Aspiration/Motivation, Kawi Inspires
1 3 0

တစ်ခါတလေကျတော့ ကျွန်တော်တို့ကိုယ်တိုင်တောင် သတိမထားမိတဲ့အချက်လေးတွေက ကိုယ့်ကိုကောင်းကျိုးထက်ဆိုးကျိုးပေးတာများနေတတ်ပါတယ်။ ဘယ်လိုအကျင့်တွေက ကိုယ့်ကို အဆိပ်ဖြစ်စေလဲဆိုတာတော့ အောက်ကပုံလေးတွေမှာ ထောက်ကြည့်လိုက်ပါ။  ၁။ အချိန်ဆွွဲတတ်တာ။ လုပ်သင့်တဲ့အရာတစ်ခုကို စတင်ဖို့ကျွန်တော်တို့အချိန်ဆွဲနေတတ်ကြတယ်မလား??? ဖြစ်သင့်တဲ့အရာတစ်ခုကို ချက်ချင်းစတင်လိုက်ပါ။ အချိန်ရွှေ့လိုက်တယ်ဆိုတာ ခြေတစ်လှမ်းနောက်ကျသွားတာပါပဲ။ သင့်ဘဝမှာ ခြေဘယ်နှစ်လမ်း နောက်ကျပြီးပြီလဲ??? ၂။ ဆင်ခြေပေးတတ်တာ။ ဆင်ခြေပေးတာက အချိန်ဆွဲတာထက်ပိုဆိုးပါတယ်။ အချိန်ဆွဲတာက နောက်ဆုံး မဖြစ်မနေလုပ်ရတော့မယ်အချိန်ဆို လုပ်ရပါဦးမယ်။ ဆင်ခြေပေးနေတာကတော့ ဘာအလုပ်မှပြီးမှာ မဟုတ်သလို ဘာမှတတ်မြောက်လာမှာလည်း မဟုတ်ပါဘူး။  ၃။ ပြဿနာတွေကနေ ရှောင်ပြေးတာ။ လူတိုင်းမှာပြဿနာတွေ၊ စိတ်အားငယ်မှုတွေရှိတယ်ဆိုတာ သင်မမေ့ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် တု့ံ့ပြန်ပုံခြင်းပဲမတူတာပါ။ ထွက်ပြေးမှာလား??? ဖြေရှင်းမှာလား??? ဆိုတာက သင်ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာပါ။ ၄။ လိုတာထက်ပိုနှိမ့်ချတာ။ ကျွန်တော်တို့တွေက တစ်ခါတလေကျတော့ ကိုယ့်တန်ဖိုးကိုကိုယ် အရမ်းလျှော့တွက်တတ်ကြတယ်။  နှိမ့်ချတတ်တာကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီးအားငယ်ပြတဲ့အခါမှာ အနှိမ်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့။ ကိုယ့်အရှိကိုအရှိအတိုင်းပဲနေပါ။ သူများကိုနှိမ်တာလည်းမကောင်းသလို ကိုယ့်ကိုကိုယ်လည်း မနှိမ်မိပါစေနဲ့။ ၅။ ကိုယ့်ကိုကိုယ် ညှာတာ။ အကောင်းဆုံးဖြစ်ချင်တယ်မလား??? ကိုယ့်အတွက် အခက်ခဲဆုံးဆိုတာတွေ လွယ်ကူသွားတဲ့အထိ လုပ်လိုက်ပါ။ ကိုယ့်ကိုကိုယ် အလိုမလိုက်ပါနဲ့။ လက်လျှော့ခွင့်မပေးပါနဲ့။ သင်ဟာသင်ထင်ထားတာထက် ပိုလုပ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်တွန်းအားပေးလိုက်ပါ။ Comfort zone ထဲကရုန်းထွက်လိုက်ပါ။ ၆။ ကိုယ်ဘာဖြစ်ချင်မှန်းမသိတာ။ ကိုယ်မဖြစ်ချင်တာတွေကြားမှာ နစ်မျောမနေပါနဲ့။ ဒါကတော့ ကိုယ့်အကြောင်းကိုယ် မသိဘူးလို့ပဲပြောရမှာပါ။ ကိုယ်ဘာတွေကို လိုချင်လဲ??? ကိုယ်ဘာတွေ မဖြစ်ချင်ဘူးလဲ??? ဆိုတာမသိရင် ကို်ယ်နေတဲ့ဘဝ၊ ကိုယ်ဖြစ်ချင်တဲ့ဘဝနဲ့ အလှမ်းကွာသွားပါလိမ့်မယ်။  ၇။ ကိုယ့်ကိုကိုယ် ပြန်ညာတာ။ ဖြစ်ဖူးလား??? ကိုယ်အရမ်းလိုချင်တာတစ်ခုကို မရတဲ့အခါမှာ ငါဒါကိုမလိုချင်ပါဘူးလို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်မိဖူးသလား??? ကိုယ့်အိပ်မက်တွေက အရမ်းကိုကြီးကျယ်နေတဲ့အခါမှာ ငါဒါမဖြစ်လဲဘာမှမဖြစ်ပါဘူး ဆိုပြီးတော့ ပြန်ညာဘူးသလား??? ကိုယ့်ကိုကိုယ်ပြန်ဟန်ဆောင်တာက အဆိုးဆုံးပါပဲ။ ကိုယ့်ဖြစ်တည်မှု၊ ခံစားချက်တွေကို ပြန်မညာမိပါစေနဲ့။ ၈။ တခြားသူတွေနဲ့ယှဉ်တာ။ သူများတွေအောင်မြင်နေတဲ့အချိန်မှာ ငါဘာလို့မအောင်မြင်သေးတာလဲလို့တွေးဖူးလား???တွေးဖူးတယ်ဆိုရင် သင်မှားနေပါပြီ။ဘာလို့လဲဆိုတော့ သင့်ကိုယ်သင်ဘယ်သူနဲ့မှ ယှဉ်ပြီးမတွေးသင့်လို့ပါ။ဒီအစား ငါဘာလို့ဖြစ်သင့်သလောက်မဖြစ်သေးတာလဲလို့ တွေးကြည့်လိုက်ပါ။  ၉။ သူများယောင်တိုင်းလိုက်ယောင်တာ။ လူတိုင်းမှာကိုယ့်အခြေအနေနဲ့ ကိုယ်ရှိပါတယ်။ အိမ်ပိုင်တဲ့ သူငယ်ချင်းက night out ထွက်လို့ရပေမယ့် သင်ကရချင်မှရမယ်လေ။ ချမ်းသာတဲ့သူက ဒီလောက်သုံးနို်င်ပေမယ့် သင်မသုံးနိုင်တာလည်းရှိမယ်။ ကိစ္စတော်တော်များများကို ကိုယ်လုပ်သင့်တာနဲ့ ဆန့်ကျင်ပြီးလုပ်နေမယ်ဆိုရင်တော့ သင့်ကိုယ်သင်တန်ဖိုးမထားရာရောက်ပါတယ်။ ၁၀။ ကျေးဇူးမေ့တတ်တာ။ သင့်ကို ကူညီထားသူ၊ ဘယ်သူမှမရှိတဲ့အချိန်မှာ သင့်ဘေးမှာရှိပေးခဲ့တဲ့သူတွေကို မေ့လျော့တာမျိုးတွေမလုပ်ပါနဲ့။ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားဆိုတာ သင်ဘယ်လောက်အောင်မြင်နေနေ မမေ့သင့်တဲ့အရာတွေမို့လို့ပါ။  -Remy ...

By:Kawi 09/08/2019
အဘိဓာန်ထဲမှာတောင်မရှိတဲ့ မြန်မာတွေရဲ့ အားနာတတ်တဲ့အလေ့အကျင့်တစ်ခု In:Inspiration/Aspiration/Motivation, Kawi Inspires
2 5 0

ကျွန်တော်တို့တွေတော်တော်များများမှာ တချို့ကိစ္စတွေကို အားနာပြီးမပြောလိုက်ရတာတွေ၊ အားနာနေလို့မပြီးသွားခဲ့တဲ့အလုပ်တွေ ရှိခဲ့ဖူးမှာပါ။ ကိုယ်လုပ်လိုက်တဲ့အရာကြောင့် တစ်ဖက်လူထိခိုက်သွားမှာ၊ စိတ်အနှောက်အယှက်ဖြစ်သွားမှာ စတဲ့ စိုးရိမ်စိတ်တွေနောက်မှာ အားနာမှုတွေကပ်ပြီးပါလာတတ်ပါတယ်။ တစ်ကြိမ်တစ်ခါလေးလောက် အားနာလိုက်တာက နောက်ထပ်နောက်ထပ်ပိုပြီး အားနာမှုတွေကိုဖြစ်လာစေတာပါပဲ။ ဒီ အားနာတတ်တဲ့စိတ်က ဖျောက်ဖျက်ရခက်သလို တစ်ခါတလေမှာကိုယ့်အတွက်သာမက တဖက်လူကိုပါ ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ကအနစ်နာခံပြီး အားနာနာနဲ့ ကူညီလိုက်မိတယ်။ ဒါပေမယ့် ကိုယ့်အတွက် နစ်နာသွားတာနဲ့ သူ့အတွက် အကျိုးရှိသွားတာ သိပ်မကာမိရင် အဆင်မပြေပါဘူး။ ဥပမာအနေနဲ့ ကိုယ်က အရက်မသောက်တတ်ဘူး၊ အရက်သောက်ရင် ယားတာမျိုး၊ နောက်နေ့မထနိုင်တော့တာမျိုး ဖြစ်တတ်တယ်ဆိုပါစို့။ သူငယ်ချင်းက အရက်အတင်းတိုက်လို့ သောက်ရမယ်ဆိုရင် ကိုယ်သောက်လိုက်လို့ ကိုယ့်အတွက်လည်း အကျိုးလည်း မရှိဘူး၊ ကိုယ့်သူငယ်ချင်းအတွက်လည်း အကျိုးရှိမသွားဘူး (လူမှုရေးအရ အနည်းအကျဉ်းသောက်ရတာက တစ်မျိုးပါ) ဆိုရင် ငြင်းသင့်ရင် ငြင်းရပါလိမ့်မယ်။ အားနာမနေပါနဲ့။  အဲဒါအပြင် အားနာနေတာတွေရဲ့ နောက်ဆက်တွဲဆိုးရွားတဲ့ အကျိုးဆက်တွေကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတဲ့အခါမှာ တွေဝေသွားတတ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ကိစ္စတစ်ခုခုမှာ တခြားသူတွေကို အားနာနေလို့ (ဒါမှမဟုတ်) မိတ်ပျက်မှာစိုးရိမ်လို့ ကိုယ့်စိတ်ဆန္ဒမပါဘဲ လိုက်လုပ်ပေးရင်းကနေ တကယ်တမ်းကိုယ့်အတွက် ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ တွေဝေနေတာမျိုးဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက်အရေးကြီးတဲ့ ကိစ္စတွေကိုဆုံးဖြတ်ချက်ချတဲ့အခါမှာ ပြတ်ပြတ်သားသားနဲ့ တခြားသူတွေကိုအားနာနေတာတွေကို နည်းနည်းလောက်လျှော့ချပြီး ဆုံးဖြတ်တတ်ဖို့လိုအပ်ပါတယ်။ လူတွေပြောလေ့ရှိတဲ့စကားပုံတစ်ခုရှိတယ်။ အဲဒါကတော့ “အားနာရင်ခါးပါတယ်” ဆိုတာပါပဲ။ လူတွေတော်တော်များများက အားနာတတ်တဲ့လူအပေါ်ပိုပြီး အခွင့်အရေးယူတတ်ကြတယ်။ ကိုယ်က အားနာတတ်လို့ တစ်ကြိမ်နှစ်ကြိမ်လောက် ကူညီလုပ်ကိုင်ပေးလိုက်တာကို အခွင့်ကောင်းယူတတ်ကြတယ်။ နောက်ပိုင်းမှာ “သူကငြင်းဖို့အားနာတတ်တယ်၊ သူ့ကိုအကူအညီတောင်းလိုက်” ဆိုပြီး လုပ်လာတတ်ကြတယ်။ အဲဒါကြောင့် တချို့နေရာတွေမှာ အားနာမနေဘဲ ကိုယ်မလုပ်နိုင်ရင် ငြင်းဆိုတတ်ကြဖို့လည်းလိုအပ်ပါတယ်။ အားနာတတ်တဲ့စိတ်ရှိတာက ကောင်းတဲ့အထဲမှာတော့ မပါ၀င်ပါဘူး။ အားနာနေလို့မပြောလိုက်ရတာတွေ၊ အားနာပါးနာနဲ့ မလုပ်ချင်ဘဲလုပ်ပေးလိုက်ရတာတွေကို ထုတ်ဖော်မပြောဘဲ မြိုသိပ်ထားရတာတွေများလာတဲ့အခါ ကိုယ်ပဲမွန်းကြပ်ပြီးဒုက္ခရောက်မှာပါ။ တခြားသူတွေကို ကူညီတာကောင်းပါတယ်။ ဒါပေမယ့် အားနာလို့ကူညီရတာမျိုးတော့ မဖြစ်စေပါနဲ့။ ကိုယ်အဆင်ပြေနိုင်သလောက်ပဲ လိုက်လျောကူညီပေးပါ။ ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်ကို စည်းတစ်ခုသတ်မှတ်ပြီး ဆင်ဆင်ခြင်ခြင်ဆုံးဖြတ်နိုင်ကြပါစေ။ ...

By:Kawi 07/08/2019
“လူငယ်တစ်ယောက်နဲ့ရွေးချယ်မှု” In:Inspiration/Aspiration/Motivation, Kawi Inspires
0 0 0

အခုခေတ် လူငယ်တော်တော်များများတွေ့ ကြုံရတာက ဘယ်လို အလုပ်မျိုးကိုလုပ်မလဲ ဘာတွေလိုအပ်လဲစသဖြင့် ရှေ့ဆက်ရမယ့် ဘဝအတွက် ဆုံးဖြတ်ရခက်နေတာပါ။ လမ်းကြောင်းပီပီပြင်ပြင်မရှိသေးတဲ့အချိန်မှာ ကိုယ့်လမ်းကိုဖောက်ရတာမလွယ်တဲ့အလုပ်တစ်ခုပါ။ လူငယ်တွေမှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်စေဖို့အတွက် The Fit Slay Queens ရဲ့  member တစ်ဦးဖြစ်တဲ့ရတနာရွှေစင်က သူမရဲ့ ပညာရေး နဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးဘယ်လိုရွေးချယ်မှုတွေလုပ်ခဲဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို အခုလိုပြောပြထားပါတယ်။ သူမဟာ လက်ရှိမှာ The Pink Sun Marketing Agency and Media Entertainment Company ရဲ့ Account Head တစ်ဦးအဖြစ်တာဝန်ယူလုပ်ကိုင်လျက် ရှိပါတယ်။ ရတနာတစ်ယောက် ဘယ်လိုအကြံတွေပေးထားလည်းဆိုတာ ဖတ်ကြည့်လိုက်ပါနော်။  ရတနာတို့တွေ အကုန်လုံးနေ့စဉ်နဲ့အမျှရွေးချယ်မှုတွေ လုပ်နေရတယ်လေ။ ဘယ်လိုရွေးချယ်မှုတွေပဲလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့အရေးကြီးပါတယ်။  ရတနာ ငယ်ငယ်လေးကတည်းက ရတနာဖြစ်ချင်တာ၊ ဝါသနာပါတာကို သိတော့ ဆုံးဖြတ်ချက်တွေချရတာပိုလွယ်ကူတယ်ပြောရပါမယ်။  ရတနာက တစ်ခုခုကို အမြဲ learn လုပ်နေရတာသဘောကျတယ်။ ဆယ်တန်းပြီးပြီးချင်း ရတနာသင်တန်းတစ်ခုခု တက်ချင်တယ်ဆိုတော့ ကိုယ်ဘာကိုဝါသနာပါလဲဆိုတာစတွေးရတယ်။ ငါစီးပွားရေးလုပ်ချင်တယ်ဆိုတာတော့ တွေးမိတယ်။ အဲဒါနဲ့ ပါးပါးက ရတနာ့ကို Wise College မှာ ABE diploma course ကိုလိုက်အပ်ပေးတယ်။  အဲ့တုန်းက ABE ကမြန်မာပြည်မှာ သိပ်ခေတ်မစားသေးဘူး။ တက္ကသိုလ်စတက်တော့ ရတနာ တက်ချင်တဲ့ BBM ကျောင်းကအမှတ်မမှီဘူး။ အဲဒါနဲ့ University of Information Technology (UIT) တက္ကသိုလ်တက်ဖြစ်တယ်။ Second year လောက်မှာ ABE higher diploma ရတယ်။ Third year မှာ ABE Graduate Diploma ထပ်ရပါတယ်။ တတိယနှစ်မှာ ရတနာအလုပ်လုပ်ချင်တော့ အိမ်ကအလုပ်မှာဝင်ကူဖြစ်တယ်။ အချိန်ပိုင်းဝင်ကူတာ ဆိုပေမယ့် အတွေ့အကြုံ အများကြီးရတယ်။ စာတွေ့နဲ့ လက်တွေ့ ကွာခြားချက်တွေကို သင်ယူခွင့်ရခဲ့တယ်။ အိမ်စီးပွားရေးမှာ ဝင်လုပ်တော့ တချို့နေရာတွေမှာ ကိုယ်လုပ်ချင်တာနဲ့ အိ်မ်နဲ့သဘောထားမတူတာတွေ ရှိတယ်ပေါ့နော်။  အဲဒီတော့ရတနာ ဆက်မလုပ်ဖြစ်တော့ဘူး။ Final year မှာ ကျောင်းကလွှတ်တဲ့ IT company တစ်ခုမှာ intern ဆင်းရတယ်။ Intern ဆိုတော့ ပထမတစ်လလောက်က ဘာမှထွေထွေထူးထူးမလုပ်ရဘူး။ ရတနာ အလုပ်လုပ်ချင်တော့ ရသမျှ project တွေ တောင်းလုပ်ပေးတယ်။ တစ်ချိန်ထဲမှာပဲ အခုုလုပ်နေတဲ့ The Pink Sun Company မှာ part time အနေနဲ့ ဝင်လုပ်တယ်။ ကျောင်းပြီးတဲ့အချိန်မှာ ရတနာ intern ဆင်းတဲ့ company က အမြဲတမ်း ဝန်ထမ်းလုပ်မလားဆိုပြီး ကမ်းလှမ်းလာတယ်။ အဲဒီမှာရတနာစဉ်းစားရတာက ဘယ်မှာလုပ်မလဲဆိုတာပဲ။ ဘာလို့လဲဆိုတော့ ရတနာ သင်ယူချင်တာတွေရှိတာရယ်၊ start-up company တစ်ခုအနေနဲ့ challenge တွေရင်ဆိုင်ချင်တာကြောင့် လက်ရှိအလုပ်ကိုပဲရွေးချယ်ဖြစ်ခဲ့တယ်။  ရတနာ အနေနဲ့ ရွေးချယ်ရခက်ခဲ့တာကတော့ သူများတွေ ကျောင်းတက်လိုက် intern ဆင်းလိုက်လုပ်နေတဲ့ အချိန်မှာ The Pink Sun မှာ part time လုပ်ဖို့စဉ်းစားတဲ့အချိန်ပါပဲ။ Digital Marketing ဆိုတာသေချာ မသိသေးခင်မှာ ဘာကိုရွေးချယ်ရမှန်းမသိခဲ့ဘူးလေ။ နောက်တော့ ရတနာ သိလာတာက ငါဒီလိုအေးအေးဆေးဆေး အလိုက်သင့်မနေချင်ဘူး ဆိုတာပါပဲ။ အဲဒီတော့ ရတနာ လုပ်သင့်တယ်ထင်တာကို ရွေးချယ်ခဲ့ပါတယ်။ အထူးသဖြင့်ရတနာတို့လိုကျောင်းပြီးစ ဘာကိုရွေးချယ်ရမှန်းမသိတဲ့လူငယ်တွေကို ရတနာပြောချင်တာက မှန်တာ၊မှားတာထက် ကိုယ်ဖြစ်ချင်တာကို ကိုယ်သိဖို့အရေးကြီးပါတယ်။ မသိသေးဘူးဆိုသူတွေအတွက်ကတော့ အကုန်လုံးကို သိချင်စိတ်နဲ့လေ့လာကြည့်စေချင်ပါတယ်။ ဘာမှမလုပ်လို့ဘာမှမသိဘူးဆိုတာထက် တစ်ခုခုကို လုပ်ဖြစ်နေတယ်ဆိုရင် ကိုယ်ဘာကိုစိတ်ဝင်စားလဲ ကိုယ်ဘယ်နေရာမှာ ပါရမီရှိလဲဆိုတာ ပိုသိလာမယ်လို့မြင်ပါတယ်။ ရတနာလား …. ရတနာ့ဝါသနာကတော့ အလုပ်လုပ်ရတာကြိုက်တယ်၊ တစ်ချိန်ထဲမှာ အလုပ်နှစ်ခုသုံးခုကို manage လုပ်ရတာကြိုက်တယ်၊ နောက်ပြီးတော့ stress တွေတက်လာရင် ညည်းရတာလည်းကြိုက်တယ်။ ( ဒီထဲမှာထည့်မရေးထားတာကတော့ ရတနာရွှေစင် တစ်ယောက် bubble tea လည်းအရမ်းကြိုက်ကြောင်းပါ 😛 ) “ကိုယ်ဖြစ်ချင်တာကိုမသိသေးရင် ကိုယ်မဖြစ်ချင်တဲ့အရာတွေဆီက အရင်ရုန်းထွက်လိုက်ပါ” ...

By:Kawi 07/08/2019
Back to Top