Loading...

Home Kawi Eats Kawi Inspires
သင့်ဘေးနားက လူ (၅) ယောက်က သင့်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ? In:Kawi Inspires, Life Hacks, Movies | Books | Apps
0 1 0

လူတစ်ယောက်ကို သူနဲ့ပေါင်းလေ့ရှိတဲ့ လူတွေကိုကြည့်ပြီးတော့ သူဟာဘယ်လိုလူဖြစ်သလဲဆိုတာကို ဆုံးဖြတ်နိုင်တယ်လို့ ပြောကြပါတယ်။ သင်ရွေးချယ်ထားတဲ့ အပေါင်းအသင်းတွေက သင့်ရဲ့အပြုအမူတွေ၊ အကျင့်စရိုက်လက္ခဏာတွေကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို သင်သတိထားမိပါသလား? သင်ရဲ့ တစ်နေ့တာလုပ်ငန်းစဉ်တွေမှာ သင်နဲ့အတူ အမြဲတမ်းလိုလို အချိန်ကုန်ဆုံးလေ့ရှိတဲ့ လူ (၅) ယောက်လောက်က သင့်ရဲ့ အပြုအမူတွေကို လွှမ်းမိုးမှုရှိနေပြီး သင့်ရဲ့တိုးတက်မှုကိုသာမက နိမ့်ကျမှုကိုပါ ဖြစ်စေနိုင်လောက်တဲ့အထိ  ပြောင်းလဲစေနိုင်တယ်ဆိုတာကိုတော့ သင်သတိမထားမိလောက်ပါဘူး။ အဲဒါကြောင့် သင်နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ သင်နဲ့အတူရှိနေမယ့်သူတွေကို ဘယ်လိုမျိုးရွေးချယ်ပြီး ဆက်ဆံပေါင်းသင်းမလဲဆိုတာကိုတော့ အထူးဂရုပြုသင့်ပါတယ်။   သင်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သင်တို့နဲ့ အမြဲလိုလိုပေါင်းသင်းနေတဲ့သူတွေက သင့်ရဲ့ အပြုအမူတွေ၊ စိတ်နေသဘောထားတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ တစ်ခါတစ်ရံမှာသူတို့ရဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေနဲ့ ပြောပုံဆိုပုံတွေဟာ တဖြည်းဖြည်းသင့်ဆီကူးစက်လာပြီး သင့်ကိုပြောင်းလဲလာစေပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လူမှုရေးစိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Dr. David McClelland  ရဲ့သုတေသနတွေကလည်း သင်တို့အနားမှာရှိတဲ့ အပေါင်းအသင်းတွေရဲ့လွှမ်းမိုးမှုတွေက သင့်ရဲ့အောင်မြင်မှု/ရှုံးနိမ့်မှုတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ သင့်ရဲ့အပေါင်းအသင်းတွေက စာကြိုးစားတတ်တဲ့သူတွေ ဖြစ်နေမယ်ဆိုရင်တော့ သင်ဟာလည်း စာကြိုးစားနေမိမှာဖြစ်သလို သင့်ဘေးနားမှာရှိတဲ့ သင်နဲ့ပေါင်းနေကျလူတွေဟာ  ပေါ့ပျက်ပျက်နေတတ်တဲ့သူတွေဆိုရင် သင်ဟာလည်းအလိုအလျောက် ပေါ့ပျက်ပျက်နေတတ်တဲ့ လူတစ်ယောက်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာပါလိမ့်မယ်။ အဲဒါကြောင့် သင်တို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေက အခုလက်ရှိ ရောက်ရှိနေတဲ့ သင့်ပတ်ဝန်းကျင်ထက်ပိုပြီးတော့ ကြီးမားနေမယ်ဆိုရင်တော့ တခြားနေရာကိုပြောင်းပြီး သင့်စိတ်ကူးအိပ်မက်တွေကို ကြိုးစားပြီးအကောင်အထည်ဖော်သင့်ပါတယ်။ သင်တို့လက်ရှိပေါင်းသင်းနေတဲ့လူတွေဟာ သင့်အိပ်မက်တွေအကောင်အထည်ဖော်တဲ့နေရာမှာ အဟန့်အတားဖြစ်စေတာမျိုး၊ ဆန့်ကျင်ဘက်ဖြစ်နေတာမျိုးဆိုရင်တော့ ဆက်လက်ပေါင်းသင်းဖို့သင့်မသင့် သင်ကိုယ်တိုင်စဉ်းစားဆင်ခြင်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်နဲ့ ဆန့်ကျင်ဘက်အတွေးတွေရှိတဲ့ လူတွေနဲ့သင့်ရဲ့အချိန်တွေကိုဆက်ပြီး ကုန်ဆုံးနေမယ်ဆိုရင် သင့်စိတ်ကူးအိမ်မက်တွေကို ဘယ်တော့မှလက်လှမ်းမှီနိုင်မှာ မဟုတ်ပါဘူး။ WWE ချန်ပီယံဟောင်းဖြစ်သူ၊ လက်ရှိမှာတော့စိတ်ဓာတ်မြင့်တင်ရေး စာပေဟောပြောသူ Marc Mero ရဲ့ဟောပြောပွဲတစ်ခုမှာလည်း သူ့ရဲ့ဘဝဇာတ်ကြောင်းကိုအခြေခံပြီး အပေါင်းအသင်းမမှားအောင် ကိုယ့်ကိုကိုယ် စဉ်းစားဆုံးဖြတ်တတ်ဖို့နဲ့ အချိန်မလွန်ခင် မိမိတို့အနားမှာရှိတဲ့လူတွေကို အချိန်ပေးပြီးဂရုစိုက်ဖို့ပြောသွားပါတယ်။ အဲဒီ (၅) မိနစ်လောက်စာ ဗီဒီယိုလေးထဲမှာ Marc က “ကျွန်တော်တို့တွေရဲ့ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ရဲ့ဘဝကို ဆုံးဖြတ်ပေးနေပါတယ်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုသလိုဘဲ လူလိမ္မာနဲ့ပေါင်းရင်တော့ ယဉ်ကျေးလိမ္မာမှာဖြစ်ပြီး လူမိုက်နဲ့ပေါင်းမိရင်တော့ မကောင်းတာတွေကိုပဲ ခံစားရပါလိမ့်မယ်။ အဲဒါကြောင့် သင်တို့ပေါင်းသင်းနေတဲ့ လူတွေကို ကျွန်တော့်ကိုလာပြမယ်ဆိုရင် သင့်ရဲ့အနာဂတ်နဲ့ သင်ဘယ်လိုလူဖြစ်လဲဆိုတာ ကျွန်တော်ပြောပြပါ့မယ်” လို့ပြောကြားခဲ့ပါတယ်။ အဲဒီ ဗီဒီယိုလေးကို ကြည့်ချင်တယ်ဆိုရင်တော့ Marc Mero ရဲ့ဒီ YouTube link လေးမှာ သွားပြီးကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့တွေက တစ်ယောက်တည်းရှင်သန်ရပ်တည်ဖို့ ခက်ခဲတာဖြစ်တဲ့အတွက် အမြဲအစုအဖွဲ့၊ အပေါင်းအသင်းများနဲ့ အတူတကွရှိတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အမြဲ ပေါင်းလေ့ရှိတဲ့လူတွေက ကျွန်တော်တို့ဘဝလမ်းကြောင်းကို ပြောင်းလဲစေတဲ့နေရာမှာ အနည်းနဲ့အများ ပါ၀င်နေတာဖြစ်တဲ့အတွက် သင်တို့ပေါင်းလေ့ရှိတဲ့လူတွေဟာ သင်တို့ဘဝလမ်းကြောင်းကိုတိုးတက်စေနိုင်သလား၊ သင်တို့ဖြစ်ချင်တဲ့အရာတွေကို လက်ခံနားလည်ပေးပြီး အထောက်အပံ့ပေးနိုင်သလား ဆိုတာတွေကိုတော့ အမြဲဆန်းစစ်နေဖို့လိုအပ်ပါတယ်။ သင်ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ်ဘယ်လိုမျိုးဖြစ်ချင်နေသလဲ၊ သင့်ရဲ့ဘဝမှာဘယ်လို စံနှုန်းမျိုးကိုရယူချင်တာလဲ ဆိုတာကိုတော့ သိထားဖို့အရေးကြီးပါတယ်။                                                                                                    နန ...

By:Kawi 10/06/2019
သီချင်းတွေကြားက ခံစားမှုတစ်ပိုင်းတစ်စ In:Kawi Inspires, Movies | Books | Apps
2 2 1

ကျွန်တော်ကတော့ Sai ပါ။ ဒီလအတွက် သီချင်း playlist လေးကိုလုပ်ဖို့ တာဝန်ယူထားတဲ့ ကဝိပေါ့နော်။ ကျွန်တော့်အနေနဲ့ ဒီ playlist လေးကို ကဏ္ဍသုံးပိုင်းခွဲထားပါတယ်။ ဒီ playlist လေးက ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိပါတယ်။ Playlist လေးမှာ ပုံပြင်လေးတစ်ပုဒ်လိုမျိုး relationship တစ်ခုပြိုကွဲပျက်စီးသွားတဲ့အခါ ကိုယ့်ကိုကိုယ် ဘယ်လို deal လုပ်မလဲဆိုတာကနေ ကြေကွဲသွားတဲ့ နှလုံးသားကို ဘယ်လိုပြန်ကုသမလဲ? နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ကိုကိုယ်ပြန်ချစ်တတ်လာဖို့အထိ playlist လေးက တဖြည်းဖြည်းဆွဲခေါ်သွားမှာပါ။ ဒါပေမယ့် နောက်ဆုံးက surprise သီချင်းတစ်ပုဒ်ကတော့ ဒီ playlist တစ်ခုလုံးရဲ့ theme ကိုပျက်စီးသွားလောက်အောင် ပါဝင်နေပါတယ်။ ကျွန်တော်တို့တွေအားလုံးက အဆုံးအစမရှိဘဲ ဘယ်လောက်ပဲပြေးပြေး စခဲ့တဲ့နေရာကိုပြန်ပြန်ရောက်သွားတတ်တဲ့ သံသရာထဲမှာပဲ လည်နေတာဟုတ်? ဒါကိုပဲ ကျွန်တော်တို့က အချစ်လို့ခေါ်ကြတယ်လေ။ ဒီလအတွက် ကျွန်တော်ရွေးပေးထားတဲ့ playlist တွေကတော့….. 1. Consequences – Camila Cabello 2. All Too Well – Taylor Swift 3. Break – Katharine McPhee 4. Honest – Bazzi 5. Everytime – Britney Spears 6. What a Heavenly Way to Die – Troye Sivan 7. Missing You – Betty Who 8. Time Lapse – TAEYEON 9. Drinkin About You – Jake Miller 10. Two Ghosts – Harry Styles 11. Space Cowboy – Kacey Musgraves 12. Empty Handed – Lea Michele 13. Unconditionally – Katy Perry 14. Just Another Song – Lucy Hale 15. TALK ME DOWN – Troye Sivan 16. Piece by Piece – Kelly Clarkson 17. The Good Side – Troye Sivan 18. Somebody Else – The 1975 19. Surrender – WALK THE MOON 20. Thank u, next – Ariana Grande 21. Me – The 1975 22. Love – Kylie Minogue 23. Love Myself – Hailee Steinfeld 24. Back to You – Selena Gomez ...

By:Kawi 20/05/2019
ဆွေးစရာကောင်းတဲ့ မေလမှာ စာအုပ်ဖတ်ပြီး ဖီးလ်ကြမယ် In:Kawi Inspires, Movies | Books | Apps
0 2 0

မေလအတွက် စာအုပ် list လေးကိုတော့ ဖီးလ်လို့ကောင်းမယ့်စာအုပ်လေးတွေနဲ့ ဟာသစာအုပ်လေးတွေကိုဖော်ပြပေးထားပါတယ်။ဖီးလ်တစ်လှည့် ရီီတစ်လှည့်နဲ့ ဖတ်ကြရမှာပေါ့နော်။ ပုံမှန်ဖော်ပြလေ့ရှိတဲ့အတိုင်းရုပ်ရှင်ပြန်ရိုက်ကူးထားတဲ့ စာအုပ်လေးတစ်အုပ်လည်းပါ၀င်တာမလို့ ဘာစာအုပ်လေးလဲဆိုတာအောက်မှာဖတ်ကြည့်လိုက်နော်။ မင်းလူ – အလွမ်းသစ် ဘုန်းမိုးက သူငယ်ချင်းမတွေကို အညာသူတွေအသားရေမွဲခြောက်တာကိုစတဲ့အခါ သူငယ်ချင်းမတွေက ငါတို့သူငယ်ချင်း တင်မေထွန်းဆို အရမ်းလှတာလို့ပြန်ပြောတာကို နာမည်လေးကြားရုံနဲ့ ရင်ခုန်ခဲ့ရတဲ့ ဘုန်းမိုး။ နောက်ပိုင်း သူငယ်ချင်းတွေ စာမေးပွဲဖြေပြီး ရွှေစက်တော်ဘုရားဖူးသွားကြတဲ့အခါ ကံကြမ္မာက တင်မေထွန်းနဲ့တွေ့ဖို့ ဖန်တီးပေးလိုက်တဲ့အခါ ဘုန််းမိုးတစ်ယောက် အချစ်စိတ်တွေ အသက်ပြန်ဝင်လာပြီး အချစ်ဇာတ်လမ်းလေးတွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို ရေးသားထားတာပဲဖြစ်ပါတယ်။ ……………………………………………………………………………………… မင်းယုေ၀ – ညီအစ်မနှစ်ယောက် မူရင်းရေးသားသူကတော့ ကမ္ဘာကျော် စာပေနိုဗယ်ဆုရ ဘင်္ဂလီစာရေးဆရာကြီး တဂိုးပဲဖြစ်ပါတယ်။ အစ်မဖြစ်သူ ရှာမီလာက ယောကျ်ားအပေါ် အလွန်အနွံတာခံသူဖြစ်ပြီး၊ ညီမဖြစ်သူ အူရမီကတော့ ငယ်ရွယ်သူတို့ထုံးစံအတိုင်း သွက်လက်ထက်မြက်ပြီး လှပကြော့ရှင်းသူပါ။ ဒါပေမယ့် ဖောက်ပြားတတ်တဲ့ လူ့သဘာဝအတိုင်း မချစ်ကြိုက်သင့်တဲ့သူကို ချစ်ကြိုက်မိသွားတဲ့ အူရမီ။ ချစ်မိသွားတဲ့သူကလည်း အစ်မဖြစ်သူရဲ့ လင်ယောကျ်ား ဖြစ်နေတဲ့အခါ??? ရှာမီလာရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အူရမီရဲ့ရူးမိုက်မှုတွေကို ဖတ်ရမှာဖြစ်ပြီး အထစ်အငေါ့မရှိအောင် ပြောင်မြောက်လှတဲ့ ဆရာမင်းယုဝေရဲ့ ဘာသာပြန်အရေးအသားတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ………………………………………………………………………………………… မိုးမိုး(အင်းလျား) – မီးရောင်အောက်ကိုဝင်လျှင် မီးရောက်အောက်မှာပင်ပင်ပန်းပန်းလုပ်ရတဲ့ ပြည်သူတွေချစ်တဲ့ အနုပညာရှင်တွေရဲ့ အခက်အခဲတွေကဘာတွေဖြစ်မလဲ?? အနုပညာရှင်တွေကိုမြင်တိုင်း သူတို့ရဲ့ အမျိုးသား၊ အမျိုးသမီးတွေက နားလည်ကြရဲ့လားလို့အမြဲတွေးနေတတ်တဲ့ မေးခွန်းတွေရဲ့အဖြေကို “မီးရောင်အောက်ကိုဝင်လျှင်” ဆိုတဲ့စာအုပ်မှာ ဖတ်ရမှာပါ။ အနုပညာရှင်တွေဆိုတာ ကင်မရာအောက်မှာ သရုပ်ဆောင်နေရုံနဲ့မပြီးဘဲ၊ ပတ်ဝန်းကျင်ရဲ့တိုက်ခိုက်ခံရမှုတွေ၊ မလိုလားမှုတွေကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကတော့ – ……………………………………………………………………………………… တက္ကသိုလ်ဘုန်းနိုင် – မိုးညအိပ်မက်မြူ မိုးညအိပ်မက်မြူဟာ ဆရာ့ရဲ့ပုံမှန်ဝတ္ထုတွေနဲ့မတူပါဘူး။ ဗဟိဒ္ဓခေါ် ပြင်ပလောကကို အခြေခံထားတာမျိုးမဟုတ်ဘဲ၊ အဇ္စျတ္တာရမ္မဏခေါ် အတွင်းစိတ်ဘဝကို အာရုံပြုထားတဲ့ စိတ်ပညာအခြေပြုဝတ္ထုပါ။ ဇာတ်လမ်းအစမှာ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနက ဒေါက်တာမသက်ရီရဲ့ မိတ်ဆွေဦးမင်းခိုင်က အကူအညီအရေးတကြီးလိုကြောင်း စာရေးပို့လိုက်တဲ့အခါ ဦးမင်းခိုင်ရှိရာ ပေါင်းတည်မြို့က ခေတ်မီခံ့ညားတဲ့ နှစ်ထပ်တိုက်ကြီးကိုရောက်သွားခဲ့တယ်။ အဲဒီအိမ်မှာ ထူးဆန်းတာက မသက်ရီနဲ့တူလှတဲ့ မိန်းမပျိုလေးပါတဲ့ ဓာတ်ပုံနဲ့၊ ဓာတ်ပုံထဲက မမရီက တစ်နေ့ပေါ်လာလိမ့်မယ်လို့ သိပြီးသားပါဆိုတဲ့ မောင်ညိုမှိုင်း။ အိမ်ကြီးရဲ့ ညှို့ခြင်းကိုခံထားရတဲ့ မသက်ရီနဲ့ အိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေက ဘာတွေလဲ??? မောင်ညိုမှိုင်းကရော လျှို့ဝှက်ချက်တွေနဲ့ ဘယ်လိုဆက်စပ်နေလဲ??? ……………………………………………………………………………………… အရိုး – တစ်ခါတုန်းက လမ်းပေါ်မှာ အရမ်းခင်ကြတဲ့ သူငယ်ချင်းသုံးယောက် မင်းဝေကျော်၊ နိုင်မျိုးနွယ်နဲ့ လဲ့ရည်မိုးဆွေ။ လဲ့ရည်မိုးဆွေရဲ့အိမ်က ယောကျ်ားလေးသူငယ်ချင်းထားတာ နည်းနည်းလေးမှမကြိုက်၊ လဲ့ရည်ကလည်း ယောကျ်ားလေးသူငယ်ချင်းရှိတာ အိမ်ကိုအသိမပေးထား။ မင်းဝေကျော်က လဲ့ရည်ကလွဲပြီး ဘယ်သူ့မှ စိတ်မဝင်စားတဲ့သူ။ တစ်နေ့ လဲ့ရည်ကို အိမ်ကကားလာကြိုတာနောက်ကျနေတယ်ထင်ပြီး ပေါ်တီကိုအောက်မှာ စောင့်ပေးနေတုန်း ခါတိုင်းလို အဖြေတတွတ်တွတ်တောင်းနေတယ်။ မင်းဝေကျော်က သူ့ကိုကြိုက်ရင် ခေါင်းလေးပဲညိတ်ပြဖို့ပြောတာကို လဲ့ရည်က အုံးလွဲနေတယ်ပြောတာကြောင့်ဆံပင်ကိုဖယ်ပြီး နှိပ်ပေးမယ်လုပ်နေတုန်း လဲ့ရည်အဖေက ကားနဲ့ရုတ်တရက်ရောက်လာပြီး လဲ့ရည်ကို စိတ်ဆိုးမာန်ဆိုးနဲ့ခေါ်သွားတယ်။ တကယ်တော့ လဲ့ရည်အဖေက မင်းဝေကျော် လဲ့ရည်ကို အတင်းနမ်းနေတယ်လို့ထင်သွားတာဖြစ်တယ်။ ကျောင်းလုံးဝတက်ခွင့်မရတော့သောလဲ့ရည်ကို မင်းဝေကျော်ဘယ်လိုပြန်ထုတ်ရမလဲ?? သူ့အဖေရဲ့ရန်တွေကိုရော ဘယ်လိုခံရမလဲဆိုတာကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောစရာ ရေးထားတာပါ။ အပေါ်ကစာအုပ်လေးတွေအကုန်လုံးက ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတွေပဲမလို့ ဖတ်လို့ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ စာအုပ်လေးတွေဖတ်ပြီးသွားတဲ့အခါမှာလည်း စိတ်ခံစားချက်လေးတွေကို ပြန်လာပြောပြပေးပါနော်!!! ...

By:Kawi 14/05/2019
ဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့ Michelle Obama ကဘာတွေပြောခဲ့လဲ? In:Kawi Inspires, Life Hacks, Movies | Books | Apps
0 1 0

Michelle Obama ဟာ တစ်ချိန်က အမေရိကန်သမ္မတအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ Barack Obama ရဲ့ ဇနီးပါ။ “အောင်မြင်ကျော်ကြားတဲ့ ယောကျ်ားတစ်ယောက်ရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက်ရှိတယ်” ဆိုတဲ့ စကားလေးက တကယ်မှန်တယ်ဆိုတာ Michelle Obama က သက်သေပါပဲ။ သူမ ရေးခဲ့တဲ့စာအုပ်တွေကလည်း အရောင်းရဆုံးစာအုပ်တွေဖြစ်ခဲ့ပါတယ်။ Michelle ပြောခဲ့တဲ့စကားတွေထဲက ဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့ quote လေးတွေကတော့… ၁) ရှုံးနိမ့်မှုတွေအတွက် “ရှုံးနိမ့်မှုဆိုတာ သင်တိုးတက်ဖို့အတွက် အလိုအပ်ဆုံးအရာတစ်ခုပါ။ ဒါကြောင့်မို့လို့ ရှုံးနိမ့်သွားမှာမကြောက်ပါနဲ့။ ရင်ဆိုင်လိုက်ပါ။” လို့ ၂၀၁၅ ခုနှစ် The Power of an Educated Girl ဆိုတဲ့ ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ …………………………………………………………………….…………………… ၂) အကောင်းမြင်တတ်ခြင်းအတွက် “အမြဲတမ်း အကောင်းမြင်တတ်အောင်ကြိုးစားပါ။ တကယ်လို့ သင့်အနားကလူတွေ ဘယ်သူပဲဖြစ်ဖြစ် သင့်ကို ကျရှုံးစေနိုင်မယ်ဆိုရင်တောင် ထိုသူတွေအားလုံးကို ဘေးဖယ်လိုက်ပြီး ကိုယ့်လမ်းကိုယ်အောင်မြင်အောင်ဆက်လျှောက်ပါ။” လို့လည်း ၂၀၁၅ ခုနှစ် The Power of an Educated Girl ဆိုတဲ့ ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ …………………………………………………………………….…………………….. ၃) ဆုံးဖြတ်ချက်တွေချဖို့အတွက် “သင့်ရဲ့ကြောက်စိတ်ပေါ်မူတည်ပြီး ဘယ်အရာကိုမှမဆုံးဖြတ်ပါနဲ့။ မျှော်လင့်ချက်နဲ့ ဖြစ်နိုင်ချေရှိ မရှိကို အရင်စဉ်းစားပါ။ ဖြစ်သင့်တဲ့အရာပေါ်မူတည်ပြီး ဆုံးဖြတ်ပါ။ မဖြစ်ထိုက်တဲ့အရာတွေကို လက်မလှမ်းပါနဲ့။” လို့ Becoming ဆိုတဲ့ သူမရဲ့စာအုပ်မှာ ရေးသားခဲ့ပါတယ်။ …………………………………………………………………………………………… ၄) အောင်မြင်မှုဆိုတာ… “အောင်မြင်မှုဆိုတာ သင်ရှာနိုင်တဲ့ ပိုက်ဆံပမာဏနဲ့မဆိုင်ပါဘူး။ အများအတွက်ပြောင်းလဲပေးလိုက်တဲ့ ပြောင်းလဲမှုတွေနဲ့ပဲဆိုင်တာပါ။” လို့ ၂၀၁၂ ခုနှစ် Democratic National Convention မှာ ပြောကြားခဲ့ပါတယ်။ …………………………………………………………….…………………………. ၅) Negative အတွေးတွေအတွက်… “တကယ်လို့ တစ်ယောက်ယောက်က သင့်ကို မကောင်းပြောလာတဲ့အခါ၊ ချောက်တွန်းလာတဲ့အခါမျိုးတွေမှာ သူတို့နဲ့ယှဉ်ပြီး ပြန်မတိုက်ခိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့အနိမ့်ကသွားမယ်လို့ရွေးခဲ့ရင်တောင် ကျွန်မတို့က အမြင့်ကသွားဖို့ရွေးရမယ် ဆိုတာ ကျွန်မတို့ရဲ့ဆောင်ပုဒ်ဖြစ်နေလို့ပါ။” လို့ ၂၀၁၆ ခုနှစ် Democratic National Convention မှာ ဝင့်ဝင့်ကြွားကြွား ပြောကြားခဲ့ပါတယ်။ …………………………………………………………………….…………………… ၆) သူများတွေကို ကူညီတဲ့အခါ… “တစ်နေ့ သင့်ကြိုးစားမှုကြောင့် အောင်မြင်သွားတဲ့အခါ သင်ဖြတ်လျှောက်ခဲ့တဲ့ တံခါးတွေကို မပိတ်ခဲ့ပါနဲ့ နောက်တစ်ယောက်အတွက် ဖွင့်ခဲ့ပေးပါ။ နောက်ပြီး သင့်ကို အောင်မြင်မှုဆီိရောက်အောင် ကူညီထောက်ပံ့ပေးခဲ့တဲ့သူတွေကို ပြန်လည်ဖေးမပါ။” လို့ သူမရဲ့ Becoming ဆိုတဲ့စာအုပ်မှာ ရေးသားထားပါတယ်။ …………………………………………………………………….……………………… ၇) ခံယူမှုတွေအတွက် “ကျွန်မတို့ရဲ့နေ့ရက်တိုင်းက လွယ်ကူအေးချမ်းမှာမဟုတ်သလို ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ ပြဿနာတိုင်းကိုလည်း တစ်ခါတည်းနဲ့အပြတ် ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုတော့ အထင်မသေးလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သတ္တိဆိုတာ ကူးစက်နိုင်သလို မျှော်လင့်ချက်ဆိုတာကလည်း အောင်မြင်မှုနဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်တယ်ဆိုတာ သမိုင်းတွေက သက်သေပါပဲ။” လို့ Becoming မှာရေးထားပါတယ်။ .…………………………………………………………………….…………………… ၈) ကိုယ့်ကိုကိုယ် လေးစားဖို့အတွက် “ကျွန်မတ်ို့ဘာပဲလုပ်လုပ် ကိုယ့်ကိုကိုယ်ထိပ်ဆုံးမှာထားဖို့ကို မမေ့ပါနဲ့။” လို့ ၂၀၁၆ ခုနှစ် Let Girls Learn ဆိုတဲ့ ပွဲလေးမှာ ပြောကြားခဲ့ဖူးပါတယ်။ …………………………………………………………………….…………………… ၉) ကိုယ့်ကိုကိုယ်စစ်မှန်အောင်နေဖို့အတွက် “တကယ်လို့ ကျွန်မတို့ ကိုယ့်ရဲ့အတွေး၊ ယုံကြည်မှုတွေနဲ့ ကိုယ်ပိုင်စံနှုန်းတွေကိုသတ်မှတ်ပြီး ကိုယ့်အိပ်မက်တွေနောက်ကိုသာ လိုက်မယ်ဆိုရင် နောင်ဖြစ်လာမယ့် မျှော်လင့်ချက်တွေက ကိုယ့်အတွက်ကိုယ်ပဲဖြစ်တော့မယ် ဆိုတာ ကျွန်မသင်ယူခဲ့ဖူးပါတယ်။” လို့ ၂၀၁၅ ခုနှစ် Tuskegee University မှာ အဖွင့်စကားအနေနဲ့ စပြီးပြောကြားခဲ့ပါတယ်။ …………………………………………………………………….……………………. ၁၀) အောင်မြင်မှုတွေအတွက်… “အောင်မြင်မှုဆိုတာ သူများတွေအမြင်က သင့်ဘဝမဟုတ်ပါဘူး။ ရလဒ်တစ်ခုပေါ်မှာရှိတဲ့ သင့်ရဲ့ခံစားချက်ပါ။ နောက်ပြီး စစ်မှန်တဲ့အောင်မြင်မှုဆိုတာ စိတ်ခွန်အားတွေဖြစ်စေပြီး အတုယူစရာကောင်းတဲ့ လှုံ့ဆော်မှုတစ်ခုပါ။” လို့ Becoming မှာရေးသားခဲ့ပါတယ်။ …………………………………………………………………….…………………….. ၁၁) အရာရာမှာ မျှတဖို့အတွက်… “သင်ကဘယ်လောက်ပဲ မြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်နေပါစေ လူတိုင်းကိုမခွဲခြားဘဲ နှုတ်ဆက်ပါ၊ အကူအညီလိုတဲ့သူကို ကူညီပါ။” လို့ ၂၀၁၃ ခုနှစ် Eastern Kentucky University မှာ အဖွင့်စကားအနေနဲ့ ပြောကြားခဲ့ပါတယ်။   …………………………………………………………………….…………………….. ၁၂) မိန်းမသားတွေအတွက်… “မိန်းမသားအချင်းချင်း ဘယ်လိုအခြေအနေမျိုးမှာမဆို အချင်းချင်းကူညီဖေးမပါ။ တစ်ယောက်အတွက်တစ်ယောက်ရပ်တည်ပါ။” လို့ သူမရဲ့ Becoming စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ဒါလေးတွေကတော့ ဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့ လေ့လာမှတ်သားထားသင့်တဲ့ Michelle Obama ပြောခဲ့တဲ့ စကားလေးတွေပဲဖြစ်ပါတယ်။ ...

By:Kawi 13/05/2019
အမေနှင့် မီးဖိုချောင် In:Kawi Eats, Movies | Books | Apps
0 1 0

“မေမေရေ ဗိုက်ဆာပြီ။” ကလေးငယ် တစ်ယောက်ရဲ့ချစ်စဖွယ်အသံဖြစ်သော်လည်း လွန်စွာစူးစူးဝါးဝါးအော်သံကြောင့် အိ လန့်နိုးသွားလေသည်။ မနိုးတစ်ဝက် နိုးတစ်ဝက်နှင့်ရှိသော အိ ခန္ဓာကိုယ်လေးအပေါ် သေးငယ်သော လက်ကလေးများကျရောက်လာသည်။ “မေမေ မေမေ မေမေ” ဟင် မေမေဆိုပါလား။ ညဥ့်နက်မှအိပ်ထား၍ ဖွင့်မရသောမျက်လုံးကို အတင်းအားယူပြီးဖွင့်ကြည့်လိုက်သည်။ အိပ်မှုန်စုတ်ဖွားနှင့် ချစ်စဖွယ်ကလေးငယ်လေးသည် အိအနား။ “မေမေ မီးမီးဗိုက်ဆာတယ်။ ကြက်ဥကြော်စားချင်တယ်။” အိ ထိတ်လန့်သွားသည်။ မျက်လုံးများလည်း သူ့အလိုလိုအစွမ်းကုန်ပွင့်သွားသည်။ အလို မေမေလို့ခေါ်နေပါလား။ ဘယ်က ကလေးပါလိမ့်။ အမေ့လက်ချက်ပဲထင်သည်။ အမေက ကလေးချစ်တတ်တော့ ရပ်ကွက်ထဲက ကလေးများကို မုန့်ခေါ်ခေါ်ကျွေးတတ်သည်။ ပိတ်ရက်ဆို အိမ်၌ ကလေးများနှင့် အပြည့်။ သို့သော် ထိုကလေးမလေး၏ မျက်လုံးများ။ သူ့မျက်လုံးများမှာ ၀င်းလက်နေ၍ အိကို သူ့အမေဟု အတည်မှတ်နေဟန်။ “ဟင် နင်ဘယ်သူ့ကလေးလဲ။ မေမေရေ လာပါဦး။” အိ၏ အလိုမကျအော်လိုက်သံကြောင့် ထိုကလေးမလေး လန့်ဖျပ်သွားကာ အော်ငိုလေတော့သည်။ ပါးစပ်မှလည်း “ဖေဖေ” ဟု အသံသေးသေးလေးနှင့်။ ခြေသံပြင်းပြင်းကြောင့် တစ်အိမ်လုံးတုန်သွားကာ ခုတင်မှတစ်ဆင့် အိ၏ခန္ဓာကိုယ်လေးပါ တုန်သွားလေသည်။ အိ တစ်ခါမျှမမြင်ဖူးသော၊ ထွားထွားနှင့် ယောကျ်ားသားတစ်ယောက်သည် အခန်းထဲသို့ရဲတင်းစွာဝင်လာသည်။ အစကတော့ အိက ကြောင်နေ၍ အော်ရကောင်းမှန်းမသိ။ နောက်မှ သတိ၀င်ကာ အသံကုန်ဟစ်လေတော့သည်။ စောစောကတည်းက စည်းချက်ညီညီနှင့် အော်နေသောကလေးငယ်က အိ၏ အော်သံကြောင့်ပိုလန့်သွားကာ အသံပြိုင်၍ ထဟစ်သည်။ အထိတ်တလန့်နှင့်ဝင်လာသော အမျိုးသားလည်း ဘာလုပ်ရမှန်းမသိဖြစ်နေပြီးတဲ့နောက် ကလေးမလေးကို ကောက်ချီကာ “သမီးလေး တိတ်တိတ်။ အင်း ဟုတ်တယ် ဟုတ်တယ်။ မေမေကဆိုးတယ်။ ကလေးကို ငိုအောင်လုပ်တယ်နော်” လို့ ချော့မြူနေသည်။ အိ ဘက်ကိုလည်း လှည့်ကာ “မင်းကလည်း ကလေးကို အဲဒီလောက်တောင်အော်ရလား။ အမေမဟုတ်တဲ့အတိုင်းပဲ။” ဟမ် အမေ။ လာပြန်ပြီ ဒီအမေ။ နုနုထွတ်ထွတ် အပျိုလေးအား အမေနှင့် သိပ်မှားချင်နေကြ။ “အိ ကသူ့အမေမှမဟုတ်တာ။ ဘာဖြစ်လို့ ခဏခဏ အမေလို့လာလာခေါ်နေကြတာလဲ” အိ ဘယ်လောက်တောင် အော်လိုက်သလဲမသိ။ သတိတောင်လစ်ချင်သလိုဖြစ်သွားသည်။ ဘာမှမမြင်ရတော့ဘဲ အမဲပြောင်ကြီးသာ အချိန်အတော်ကြာမြင်နေရသည်။ ထို့နောက် မြင်ကွင်းများ ပြန်ရှင်းသွားပြီး မီးဖိုချောင်တစ်ခုထဲရောက်နေသည်။ အကျီ င်္လက်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားကာ၊ ထမီတိုတိုဝတ်ထားသော အမျိုးသမီးသည် တစ်စုံတစ်ရာကို အချိန်မမှီမှာစိုး၍ အလောသုံးဆယ် ချက်ပြုတ်နေသည်။ တစ်ဖက်မှလည်း ရေနွေးအိုးခလုတ်ကိုဖွင့်နေပြီး နောက်တစ်ဖက်မှ အိုးထဲကို ဆီသတ်နေသည်။ ရှုပ်ယှက်ခက်နေသော မီးဖိုချောင်လေးထဲကို အဖြူအစိမ်းကျောင်းဝတ်စုံလေးနှင့် ၅နှစ်အရွယ်လောက်ရှိလောက်မည့် ကောင်မလေးတစ်ယောက်ဝင်လာသည်။ လက်မှာလည်း ခေါင်းစည်းကြိုးရောင်စုံကို ကိုင်ထားလျက်။ ဆီထဲသို့ ဟင်းသီးဟင်းရွက်များပစ်ထည့်လိုက်ပြီး ရှဲကနဲမြည်သွားသောအသံကြောင့် အနောက်ကို ရုတ်တရက်ဆုုတ်လိုက်သော အမျိုးသမီးငယ်နှင့် ခေါင်းစည်းကြိုးလေးများနှင့်ဆော့ကစားနေသော ကောင်မလေးနှင့် တိုက်မိလေတော့သည်။ အမျိုးသမီးလေးသည် ကလေးမလေးဘက်ချက်ချင်းလှည့်ကာ နှုတ်မှ “အို သမီးလေး။ ဗိုက်ဆာပြီလား။ စားတော့မလား။ ခဏလေးနော်။” ဟု မျက်နှာချိုချို အသံသာသာနှင့်ပြောနေသည်။ တဆက်တည်းမှာပင် ကလေးမလေး၏ လက်မှခေါင်းစည်းကြိုးများကိုယူကာ ဆံပင်လေးများကိုစုစည်း၍ ချည်နှောင်ပေးနေလေသည်။ ထိုအမျိုးသမီးလေးကတော့ တခြားသူမဟုတ် အိ ဖြစ်သည်။ သို့သော် ထိုအရာများကို အိကိုယ်တိုင် သက်ဝင်လှုပ်ရှားနေခြင်းမဟုတ်။ တတိယလူနေရာက မြင်နေရခြင်းဖြစ်သည်။ မြင်ကွင်းများပြန်ဝါးသွားပြီး မည်းသွားလေသည်။ လျှော်ရမည့် အဝတ်တွေက များလှသည်။ အဖြူထည်နှင့် အရောင်စွန်းနိုင်သောအကျႌများကို ခွဲနေမိသည်။ ခွဲနေရင်း စိတ်ထဲမှာလည်း သမီးလေးကြိုက်တဲ့ ဘာဟင်းချက်ရင်ကောင်းမလဲတွေးနေသည်။ တွေးရင်းတွေးရင်း နောက်ဆုံးမှာ မိသားစုစုံစုံလင်လင် စားလို့မြိန်မယ့် ကြက်သားနှင့်အာလူးပဲချက်တော့မည်ဟု ရွေးချယ်လိုက်သည်။ ရေခဲသေတ္တာထဲမှာ ခဲထားသောကြက်သားကိုရေစိမ်ထားနေစဉ် အာလူးကိုအခွံခွာထားသည်။ ကြက်သားပျော့လောက်သောအခါတွင် အသားကိုနှပ်ရန် ဟင်းခတ်အမွှေးအကြိုင်ဘူးများကို စီထားလိုက်သည်။ ထို့နောက် ဦးနှောက်များရုတ်တရက် ရပ်သွားသလို၊ ဘာဆက်လုပ်ရမလဲ စဉ်းစားမရတော့။ ဘယ်အမွှေးအကြိုင်များကို အရင်ထည့်ရမည်နည်း။ အသားထဲစိမ့်ဝင်သွားအောင် ဘယ်လောက်ကြာကြာနှပ်ရမည်နည်း။ တစ်ခါမျှ မချက်ဖူးသော ကြက်သားအားလူးဟင်းက အိ သမီးလေးအကြိုက်တဲ့။ ထို့နောက် အိမ်မှ မီးဖိုချောင်ကနေ ရုတ်တရက် ဟင်းချက်ပြိုင်ပွဲထဲသို့ရောက်သွားသည်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော အိ အား ကြောက်စရာကောင်းသောမျက်လုံးများနှင့် စားဖိုမှုးဝတ်စုံဝတ်ထားသော ဒိုင်လူကြီးများက စိတ်ပျက်နေသောအကြည့်နှင့်ကြည့်နေသည်။ အချိန်ကလည်းစေ့တော့မည်။ ရေစိမ်ထားတဲ့ ကြက်သားလည်းမရှိတော့။ ဒိုင်လူကြီးတွေကလည်း အိ ကိုဝါးစားတော့မည်ဟန်။ အိ ငိုချင်လာသည်၊ စိတ်တွေလည်းရှုပ်လာသည်။ ဒုက္ခတွေ့မှ အမေ့ကို တ တတ်ကြသည့်လူတွေ၏ သဘာဝအတိုင်း အမေကိုသတိရလာသည်။ နောက်ဆုံး စိတ်မထိန်းနိုင်တော့သည့်အဆုံး “အမေရေ အိ ကိုကယ်ပါ” ဟု အော်ငိုလိုက်မိလေတော့သည်။ “သမီး သမီး အိ ဘာဖြစ်တာလဲ။ သမီးလေး ထ ထ” ချွေးတရွှဲရွှဲ၊ မျက်ရည်တစမ်းစမ်းနှင့် အိ နိုးလာသည်။ မျက်လုံးစအဖွင့်တွင် တွေ့ရသည်မှာ အမေ့၏ ထမီအနွမ်းလေး။ အော် အိ အိပ်မက်မက်နေသည်ပါလား။ ထို့နောက် အမေက အိ ၏ ချွေးစို့နေသောဆံနွယ်များကို သပ်ပေးနေသည်။ အမေလက်မှာတော့ ကြက်သွန်အနံ့ရသည်။ ခါတိုင်းဆို အမေ လက်လည်းသေချာမဆေးဘူး ဆိုကာ တွန်းထုတ်မိမည်ဖြစ်သည်။ အခုတော့ ထိတ်လန့်စရာကောင်းသော အိပ်မက်ကြောင့် အခုချိန်မှာ အိ အလိုအပ်ဆုံးက အမေဖြစ်နေသည်။ “အိ အိပ်မက်တွေမက်နေပြန်ပြီလား။ ထတော့လေ။ မနက်စာလာစား” အမေက ပြောပြောဆိုဆိုနှင့် အိ အနားမှထသွားပြီး၊ မီးဖိုချောင်ဘက်သို့ ကွေ့သွားသည်။ ထို့နောက် နေ့စဉ်ကြားနေကျအတိုင်း အိုးခွက်ပန်းကန်အသံတွေ ဆက်ကြားရသည်။ အိသည် သူမ၏ အိပ်မက်အား သေချာပြန်စဉ်းစားနေမိသည်။ မီးဖိုချောင်ကစပြီး မီးဖိုချောင်မှာဆုံးသည်။ သမီးအတွက် ချက်ပြုတ်နေရသည့် မိခင်။ စဉ်းစားရင်း စဉ်းစားရင်း ငိုချင်လာသည်။ ကိုယ့်ရဲ့တစ်နေ့တာလုံးကို သား၊သမီးတွေ စားဖို့၊ ၀တ်ဖို့ အိမ်မှာပဲနေကာ စီမံနေရသည့်မိခင်မျိုး အိ မဖြစ်ချင်။ သွက်လက်ထက်မြက်ပြီး လုပ်ငန်းခွင်မှာ ဦးဆောင်နေရသည့် မိခင်မျိုးပဲ အိ စိတ်ကူးသည်။ ဒါပေမယ့် ဘယ်မိန်းကလေးတိုင်းက ငါတော့ ကြီးလာရင် မီးဖိုချောင်မှာပဲ ဟင်းချက်မယ်လို့စိတ်ကူးမှာလဲ။ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ထဲပြန်မဝင်နိုင်တဲ့ မိခင်တွေ၊ သား၊သမီးတွေအတွက်ပဲ တစ်သက်လုံးအချိန်ပေးလိုက်ရသည့်မိခင်တွေများပါဘိ။ ထိုမိခင်များတွင် အိ အမေလည်း အပါအဝင်ဖြစ်သည်။ ချူချာလှသည့် အိ အား ငယ်ငယ်ကတည်းက ခဏခဏ အလုပ်ဖျက်၍ စောင့်ရှောက်ပေးရင်း သမီးစိတ်ကြောင့် အလုပ်ဖြောင့်ဖြောင့်မလုပ်နိုင်တော့ဘဲ အလုပ်ကပါ ထွက်လိုက်တော့သည်။ အိ ၀ါသနာပါသည့် ပန်းချီရေးတာကို တစ်စုံတစ်ယောက်က မျက်နှာရှုံရင် နည်းနည်းလေးမှ မကြိုက်ချင်။ အမေမှာတော့ သူ့ဝါသနာ၊ သူ့အလုပ်အား သမီးကြောင့် စွန့်လွှတ်လိုက်ရသည်။ အိ မျက်ရည်ဝဲမိသည်။ အမေ့အပေါ် ယခင်ကထက် ပိုပြီး ကောင်းကောင်း ဆက်ဆံတော့မည်ဟုတွေးကာ အိပ်ရာမှထပြီး အမေရှိရာ မီးဖိုချောင်ဆီသို့သွားသည်။ မွှေးကြိုင်လာသည့် ရနံ့နှင့်အတူ စားပွဲပေါ်တွင် ကြက်ဥကြော်နှင့် ပေါင်မုန့်ကိုပါ တပါတည်းတွေ့ရသည်။ အမေ က အိ ကိုမကြည့်အား။ ဟင်းအိုးမွှေရင်း အလုပ်ရှုပ်နေသည်။ အိ က အမေ့ကိုကြည့်ရင်း စားမဝင်ဖြစ်နေသည်။ အမေ့ဆီကို လျှောက်သွားရင်း အမေ့ခါးကို ဖက်ကာ၊ ပါးကို နမ်းလိုက်မိသည်။ အမေနည်းနည်းတောင် အိုသွားသလိုပဲ။ အိ မျက်ရည်စို့မိပြန်သည်။ အမေကတော့ အချိုသာဆုံးအပြုံးလေးနှင့် ပြုံးပြသည်။ အမေ ချက်နေသောဟင်းကို ငုံကြည့်မိလိုက်သောအခါ တွေ့လိုက်ရသည်မှာ “ကြက်သားအာလူးဟင်း”။ (ခေတ်ခေတ်) ...

By:Kawi 10/05/2019
သင့်ကို မျက်ရည်ကျစေမယ့် ရုပ်ရှင်ကား (၁၀) ကား In:Kawi Inspires, Movies | Books | Apps
1 1 0

ဒီတစ်ခေါက်မှာတော့ ကဝိရဲ့ချစ်သူလေးတွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကား (၁၀)ကားကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ ၁) The Theory of Everything သိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းကို အားလုံးသိကြမှာပါ။ ဒီဘက်ခေတ်ရဲ့ ဒုတိယ အိုင်းစတိုင်းလို့တောင် တင်စားကြပါတယ်။ ဒီဇာတ်ကားလေးက စတီဗင်နဲ့ သူ့ဇနီးတို့ရဲ့ ဇာတ်ကားလေးပါ။ သူက သာမန်လူကောင်းတစ်ယောက်မဟုတ်ပေမယ့် သူရဲ့အတွေးအခေါ်တွေကတော့ မယုံကြည်နိုင်လောက်အောင်ပါပဲ။ အာကာသနဲ့သက်ဆိုင်တဲ့ သီအိုရီတွေလည်း အများကြီးထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အချစ်သီအိုရီကရော ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါ့အပြင် ရုပ်တူတဲ့ မင်းသားကြီး  Eddie Redmayne ရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဇာတ်လမ်းလေးက ပိုပြီးအသက်ဝင်သွားပါတယ်။ ဒီဇာတ်ကားနဲ့ပဲ မင်းသားကြီး Eddie Redmayne ကအကောင်းဆုံး အမျိုးသား အော်စကာဆုကို ရယူနိုင်သွားခဲ့ပါတယ်။ ………………………………………………………………………………………. ၂) One Day ဒီကားလေးကတော့ ထိုင်းကားလေးပါ။ ဒီကားလေးကြည့်ပြီးရင် ငိုရရုံတင်မဟုတ်ပါဘူး မချိတင်ကဲတွေ ဖြစ်၊ အသည်းတွေယားပြီး ကျန်ခဲ့ပါလိမ့်မယ်။ ရုပ်မချောတဲ့ သာမန်ကောင်လေးတစ်ယောက်ရဲ့ ထူးခြားတဲ့အချစ်ကို တင်ဆက်ပြသထားတာဖြစ်ပါတယ်။ သူ့ရဲ့ဆုတောင်းလေးတစ်ခုု တကယ်ပြည့်သွားတဲ့အခါ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပေမယ့် ဇာတ်လမ်းရဲ့အဆုံးသတ်မှာတော့…………….. မပြောပြတော့ဘူးနော်။ ဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့….. (ပြီးတော့မှ မချိတင်ကဲတွေဖြစ်ပြီး ကဝိကို လာမပြောကြနဲ့နော် 😛 ) ………………………………………………………………………………………. ၃) Up “ငယ်ကချစ် အနှစ်တစ်ရာ” ဆိုတဲ့အတိုင်း ငယ်စဉ်တည်းက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲရဲ့ အိမ်မက်တွေက ကြီးမားခဲ့ပါတယ် (ခေတ်စကားနဲ့ပြောရရင်တော့ အိမ်မက်တွေ စျေးကြီးတယ်ပေါ့)။ အသက်တွေကြီးလာလို့ ကောင်မလေးက အဖွားကြီးဖြစ်ပြီး ဆုံးပါးသွားတဲ့အခါမှာ အဖိုးက သူတို့မက်ခဲ့တဲ့ စိတ်ကူးယဉ်အိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။ အိမ်မက်တွေက စျေးကြီးပေမယ့် မရရအောင် အကောင်အထည်ဖော်ခဲ့တဲ့ ကာတွန်းကားလေးပဲဖြစ်ပါတယ်။ စိတ်ကူးယဉ်တော့ဆန်ပေမယ့် ဇာတ်လမ်းလေးကတော့ အရမ်းကိုကောင်းပါတယ်။ ………………………………………………………………………………………. ၄) The Help ဒီကားလေးက ၁၉ ရာစုနှစ် လူဖြူ၊ လူမည်းခွဲခြားတဲ့ခေတ်ကို နောက်ခံထားတဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ အဲဒီခေတ်က အနှိမ့်ချခံရ၊ ခွဲခြားခံရတဲ့ လူမည်းအမျိုးသမီးအိမ်ဖော်တွေရဲ့ ဘဝကိုထင်ဟပ်ပြသထားတဲ့ ဇာတ်ကားလေးပါ။ သူတို့ရဲ့ နှိမ့်ချခံရပုံ၊ ခွဲခြားခံရပုံကို လူဖြူအမျိုးသမီးတစ်ယောက်က ကမ္ဘာကိုချပြဖို့ကြိုးစားတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲ? ကမ္ဘာကိုရော ချပြနိုင်သွားမှာလားဆိုတာ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။ သူတို့ရဲ့ ဘဝကို စာနာနားလည်သွားလောက်အောင် ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ ………………………………………………………………………………………. ၅) Me Before You တစ်ချိန်က အရမ်းချမ်းသာတဲ့အပြင် အရာရာမှာထူးချွန်ပြီး ဘဝဆိုတာပျော်စရာတွေနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ လူတစ်ယောက်ဟက ခေါင်းကလွဲပြီး တစ်ကိုယ်လုံးမလှုပ်နိုင်တော့တဲ့အချိန်မှာ လောကကြီးကို အရှုံးပေးဖို့ဆုံးဖြတ်ထားလိုက်တယ်။ ဒါပေမယ့် မထင်မှတ်ပဲ ပျော်ပျော်နေတတ်တဲ့ ချစ်စရာကောင်မလေးတစ်ယောက် သူ့ကိုပြုစုပေးဖို့ရောက်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မယ်ထင်လဲ? သူလောကကြီးကို ဆက်အရှုံးပေးလိုက်မှာလား သူ့ရဲ့ ဆုံးဖြတ်ချက်တွေပြန်ပြင်မှာလား? ………………………………………………………………………………………. ၆) The Note Book ချမ်းသာတဲ့ မိသားစုကနေပေါက်ဖွားလာတဲ့ ကောင်မလေးတစ်ယောက်ကို သာမန် လက်လုပ်လက်စားကောင်လေးတစ်ယောက်က မြင်မြင်ချင်းမှာပဲ ချစ်သွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အချစ်တွေက သာမန်မဟုတ်ခဲ့ဘူး။ သူတို့ဝေးသွားပြီး နှစ်တွေကြာသွားခဲ့တာတောင် ကောင်လေးရဲ့အချစ်တွေက ပြောင်းလဲမသွားခဲ့ပါဘူး။ ဒါပေမယ့် ကောင်မလေးကတော့ အချစ်သစ်ကို တွေ့သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် ပြန်တွေ့တဲ့အခါမှာတော့ ဇာတ်လမ်းတွေတစ်မျိုးတစ်ဖုံပြောင်းသွားပြန်ပါတယ်။ ဘယ်လိုမျိုးပြောင်းလဲသွားတယ်ဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲ ကြည့်လိုက်တော့နော်။ တကယ်ကို ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဆိုတာတော့ သေချာပါတယ်။ ………………………………………………………………………………………. ၇) Titanic ဒီကားလေးက ဘာမှတောင်ပြောနေစရာမလိုတဲ့ တော်တော်ကြာနေပြီဖြစ်တဲ့ကားလေးပါ။ လူတိုင်းလည်း သိကြမှာပါ။ ဒီကားလေးကို ရွေးချယ်ထားရတဲ့အကြောင်းအရင်းလေးက သင် ဒီကားလေးပြန်မကြည့်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ? အရမ်းကောင်းတဲ့ကားလေးကို နောက်တစ်ခါပြန်ကြည့်ဖို့ သတိပေးတဲ့အနေနဲ့ပါ။ ဒီကားလေးကြည့်ပြီး ဘယ်လောက်ခံစားရတယ်ဆိုတာတော့ ပြောမနေတော့ပါဘူးနော်။ ………………………………………………………………………………………. ၈) Boy in the Striped Pyjamas ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်အချိန်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ လုံးဝ ရန်သူမျိုးနွယ်နှစ်ခုဖြစ်တဲ့ ဂျူးအကျဉ်းထောင်ရဲ့ ဂျာမနီတပ်ချုပ်ကြီးရဲ့ သားလေးနဲ့ ဂျူးအကျဉ်းသားတစ်ဦးရဲ့ ရွယ်တူသားလေးတို့ရဲ့ ဖြူစင်တဲ့သံယောဇဉ်ကို တွေ့ရမှာပါ။ ရန်သူမျိုးနွယ်စု နှစ်ခုကြားမှာ လူလူချင်းကိုယ်ချင်းစာနာမှုနဲ့ ကလေးတွေရဲ့ ဖြူစင်တဲ့သံယောဇဉ်တို့ကို ပုံဖော်ထားတာပါ။ တမှုထူးခြားတဲ့ Drama ကားလေးပဲဖြစ်ပါတယ်။ ………………………………………………………………………………………. ၉) Five Feet Apart နာတာရှည်ရောဂါခံစားနေရတဲ့ ကောင်မလေးတစ်ယောက်။ ကိုယ်တိုင် အသက်ရှင်နေထိုင်ဖို့ ရုန်းကန်ရင်း သာမန်လူတစ်ယောက်လို နေထိုင်နိုင်ဖို့ ကြိုးစားနေတုန်း သူမလိုပဲရောဂါခံစားနေရတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကိုယ်စီအခက်အခဲတွေကို ရုန်းကန်နေရတဲ့ကြားက တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ? ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုလည်း ဇာတ်ကားလေးကြည့်ပြီး ကိုယ်တိုင်သာ ခံစားလိုက်တော့နော်! ………………………………………………………………………………………. ၁၀) Dumbo Dumbo ကာတွန်းကားလေးကို အားလုံးကြည့်ဖူးကြမှာပါ။ အခုက ဒီကာတွန်းလေးကို တကယ့်အပြင်ကပုံစံ ပြန်ရိုက်ထားတာဖြစ်ပါတယ်။ အမေနဲ့ကွဲသွားတဲ့ ဆင်လေးက ဆပ်ကပ်ထဲမှာ အခက်အခဲတွေနဲ့ ပြဿနာတွေကို ကြုံတွေ့နေခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ထူးခြားတဲ့ အစွမ်းတွေကို သိရှိသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကတော့……………. ဇာတ်ကားလေးကိုပဲ ကြည့်လိုက်တော့နော်! အားလုံးပဲ အားလပ်ချိန်လေးတွေမှာ ဒီဇာတ်ကားလေးတွေကိုကြည့်ပြီး အပြည့်အဝအနားယူနိုင်ကြပါစေ။ ...

By:Kawi 08/05/2019
သီချင်းတွေကပေးတဲ့ အားအင် (Khant’s Playlist) In:Kawi Inspires, Movies | Books | Apps
0 1 0

ဂီတက စွမ်းအားကြီးပါတယ်။ ဂီတက သင့်ကို စိတ်ခံစားချက်တွေဖြစ်ပေါ်စေနိုင်သလို၊ အားအင်တွေလည်း ဖြစ်ထွန်းစေနိုင်ပါတယ်။ ပြီးတော့ သီချင်းတွေက စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ အကောင်းဆုံးနည်းဆိုရင်လည်း မမှားပါဘူး။ ခံစားချက်တွေပြောင်းလဲတာ မြန်ဆန်လွန်းတဲ့ ကျွန်တော့်လို လူတစ်ယောက်အတွက် တစ်နေ့တာကိုဖြတ်သန်းတဲ့အခါ သီချင်းတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ များသောအားဖြင့် ကျွန်တော် စိတ်အားတက်ကြွမှုနဲ့ အားအင်တွေလိုအပ်လာတဲ့အခါ Hardstyle နဲ့ Psy Trance သီချင်းအမျိုးအစားတွေကို နားထောင်ဖြစ်ပါတယ်။ အောက်ကသီချင်းတွေကတော့ ကျွန်တော် စိတ်အားတက်ကြွမှုနဲ့ အားအင်တွေလိုအပ်လာတဲ့အခါ အများဆုံးနားထောင်ဖြစ်တဲ့ သီချင်းတွေပါ။ 1. For Ever – Zatox 2. Come Running – Darren Styles 3. The Truth – ReOrder & Exis 4. Us Against the World – Darren Styles 5. Save Me – Darren Styles 6. Be Here Now – Brennan Heart & Jonathan Mendelsohn 7. F.T.F.M.F. – Coone and Zatox စိတ်ဓာတ်တွေအောက်ဆုံးထိရောက်နေပြီး ဘာမှလုပ်ချင်စိတ်မရှိတော့ဘူးဆိုရင်တော့ ဒီသီချင်းတွေကို နားထောင်လေ့ရှိပါတယ်။ 1. Stand Out Fit In – ONE OK ROCK 2. This Is Me – Keala Settle 3. Wasted Nights – ONE OK ROCK 4. The Nights – Avicii 5. Breakaway – Kelly Clarkson 6. မင်းအတွက်မင်း – Idiots 7. Masterpiece – Jessie J ကျွန်တော်တို့ရဲ့  audience တွေကရော စိတ်ဓာတ်တက်ကြွဖို့ ဘယ်လိုသီချင်းအမျိုးအစားတွေနားထောင်လေ့ရှိလဲဗျ? Comment ထဲမှာပြောပြပေးသွားပါဦး။ ကျွန်တော်တို့လည်းနားထောင်ကြည့်လို့ရအောင်ပေါ့! ...

By:Kawi 24/04/2019
သင်္ကြန်ကို အိမ်ထဲမှာပဲအေးဆေးနေတတ်သူလေးတွေဖတ်ဖို့!!! In:Kawi Inspires, Movies | Books | Apps
0 2 0

သင်္ကြန်က အရင်တုန်းကလို ပေါ့ပေါ့ပါးပါးရေပက်ကြတာမျိုးမဟုတ်တော့ဘဲ EDM ပွဲတွေလိုဖြစ်လာကြပြီဆိုတော့ EDM မကြိုက်တဲ့သူတွေက ဘယ်အပြင်ထွက်ချင်ကြတော့မလဲနော်။ အဲဒီတော့ အိမ်မှာနေရင်း စာဖတ်ဖို့စိတ်ကူးနေတယ်ဆိုရင် ဘာစာအုပ်တွေဖတ်ရမလဲဆိုတာ ကဝိတို့ကညွှန်းပေးမှာပေါ့။ စာအုပ်က (၇) အုပ်တောင် ညွှန်းပေးထားမှာမလို့ ကိုယ်ကြိုက်လောက်မယ့် စာအုပ်လေးတွေရွေးပြီးဖတ်ကြည့်နော်။ စာဖတ်လေ့ဖတ်ထမရှိသေးတဲ့သူတွေဆိုရင်တောင် စာဖတ်တဲ့အလေ့အကျင့်ပါ တစ်ခါတည်းရသွားတာပေါ့။ ၁) မင်းလူ – သူငယ်ချင်းတစ်ယောက်အကြောင်း ဒီစာအုပ်လေးက ခေါင်းစဉ်လေးအတိုင်းပဲ ဆရာမင်းလူက သူ့သူငယ်ချင်းတစ်ယောက်အကြောင်းရေးထားတာပါ။ စီးပွားရေးအမြင်ရှိလှတဲ့ သူငယ်ချင်း စိန်ကြောင် အကြောင်းပေါ့။ သူ့ရဲ့စီးပွားရေးမြင်တတ်ပုံကလည်း အရမ်းကို အံ့အားသင့်စရာကောင်းတာမလို့ ဗဟုသုတလည်းရပါတယ်။ သူက ကျောင်းတုန်းကဆို အရမ်းအစအနောက်သန်တာမလို့ မိန်းကလေးတွေအကုန်လုံးကကြောက်ကြရတယ်။ နောက်ပြီး ကျောင်းမှာကတည်းက သူကစီးပွားရေးအသေးစားလေးတွေကို စလုပ်နေပြီ။ စိန်ကြောင်ရဲ့ စီးပွားရေးလုပ်ပုံတွေနဲ့ ကြုံရတဲ့ရယ်စရာ တွေကို ဆရာမင်းလူရဲ့ရေးသားဟန်နဲ့ရေးထားတဲ့အခါမှာတော့ အတော့်ကို ဗဟုသုတလည်းရပြီး ရယ်မောစရာလည်းကောင်းတဲ့စာအုပ်လေးဖြစ်သွားတာပေါ့။ ………………………………………………………………………………………………… ၂) မစန္ဒာ – ဘဝအိပ်မက်ပန်းအိပ်မက် ဘယ်သောအခါမှ ကံမကောင်းခဲ့တဲ့ ဦးဘပွားဆိုတဲ့လူကြီးဟာ ဇနီးသည် နဲ့ သားသမီး(၃)ယောက်ရဲ့အချစ်ကိုမရခဲ့သူတစ်ယောက်။ ကံမကောင်းတဲ့ ဦးဘပွားကိုပိုပြီး ကံမကောင်းစေခဲ့တဲ့ အကြောင်းကတော့ အဆုတ်ကင်ဆာရောဂါရှိနေကြောင်း သိရှိခဲ့ရတာပါ။ အသက်ရှင်ဖို့ရက်သိပ်မရတော့တဲ့ ခြောက်ကပ်စရာနေ့ရက်တွေကို တစ်စုံတစ်ခုက အသက်ပြန်သွင်းပေးနိုင်ခဲ့တယ်။ အဲဒီအရာက??? ………………………………………………………………………………………………… ၃) ကြည်အေး – နွမ်းလျအိမ်ပြန် ဘဝကံအကျိုးမပေးတဲ့ တင်မေမှာ စကားနဲ့ပြောမပြနိုင်လောက်အောင် ဘဝကနာလွန်းလှတယ်။ ငယ်ရွယ်စဉ်မှာပဲ အဖေက အဒေါ်ဆိုတဲ့သူနဲ့ ဖောက်ပြန်တဲ့အတွက် တင်မေတစ်ယောက် အမေ၊ အမနဲ့အတူ အိမ်ပေါ်ကဆင်းလာခဲ့ရရှာတယ်။ နောက်ပိုင်းတော့ အားကိုးစရာ ဆရာအောင်မင်း ပေါ်လာလို့တော်သေးပေမယ့် ဘဝနာခဲ့ရတဲ့ တင်မေ က သာမန်မိန်းကလေးတွေလို ဘဝကို လှတပတနဲ့မဖြတ်သန်းနိုင်တော့တဲ့အခါမှာ … ………………………………………………………………………………………………… ၄) မိုးမိုး(အင်းလျား) – ငြိမ်းကိုရှက်ပါ ဇာတ်သဘင်မှာ ဇာတ်ကတာကို ပွဲကြည့်ပရိတ်သတ်အနေနဲ့ထိုင်ကြည့်ဖူးတယ်မလား?? ငြိမ်းကတော့ လောကဇာတ်ခုံမှာ သူကိုယ်တိုင်ပါ၀င်နေတာတောင် ပွဲကြည့်ပရိတ်သတ်တစ်ယောက်အဖြစ်နဲ့သာ ထို်င်ကြည့်နေခဲ့ရတဲ့ငြိမ်းပါ။ အဖေ၊ အမေ၊ အမ ဘယ်သူမှဖေးမခေါ်ယူပြီး အတူကဖို့ခေါ်ယူမခံရတဲ့ငြိမ်း။ လူသေတစ်ယောက်လို သတ်မှတ်ခံထားရတဲ့ငြိမ်းက ဘဝကို ဘယ်လိုခါးသီးစွာ ဖြတ်သန်းနေရလဲဆိုတော့ … ………………………………………………………………………………………………… ၅) သော်တာဆွေ – ပပဝတီ ဆရာသော်တာဆွေရဲ့စာအုပ်တွေ ဖတ်ဖူးတဲ့သူတွေကတော့သိကြမှာပါ။ ဆရာက သူရေးနေကျအတိုင်း ဂေါ်ပိုးတဲ့အကြောင်းရယ် ဂယက်ဖြစ်ပုံလေးတွေရယ်ကို ပေါင်းရေးထားတာပေါ့။ ဒီစာအုပ်လေးမှာလည်း ဂေါ်မစွံတဲ့ ဆရာ့သူငယ်ချင်းတစ်ယောက်က သူပိုးနေတဲ့ကောင်မလေးတစ်ယောက်နဲ့အောင်သွယ်ခိုင်း၊ ခက်တာကကောင်မလေးက သူ့အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးး။ အဲဒီတော့ တပည့်တော် ပေါ်ဦးဆီက အကြံတွေတောင်းရတော့တာပေါ့။ ပေါ်ဦးအကြံပေးတာက သူတို့နှစ်ယောက်နီးစပ်ဖို့ဆိုတာက တင်မောင်ကိုရဲ့ ဦးကြီးသဘောတူမှဆိုတော့ ဦးကြီးကို အစေခံမလေးတွေတို့၊ စျေးသည်မလေးတွေတို့အကြောင်းရေးထားတဲ့ ပပဝတီအမည်ရှိ စာရေးသူရေးထားတဲ့ ၀တ္ထုတွေဖတ်ပြဖို့ပေါ့။ နောက်ပိုင်းမှာ အဲဒီစာရေးသူ ပပဝတီအဖြစ် ဆရာကိုယ်တိုင် ဟန်ဆောင်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ … ………………………………………………………………………………………………… ၆) မင်းလူ – ချစ်သောပန်းကလေး ဘူမိဗေဒကျောင်းသားတွေ ကွင်းဆင်းခရီးသွားရတဲ့အခါ ဘယ်လောက်တောင်ပင်ပန်းဖို့ကောင်းတဲ့အကြောင်းတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ လဲကျသွားတဲ့သူငယ်ချင်းတွေကို ဘယ်လိုဖေးကူရတယ်ဆိုတဲ့အကြောင်းတွေ၊ ဒေသခံတွေရဲ့အကူအညီပေးပုံအကြောင်းတွေရေးထားတာပါ။ ဘူမိကျောင်းသားတွေဆို သိပ်စိတ်ဝင်စားကြမယ့် စာအုပ်လေးပေါ့။ နောက်ပြီး ဘူမိကျောင်းသားတစ်ယောက် က ရိုးသားလှတဲ့ ဒေသသူလေးကိုကြိုက်မိသွားတဲ့အခါ ချစ်စရာကောင်းတဲ့ ပိုးပန်းတဲ့ပုံလေးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ………………………………………………………………………………………………… ၇) ရွှေဥဒေါင်း – စုံထောက်မောင်စံရှား စုံထောက်မောင်စံရှားစာအုပ်တွေက Sherlock Holmes ၀တ္ထုတွေကို မြန်မာမှုပြုပြီး ဘာသာပြန်ထားတာပါ။ မြန်မာစာဖတ်သူတွေဖတ်ရလွယ်အောင် ဆရာ့ရဲ့ဘာသာပြန်အတတ်ပညာတွေနဲ့ ချောချောမွတ်မွတ်ဖြစ်အောင် ဘာသာပြန်ထားတာကြောင့် မတူညီတဲ့ဓလေ့တွေကိုတောင် ဖတ်ရတာစိမ်းနေမှာမဟုတ်ပါဘူး။ စုံထောက်ဆိုတဲ့အတိုင်း ထူးထူးဆန်းဆန်းအမှုတွေကို လိုက်စုံထောက်ရတာကြောင့် သည်းထိတ်ရင်ဖိုနဲ့ဖတ်ရအလွန်ကောင်းပါတယ်။ ၀တ္ထုတိုပေါင်းချုပ်တွေဆို စျေးလည်းများပြီး ထူလည်းထူတာကြောင့် အခုလို အတွဲလေးတွေခွဲထွက်ထားတဲ့ စာအုပ်လေးတွေဆို ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရတာလည်းအဆင်ပြေပါတယ်နော်။ ဒီလောက်ဆို သင်္ကြန်မှာ အိမ်တွင်းပုန်းလေးတွေအနေနဲ့ ပျင်းနေစရာ မလိုတော့ဘဲ စာအုပ်ထဲက ရသလေးတွေကို ခံစားပြီး ရယ်စရာ၊ ဗဟုသုတရစရာတွေနဲ့ ကုန်ဆုံးနိုင်ပြီပေါ့!!! ...

By:Kawi 04/04/2019
Doodle art တွေကိုရူးသွပ်တဲ့ အောင်ခန့်!!! In:Kawi Inspires, Movies | Books | Apps, Self Discovery
0 0 0

အောင်ခန့်ကတော့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်ပြီး doodle art တွေဆွဲရတာကို ရူးသွပ်တဲ့ သူတစ်ယောက်ပါ။ Doodle art ကို တချို့သူတွေက ကလေးပန်းချီလို့ပြောကြပေမယ့် တကယ်တမ်းကျတော့ doodle art တွေက ထင်ထားတာထက်ကို ပိုပြီးလေးနက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို အခြေခံပြီး ပုံဖော်ထားတဲ့ ပန်းချီတွေမို့လို့ပါ။ ဥပမာပေးရမယ်ဆိုရင် စာသင်ခန်းထဲမှာ ကို်ယ်စိတ်မဝင်စားတဲ့ သင်ခန်းစာတစ်ခုကို နားထောင်နေရတဲ့အချိန် ဖတ်စာအုပ်အနားတွေ၊ စာအုပ်ထောင့်လေးတွေမှာ ဆွဲဖြစ်သွားတဲ့ ရုပ်ပုံလေးတွေ၊ ကနုတ်ပန်းတွေ စတဲ့ ပန်းချီပုံရိပ်တွေကစလို့ doodle art လို့ခေါ်တာပါ။ နောက်ပြီး ဒီ doodle art တွေကနေတစ်ဆင့် ပန်းချီပုံရိပ်တွေကိုကြည့်ပြီး ဆွဲထားတဲ့လူရဲ့ စိတ်ခံစားချက်ကိုပါ ခန့်မှန်းလို့ရနိုင်ပါတယ်။ ၁. ပန်းငယ် ၂. လေထဲက အတွေး ၃. ဖယောင်းတိုင် ၄. လူတစ်မျိုး အောင်ခန့်ကတော့ doodle art ကို စတိုးဆိုင်လေးတွေကပြန်ပေးလိုက်တဲ့ ဘောင်ချာစာရွက်တွေမှာတောင် ဆွဲတဲ့အထိကို ရူးသွပ်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့အလုပ်စားပွဲခုံပေါ်မှာဆိုရင် ဘောင်ချာအဟောင်းတွေကို မလွှင့်ပစ်ဘဲ doodle art လေးတွေဆွဲပြီး တင်ထားတတ်တာကြောင့် ရှုပ်ပွနေတတ်ပါတယ်(ဒီလို ရှုပ်ပွနေတတ်လို့လည်း တစ်ခါတလေအဆူခံရပါသေးတယ်)။ နောက်ပြီး သူ့ရဲ့ doodle art တွေက ပုံတွေတင်မဟုတ်ဘဲ သူ့ရဲ့စိတ်ခံစားချက်တွေကို ဖော်ပြတဲ့ ခံစားချက်စာသားလေးတွေပါ ပါဝင်တာဆိုတော့ ပုံလေးတွေကိုပိုပြီး အသက်ဝင်သွားစေပါတယ်။ ခံစားချက်စာသားတွေကလည်း ရင်ထဲကိုရောက်သွားလောက်အောင် ထိတယ်နော်။ အဲဒါကြောင့် အလွမ်းဓာတ်ခံရှိတဲ့လူတွေဆိုရင်တော့ ဖတ်ပြီး ခံစားနေရရင် တာဝန်မယူဘူးနော်… ...

By:Kawi 04/04/2019
သင်္ကြန်အိမ်တွင်းပုန်းတွေအတွက် “ကဝိ” က recommend ပေးလိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲများ In:Kawi Inspires, Movies | Books | Apps
0 1 0

ဟေ့… သင်္ကြန်အိမ်တွင်းပုန်းမယ့် ကိုကိုမမတို့ရေ! ပိတ်ရက် ၅ ရက်မှာ ဘာတွေလုပ်မယ်ဆိုတာ plan ပြီးကြပြီလား? ဘာမှမစီစဉ်ရသေးရင်တော့ အခုပြောပြမယ့် series အသစ်တွေနဲ့ အခန်းထဲမုန့်အပြည့်ဖြည့်၊ တံခါးလော့ချပြီးသာကြည့်ဖို့ ပြင်လိုက်တော့နော်။ Series တွေအပြင် ဇာတ်လမ်းဟောင်းတွေ ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း movie marathon လို့ရမယ့် ရုပ်ရှင်ကားတွေကို အောက်မှာ list လေးလုပ်ထားပေးတယ်နော်။ ၁။ The Order ဒါကတော့ Netflix ရဲ့ original ဇာတ်လမ်းတစ်ပုဒ်ပါ။ လတ်တလော အရမ်းဟော့နေတဲ့ ဇာတ်လမ်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်တဲ့ Jack က Belgrave တက္ကသိုလ်က လျှို့ဝှက်ဆန်းကြယ်မှုတွေ မှော်အတတ်တွေနဲ့ ပြည့်နှက်နေတဲ့ club တစ်ခုကို join ပြီး သူ့မိခင်ဖြစ်သူရဲ့သေဆုံးမှုကို လက်စားချေဖို့အတွက် secret order တစ်ခုကို လက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မထင်မှတ်ဘဲ werewolf တွေ practitioners တွေရဲ့ စစ်ပွဲတွေကြားကို ရောက်သွားတဲ့အခါမှာတော့…. နောက်ဆက်တွဲ လူသတ်မှုတွေ၊ ဖြစ်ရပ်ဆန်းတွေကို thriller ဆန်ဆန်ကြည့်လို့ရမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။ ……………………………………………………………………………………………….. ၂။ The Umbrella Academy ၁၉၈၉ ခုနှစ်် အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ ထူးဆန်းစွာနဲ့ အကြောင်းအရင်းမရှိဘဲ ကလေး ၄၃ ယောက် တစ်ချိန်တည်းမှာ မွေးဖွားလာခဲ့ပါတယ်။ Billionaire တစ်ယောက်ဖြစ်တဲ့ Reginald Hargreeves က ကလေး ရ ယောက်ကိုသာ မွေးစားခဲ့ပြီး Umbrella Academy ကိုတည်ထောင်ခဲ့ပါတယ်။ Reginald Hargreeves က ဒီကျောင်းထဲမှာ သူ့ကလေးတွေအားလုံးကို လူစွမ်းကောင်းတွေဖြစ်ဖို့ သင်ကြားပေးခဲ့ပေမယ့် ကလေးတွေကြီးလာတဲ့အခါမှာတော့ မတူညီတဲ့အမူအကျင့်တွေကြောင့် သူတို့ ရ ယောက် လမ်းတွေကွဲပြားသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့မွေးစားဖခင်ဖြစ်တဲ့ Reginald Hargreeves သေဆုံးပြီးချိန်မှာ ဖခင်သေဆုံးမှုနဲ့ပတ်သက်တဲ့အမှုကို ဖော်ထုတ်ကြဖို့အတွက် ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့အခါမှာတော့ နောက်ဆက်တွဲဖြစ်လာမယ့် လူသတ်မှုတွေနဲ့ သူတို့ကြားက မတူထူးခြားတဲ့ စရိုက်တွေကြောင့် ဘယ်လိုရှေ့ဆက်ပြီး အမှုတွေကို ဖော်ထုတ်ကြမလဲဆိုတာကိုတော့ ဒီ series လေးမှာပဲဆက်ကြည့်လိုက်နော်။      ……………………………………………………………………………………………….. ၃။ iZombie iZombie ကတော့ အားလုံးပေါင်း season (၄) ခုရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Liv Moore (Rose Mclver) ကတော့ အဓိကသရုပ်ဆောင်ပေါ့။ သူမ တစ်ည boat party တစ်ခုကိုသွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ထူးဆန်းတဲ့ မူးယစ်ဆေးတစ်ခုကြောင့် သုံးမိသူတိုင်း zombie တွေအဖြစ်ပြောင်းသွားပြီး ကျန်တဲ့သူတွေကို တိုက်ခိုက်ခဲ့ပါတယ်။ သူမကတော့ ဆေးမသုံးမိပေမယ့် zombie တစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့် မသေဘဲ zombie တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ သူမရဲ့ လူအသွင်ကို ထိန်းထားဖို့ဆိုရင် လူဦးနှှောက်စားပေးရမှာဖြစ်တဲ့အတွက် အလောင်းခွဲစိတ်ဌာနမှာ ခွဲစိတ်ဆရာဝန်တစ်ယောက်အဖြစ် လုပ်ခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်တစ်စိတ်တစ်ပိုင်းကိုစားပြီးတိုင်း အဲဒီသူရဲ့ မှတ်ဉာဏ်တွေကို သိနိုင်တာကတော့ သူ့အစွမ်းပေါ့။ သူမရဲ့ဒီအစွမ်းကို သုံးပြီး စုံထောက်ဖြစ်သူ Clive နဲ့အတူ အမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်ကြမယ်ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြနော်။ ……………………………………………………………………………………………….. ၄။ Siren Bristol Cove ဆိုတဲ့ ကမ်းနားမြို့တစ်မြို့ဟာဆိုရင် တစ်ချိန်က ရေသူမတွေနေတဲ့မြို့ဆိုပြီး နာမည်ကြီးခဲ့တဲ့ မြို့တစ်မြို့ပါ။ ဒါပေမယ့် တစ်နေ့ ထူးဆန်းတဲ့ ကောင်မလေးတစ်ေယောက်ရောက်လာပြီးတဲ့အခါမှာတော့ တစ်ချိန်က ဒဏ္ဍာရီတွေ တကယ်အသက်ဝင်လာခဲ့ပြီး လူသားနဲ့ပင်လယ်ကြားက တိုက်ပွဲတွေပြန်စလာတဲ့အခါမှာတော့ ဒီအသားစားရေသတ္တဝါတွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ပြန်လည်ရယူဖို့ ပြန်ပေါ်လာတဲ့အခါမှာတော့….. သိချင်ရင် ဇာတ်လမ်းထဲမှာပဲ ဆက်ပြီးကြည့်လိုက်တော့နော်။ ……………………………………………………………………………………………….. ၅။ Riverdale တစ်ချိန်က အေးချမ်းခဲ့တဲ့ Riverdale မြို့ဟာဆိုရင် မြို့ရဲ့အင်အားကြီးမိသားစုတစ်စုရဲ့ သားဖြစ်သူ Jason Blossom ထူးဆန်းစွာ သေဆုံးပြီးတဲ့နောက်မှာတော့ လုံးဝပြောင်းလဲခဲ့ပါတယ်။ Archie နဲ့ သူငယ်ချင်းအုပ်စုကတော့ နေ့စဉ်ဘဝမှာရုန်းကန်ရင်း စိတ်ခြောက်ခြားစရာကောင်းတဲ့ Jason Blossom ရဲ့သေဆုံးမှုကို ဖော်ထုတ်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ ဒီလူသတ်မှုကို ဖော်ထုတ်ရင်း အေးချမ်းလှပါတယ်ဆိုတဲ့ Riverdale ရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေပါ ဘယ်လို ပေါ်ပေါက်လာမလဲဆိုတာကိုတော့ ဇာတ်ခံအေးအေးနဲ့ thriller ဆန်ဆန်ဇာတ်လမ်းကိုသာကြည့်ပြီး ရှာဖွေလိုက်ကြတော့နော်။ ……………………………………………………………………………………………….. ၆။ Memories of the Alhambra ဒီကားထဲမှာတော့ မင်းသမီး Park Shin Hye နဲ့ Ahjussi ချောချောလေး Hyun Bin တို့အပြင် အရံအနေနဲ့ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ပျိုတိုင်းကြိုက် Park Chanyeol တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ fantasy ဆန်ဆန်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းထဲမှာဆိုရင် Yoo Jin Woo (Hyun Bin) က Software Engineer တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် Gaming ပိုင်းမှာ ရင်းနှီးမြှပ်နှံသူတစ်ယောက်ပါ။ တစ်နေ့မှာ အလယ်ခေတ်စစ်ပွဲတွေကို အခြေခံပြီး တီထွင်ထားတဲ့ AR ဂိမ်း တစ်ခု နဲ့ ပတ်သက်ပြီး Yoo Jin Woo (Hyun Bin) ဆီကို email တစ်စောင်ရောက်လာခဲ့ပါတယ်။ သူက ဂိမ်းကိုအရမ်းစိတ်ဝင်စားသွားပြီး တီထွင်သူဖြစ်တဲ့ Jung Se-joo (Park Chanyeol) ကို ရင်းနှီးမြုပ်နံဖို့ သွားရှာခဲ့ပါတယ်။ ဒါပေမယ့် Se-joo ကပျောက်နေခဲ့တော့ သူ့ရဲ့အမဖြစ်သူ Jung Hee-joo (Park Shin Hye) နဲ့ပဲတွေ့ခဲ့ပါတယ်။ အဲလိုမထင်မှတ်တဲ့ ဆုုံတွေ့မှုရဲ့နောက်ပိုင်းမှာ ထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုကြောင့် Se-joo ထွင်ခဲ့တဲ့ AR ဂိမ်းက တကယ်ဖြစ်လာတဲ့အခါ ထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ Se-joo တစ်ယောက်ရော ပြန်ပေါ်လာပါ့မလား ဆိုတာကိုတော့ ပိတ်ရက်မှပဲ ကြည့်လိုက်တော့နော်။ ……………………………………………………………………………………………….. ၇။ Clean with Passion for Now ဒါကတော့ တောင်ကိုရီးယားရဲ့ အမည်တူနာမည်ကြီး Webtoon ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ မင်းသားအနေနဲ့ကတော့ Yoon Kyun-sang က ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအနေနဲ့ဆိုရင်တော့ တစ်ချိန်ကအရမ်းဟော့ခဲ့တဲ့ Moonlight Drawn by Clouds ဆိုတဲ့ကားထဲက မင်းသမီးလေး Kim Yoo-jung က သရုပ်ဆောင်ထားတာပါ။ ဒီကားထဲမှာဆိုရင် Jang Sun-gyeol (Yoon Kyun-sang) က သန့်ရှင်းရေးကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက်ဖြစ်ပြီး တရားလွန်အသန့်ကြိုက်တဲ့ သူတစ်ယောက်ပါ။ နောက်ပြီး သူ့ရဲ့ပါရမီဖြည့်ဖက်ဖြစ်လာမယ့် Gil Oh-sol (Kim Yoo-jung) ကတော့ အရမ်းညစ်ညစ်ပတ်ပတ်နေတတ်ပြီး ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဒီလို လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့သူနှစ်ယောက် မထင်မှတ်တဲ့တွေ့ဆုံမှုတွေနဲ့ ဘယ်လို romantic ဆန်တဲ့ အချစ်ဇာတ်လမ်းတွေ ဖန်တီးကြမလဲဆိုတာကိုတော့ အူတက်အောင်ရယ်ရင်း ဇာတ်လမ်းလေးမှာပဲ ဆက်ပြီးရှှုစားလိုက်ပါတော့နော်။   ……………………………………………………………………………………………….. ၈။ The Last Empress ဒါကတော့ thriller ဆန်ဆန် drama ဇာတ်လမ်းလေးပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ် အုပ်ချုပ်ပုံကို အခြေခံပြီး ရိုက်ထားတာပါ။ ဒီကားထဲမှာဆိုရင် ပြဇာတ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Oh Sunny (Jang Na-ra) တစ်ယောက် ဘုရင်ဖြစ်တဲ့ Lee Hyuk (Shin Sung-rok) နဲ့ ရုတ်တရတ် လက်ထပ်လိုက်ရပါတယ်။ မင်းကြီးရဲ့အဖွားဖြစ်သူ သေဆုံးပြီးတဲ့အခါမှာတော့ သူမဟာ တရားခံအဖြစ်စွပ်စွဲခံခဲ့ရပါတယ်။ အညှိုးတွေ၊ မုန်းတီးမှုတွေကို တိုက်ခိုက်ရင်း မိခင်မတရားသေဆုံးခဲ့မှုအတွက် ကလဲ့စားချေဖို့ ဘုရင့်သက်တော်စောင့်အဖြစ် အလုပ်လုပ်နေတဲ့ Cheon Woo-bin (Choi Jin-hyuk) နဲ့ သံယောဇဉ်ငြိတွယ်သွားတဲ့အခါ…  သူတို့သုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ရင်တုန်တုန်နဲ့ကြည့်ရမှာပါ။ ……………………………………………………………………………………………….. ၉။ Kill It ဒါကတော့ romance ထက် thriller ပိုဆန်တဲ့ စုံထောက်ဇာတ်လမ်းလေးပါ။ Kim Soo-hyun (Chang Ki-yong) ကတော့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ Professional ကျတဲ့ လူသတ်သမားတစ်ယောက်ပေါ့။ ကမ္ဘာအနှံ့မှာရှိတဲ့ လူဆိုးဂိုဏ်းတွေက သူ့ကို ပိုက်ဆံပေးပြီး ငှားလေ့ရှိကြပါတယ်။ သူက လူသတ်သမားတစ်ယောက်ဖြစ်ပေမယ့် တကယ်တော့ မေတ္တာငတ်နေသူတစ်ယောက်ပါ။ ဆရာဖြစ်သူ Pavel သေပြီးတဲ့နောက်မှာတော့ သူ့ရဲ့မိသားစုကိုရှာဖို့အတွက် လူသတ်ဖို့ဖြစ်လာခဲ့ပါတယ်။ Do Hyun-jin (Nana) ကတော့ သိပ်တော်ပြီး သွေးအေးတဲ့ စုံထောက်မတစ်ယောက်ပါ။ တစ်နေ့ သူမရဲ့ချစ်သူသေဆုံးမှုနဲ့ပတ်သက်တဲ့ ကွင်းဆက်လူသတ်မှုကိုလိုက်ရင်း Kim Soo-hyun နောက်ကိုပါ လိုက်ဖို့ဖြစ်လာတဲ့အခါ… သူတို့နှစ်ယောက်ကြားက ဆက်နွယ်မှုတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ သွေးသံရဲရဲနဲ့ လူသတ်မှုတွေကြားမှာ ကြည့်ရှုခံစားလိုက်ပါနော်။   ……………………………………………………………………………………………….. ၁၀။ Priest (2018) Priest (2018) ကတော့ horror ပရိသတ်တွေအတွက် လုံးဝကြမ်းတဲ့ သဘာဝလွန်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာဆိုရင် Oh Soo-min (Yeon Woo-jin) က အသက်ငယ်ရွယ်ပြီး စိတ်အားထက်သန်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းတဲ့ အဖွဲ့ဝင် Catholic ဘုန်းကြီးတစ်ယောက်ပါ။ သူ့မိခင် သေဆုံးပြီးချိန်ကတည်းက Moon Ki-sun (Park Yong-woo) ဆိုတဲ့ ဘုန်းကြီးရဲ့သင်ကြားမှုတွေနဲ့အတူ ကြီးပြင်းလာသူတစ်ယောက်ပေါ့။ နောက်တစ်ဖက်မှာတော့ Ham Eun Ho (Jung Yu-mi) ကတော့ ဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး ဘုရားကိုယုံကြည်သူတစ်ယောက်မဟုတ်ပါဘူး။ တစ်နေ့ ဆေးရုံကို ဝိညာဉ်စွဲကပ်နေတဲ့ ကောင်လေးတစ်ယောက်ရောက်လာပြီးနောက် Oh Soo-min ရဲ့ ဝိညာဉ်နှိမ်နင်းမှုကို သူမမျက်စိနဲ့ တပ်အပ်မြင်ပြီးတဲ့နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကြီး ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို အော်သံတွေ၊ စိတ်ခြောက်ခြားမှုတွေနဲ့အတူ ခေါင်းဦးပိုက်ပြီးသာ ကြည့်လိုက်တော့နော်။ ……………………………………………………………………………………………….. အောက်မှာဖော်ပြထားတာကတော့ အသစ်တွေမဟုတ်ဘဲ ဇာတ်လမ်းဟောင်းတွေကို ပြန်ကြည့်ချင်တဲ့သူတွေအတွက် movie marathon လို့ရမယ့် ရုပ်ရှင်ကား (၁၀) ကားပါ။ အရမ်းလန်းတဲ့ Game of Thrones ဇာတ်လမ်းရဲ့အဆက်ဖြစ်တဲ့ GOT season 8 ကလည်း ဒီ April ၁၄ မှာထွက်မှာဆိုတော့ လုံးဝလက်လွှတ်မခံသင့်ဘူးလေနော်။ ဒါကြောင့် သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ၁။ Harry Potter (1 to 7) ၂။ Pirates of the Caribbean (1 to 4) ၃။ The Lord of the Rings (1, 2, 3) ၄။ The Hangover (1, 2, 3) ၅။ Game of Thrones (Season 1 to 8) ၆။ The Chronicles of Narnia (1 to 4) ၇။ The Avengers, Avengers: Age of Ultron, Avengers: Infinity War ၈။ Star Wars (1 to 8 + 2 prequels) ၉။ Fast & Furious (1 to 8) ၁၀။ The Hobbit (1, 2, 3) ဒီလိုဆို အလန်းစား K-drama တွေနဲ့ English Series အသစ်တွေအပြင် movie marathon လို့ရမယ့် ရုပ်ရှင်ကား (၁၀) ကားကိုလည်း သိပြီဆိုတော့ သင်္ကြန်အမီ အခွေတွေ data တွေဝယ်ပြီး စုထားလိုက်တော့နော်! ...

By:Kawi 03/04/2019
Back to Top