Loading...

Home Kawi Eats Kawi Inspires
နာရီဝက်နောက်ကျတာက မြန်မာလူမျိုးတွေရဲ့ အကျင့်တစ်ခုလား? In:Inspiration/Aspiration/Motivation, Kawi Inspires, Life Hacks
0 1 0

ကျွန်တော်တို့တွေအများစုက တစ်နေရာရာသွားတော့မယ်ဆိုရင် အမြဲနောက်ကျတတ်ကြတယ်။ ကိုယ့်ရဲ့ရုံးတက်ချိန်က မနက် (၉) နာရီဆိုရင် အနည်းဆုံး မိနစ် (၃၀) လောက်နောက်ကျတတ်တာက ပုံမှန်အလေ့အထတစ်ခုလိုဖြစ်နေကြတယ်။ ဒါပေမယ့်ဒီလိုမျိုး ကိုယ်နောက်ကျနေလို့လည်း ဘာမှမပြောင်းလဲဘူးလို့ ထင်နေတတ်ကြတယ်။ အမှန်တကယ်မှာတော့ ကိုယ်နောက်ကျသွားတဲ့အချိန်တွေက ကိုယ်နဲ့ချိန်းထားတဲ့လူတွေ၊ ကိုယ့်အလုပ်ကအဖွဲ့သားတွေအပေါ်မှာ အများကြီးသွားသက်ရောက်နေတတ်ပါတယ်။ ကိုယ် (၁၅) မိနစ်လောက် နောက်ကျတာကို ဘာမှမဖြစ်ဘူးလို့ပဲ တွေးမိနေတဲ့အချိန်မှာ ကိုယ့်ကိုစောင့်နေတဲ့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အချိန် (၁၅) မိနစ်စီကို ဖြုန်းတီးလိုက်တာဖြစ်ပါတယ်။ ကိုယ့်ကို (၁၅) မိနစ်လောက် လူ (၄) ယောက်က စောင့်နေခဲ့ရတယ်ဆိုရင် အလုပ်လုပ်နိုင်စွမ်း (၁) နာရီနဲ့ (၁၅) မိနစ်ကို ဖြုန်းတီးမိလိုက်တာ ဖြစ်တယ်လို့ သတိထားမိပါသလား? အဲဒါကြောင့်ကိုယ်နောက်ကျတော့မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ကိုစောင့်နေရမယ့်သူတွေကို ကြိုပြီးအကြောင်းကြားတာမျိုး မမေ့မလျှော့လုပ်ရမှာပါ။ ဒီလိုမျိုးပြုလုပ်တာက တခြားသူတွေအပေါ် ကိုယ့်ရဲ့လေးစားမှုရှိတာကိုဖော်ပြတဲ့အပြုအမူတစ်ခုပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ခုခုချိန်းထားတာ ဒါမှမဟုတ် ရုံးတက်၊ ကျောင်းတက်ရင်ကိုပဲ အနည်းဆုံး မိနစ် (၃၀) လောက်နောက်ကျတာက ပုံမှန်အလေ့အထတစ်ခုလိုမျိုး ဖြစ်နေချိန်မှာ တခြားနိုင်ငံတွေမှာရော ကျွန်တော်တို့တွေဒီလိုမျိုး (၁၅) မိနစ်ကနေ နာရီဝက်လောက်နောက်ကျမိမယ်ဆိုရင်ရော?  ဆွစ်ဇလန်နိုင်ငံမှာဆိုရင် ဒီလိုမျိုးအချိန်အကြာကြီးနောက်ကျနေဖို့ထက် ချိန်းထားတဲ့အချိန်ကွက်တိရောက်လာရင်တောင် နောက်ကျနေပြီလို့ ယူဆတတ်လို့အမြဲ ချိန်းထားတဲ့အချိန်ထက်ပိုပြီး စောစောသွားတတ်ကြပါတယ်။ အဲဒီလိုပဲ ဂျပန်နိုင်ငံမှာလည်း ချိန်းထားတဲ့အချိန်ထက် မိနစ်ပိုင်းလေးနောက်ကျပြီး ရောက်လာခဲ့ရင်တောင် ကိုယ်နောက်ကျတဲ့အတွက် ပြန်ပြီးတောင်းပန်ရတဲ့အထိ အချိန်နောက်ကျတဲ့အပေါ်မှာ စည်းကမ်းတင်းကျပ်တာတွေ ရှိပါတယ်။ အဲဒါကြောင့် ကိုယ်ကအမြဲနောက်ကျတတ်တဲ့လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ပြီး ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်ကို ကိုယ်ကိုယ်တိုင်ပြင်ကြည့်လိုက်ပါ။ ၁) သူများနောက်ကျတိုင်း လိုက်နောက်မကျပါနဲ့။ လူတိုင်းနောက်ကျတတ်လို့ဆိုပြီး ငါလည်းလိုက်နောက်ကျမယ်ဆိုတဲ့ အတွေးမျိုးကို ဖျောက်ပစ်လိုက်ပါ။ အထူးသဖြင့် ကိုယ်က အကြီးအကဲ၊ ခေါင်းဆောင်တစ်ယောက်ဆိုရင် ကိုယ်နောက်ကျတာနဲ့ ကိုယ့်လက်အောက်ငယ်သားတွေပါ နောက်ကျဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ အပေါ်မှာပြောခဲ့သလို ကိုယ့်ကို တစ်ယောက်စောင့်နေရတာနဲ့ သင်က ကိုယ့်ရဲ့အချိန်တင်မဟုတ်ပါဘူး စောင့်ပေးနေရတဲ့လူတစ်ယောက်ရဲ့ အချိန်ကိုပါ ဖြုန်းပစ်လိုက်တာဖြစ်ပါတယ်။  ၂) အကောင်းဆုံး ကိုယ့်ကိုကိုယ်ကြိုတင်ပြင်ဆင်ထားပါ။ တစ်နေရာရာမသွားခင် ကိုယ့်ရဲ့ပစ္စည်းတွေပါမပါစစ်ရတာ၊ အိမ်ရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ ဘာလုပ်နေမှန်းမသိတာ၊ အဝတ်အစားလဲတာ၊ သော့ပျောက်နေလို့ရှာနေရတာတွေနဲ့ပဲ အချိန်တွေကုန်မှန်းမသိကုန်သွားခဲ့တယ်။ အမှန်တကယ်ဆိုရင် ဒီလိုမျိုးအရာတွေအတွက် ကိုယ်မသွားခင် နာရီဝက်လောက်အနည်းဆုံးချန်ပြီး ကိုယ့် တစ်ကိုယ်ရေတကာရအလုပ်တွေကို ပြန်ပြီးစစ်ဆေးသင့်တာပါ။ ၃) Facebook သုံးရင်းအချိန်တွေကုန်သွားပြီလား။ အလုပ်မသွားခင် အချိန်စောသေးတယ်ဆိုပြီး ကိုယ့်ရဲ့ဖုန်းကနေ Facebook, Instagram, YouTube သုံးတာတွေ၊ ဂိမ်းဆော့လိုက်တာတွေက ကိုယ့်ရဲ့အချိန်တွေကို ကုန်မှန်းမသိ တဖြည်းဖြည်းနဲ့ကုန်သွားစေတာပါ။ အဲဒါကြောင့် ကိုယ်တစ်နေရာရာသွားဖို့ကို အချိန်နည်းနည်းလောက်စောနေသေးတယ်ဆိုပြီး Facebook ကြည့်လိုက်တာ ဂိမ်းတစ်ပွဲလောက်ဆော့လိုက်တာတွေကို တတ်နိုင်သလောက်လျှော့လိုက်ပါ။ ၄) ဆင်ခြေတွေပေးတုန်းလား။ ကျွန်တော်တို့ဒီမှာ အဆိုးဆုံးအချက်တစ်ခုက ဆင်ခြေပေးတာပါ။ လမ်းပိတ်လို့၊ ကားပိတ်လို့၊ အိပ်ရာထနောက်ကျသွားလို့ စတဲ့ကိစ္စတွေက ဆင်ခြေတွေပါ။ ပိုဆိုးတာက တချို့တွေကဒီဆင်ခြေတွေကို နောက်ကျလို့ရတဲ့ အခွင့်အရေးတစ်ခုလိုမျိုး အသုံးပြုနေကြတာပါပဲ။ ကားပိတ်တာ၊ လမ်းပိတ်တာ၊ အိပ်ပျော်နေတာတွေဆိုတာ လူတိုင်းကြုံနေရတာပဲဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း ကြုံတွေ့နေရတဲ့ အခက်အခဲမျိုး မဟုတ်ပါဘူး။ ဒီတော့ ဒီလိုတွေဖြစ်တတ်တယ်ဆိုတာသိရင် စောသွားပါ။  ၅) အမြဲနောက်ကျနေရတာ ရိုးမနေဘူးလား။ ရုံးတက်တဲ့အခါ၊ ကျောင်းတက်တဲ့အခါတွေနဲ့ ချိန်းထားတဲ့နေရာတွေကို အချိန်မှီမရောက်ဘဲ အမြဲတမ်းနောက်ကျဖူးမှာပါ။ အဲဒါကြောင့် တစ်ရက်တလေလောက်လေး စောပြီးသွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ ဒီလိုမျိုးတစ်ရက်လောက်လေး စောသွားနိုင်ခဲ့ပြီဆိုရင် နောက်လည်းအချိန်မှီအောင် စောပြီးသွားဖို့အတွက် ၀န်လေးနေတော့မှာ မဟုတ်ပါဘူး။ ၆) ကိုယ့်ရဲ့နာရီတွေကိုစောထားပြီး ကိုယ့်ကိုကိုယ်လှည့်စားလိုက်ပါ။ နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့အိမ်မှာရှိတဲ့နာရီတွေကို ပုံမှန်အချိန်ထက် ခပ်စောစောလေးချိန်ထားကြည့်ပါ။ အိမ်ကနာရီတွေ၊ ကိုယ့်ရဲ့နာရီတွေကို မြန်ထားတယ်လို့ ကိုယ့်ရဲ့ စိတ်ထဲမှာ ထည့်မထားဘဲ စောနေတဲ့နာရီတွေကိုကြည့်ပြီး သွားလာလှုပ်ရှားတာပါ။ ဒါဆို ကိုယ့်ရဲ့ အချိန်တွေက ပုံမှန်ထက်စောနေတာဆိုတော့ ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်ကြောင့် အလုပ်နောက်ကျတာတွေ၊ ချိန်းထားတဲ့နေရာကို အချိန်မှန်မရောက်တာတွေ ပျောက်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့အိမ်မှာရှိတဲ့ နာရီတွေ၊ လက်ပတ်နာရီတွေကို (၁၅) မိနစ်၊ မိနစ် (၂၀) လောက်မြန်ထားပြီး ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်လေးကို ဖျောက်ကြည့်ပါ။  နောက်မကျဖူးတဲ့လူမရှိပါဘူး။ ဒါပေမယ့် တစ်ခါတလေနောက်ကျတာကို တခြားသူတွေကဘာမှမပြောဘူးဆိုတာမျိုးကို အခွင့်ကောင်းယူပြီး နောက်ထပ်နောက်ထပ် ဆက်ပြီးနောက်ကျနေမယ်ဆိုတဲ့ စိတ်မျိုး၊ ငါနောက်မကျလည်း တခြားသူတွေနောက်ကျမှာမလို့ ငါလည်းနောက်ကျပြီးမှ သွားမယ်ဆိုတဲ့စိတ်မျိုးတွေကို ဖျောက်ဖျက်ပြစ်ဖို့အရေးကြီးပါတယ်။ တခြားသူတွေအမြဲဆက်ပြီးနောက်ကျနေရင်တောင် အဲဒီနောက်ကျတဲ့အထဲကိုယ်မပါအောင် တတ်နိုင်သလောက်ကြိုးစားပြီးပြင်ဆင်မယ်ဆိုရင် တခြားသူတွေမှားတိုင်း ကိုယ်လည်းလိုက်မှားမိမှာ မဟုတ်ပါဘူး။ Na Na (21.8.2019) ...

By:Kawi 20/08/2019
“လူတိုင်းမှာတန်းတူရှိတဲ့ ၂၄နာရီကို ဘယ်လိုစီမံခန့်ခွဲကြမလဲ?” In:Inspiration/Aspiration/Motivation, Kawi Inspires
1 1 0

အားလုံးပဲ မင်္ဂလာပါ။ အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးနေတဲ့ Eileen’s Corner လေးပါ။  ကျွန်တော်တို့ အလုပ်မပြီးတဲ့အကြောင်း Eileen ကိုပြောပြတဲ့အခါ အဆူခံရလေ့ရှိပါတယ်။ သူအမြဲပြောလေ့ရှိတာက “ကျွန်တော်တို့ အလုပ်မလုပ်လို့ မပြီးတာမဟုတ်ဘူး။ အချိန်ကို စံမံခန့်ခွဲမှုမလုပ်တတ်လို့” ပါတဲ့။ ဒါကြောင့် အလုပ်တွေလုပ်သော်လည်း မပြီးစီးနိုင်၊ ကိုယ်ပိုင်အချိန်လေးတွေ မပေးနိုင်တဲ့လူတွေအတွက် Eileen က သူရဲ့ ကိုယ်ပိုင် အချိန်စီမံခန့်ခွဲပုံလေးကို မျှဝေပေးထားပါတယ်။ ဒီကနေ နမူနာယူပြီးတော့ အလုပ်တွေပြီး၊ ကိုယ်ပိုင်အချိန်လေးတွေ ပိုထွက်လာပါစေလို့ “ကဝိ” တို့ကနေ ဆုတောင်းလိုက်ပါတယ်။ စာလေးကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်… “လူတိုင်းမှာတန်းတူရှိတဲ့ ၂၄နာရီကို ဘယ်လိုစီမံခန့်ခွဲကြမလဲ?” ____________________________________ ဟယ်လို ဟယ်လို်!! တနလာင်္နေ့ကို ပြန်ရောက်ပြန်ပြီနော်… ကိုယ့်အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေပေးဖို့ ကျွန်မကို လာလာမေးကြတယ်။ Hmmmm………. အချိန်… အိုး အချိန်။ လုပ်စရာတွေအများကြီး ရှိပါတယ်ဆိုမှပဲ အချိန်တွေက ဘာလို့ဒီလောက်တောင် အကုန်မြန်ရတာလဲနော်? ကျွန်မကို ကောင်းကောင်းသိတဲ့လူတွေကတော့ သိမှာပါ – ကျွန််မ အရမ်းကို သည်းမခံနိုင်ဖြစ်ရတဲ့ နံပါတ် ၁ အရာတစ်ခုကတော့ “အချိန်မတိကျတာ အချိန်ကို မလေးစားတာ” ကိုပါ။ အတန်းချိန်နောက်ကျရင် ထိုင်ထ ဘယ်နှစ်ခါတောင် လုပ်ရတယ်ဆိုတာ ကျွန်မကျောင်းသားတွေကိုသာ မေးကြည့်လိုက်ကြပါ။ 😕 😕 😕 အချိန်စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လိုသင်ပေးရမလဲ ကျွန်မ တကယ်မသိဘူး။ ကျွန်မအတွက်ကတော့ – အချိန်စီမံခန့်ခွဲခြင်းဆိုတဲ့အရာဟာ ကျွန်မ ငယ်ငယ်လေးထဲက စွဲစွဲမြဲမြဲ လုပ်ဆောင်လာတဲ့ အကျင့်ဖြစ်နေတဲ့ အရာတစ်ခုပါ။ စကောလားရှစ်နဲ့ ကျောင်းတက်ရင်း အဆင့် A ကို ထိန်းထားနိုင်ဖို့ တစ်ဖက်ကစာဖတ်ရင်းနဲ့ ပိုက်ဆံရှာရတာ ပြီးတော့ ကျွန်မမိဘတွေရဲ့ စည်းကမ်းတင်းကျပ်စွာနဲ့ ဆုံးမပဲ့ပြင်မှုတွေကြောင့် ကျွန်မဟာ အချိန်ကို လေးစားဖို့ရယ် အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ရယ်ကို သေချာစွာ နားလည်လိုက်နာခဲ့ရပါတယ်။ ကျွန်မမိဘတွေရဲ့ စည်းကမ်းတင်းကျပ်စွာ ဆုံးမပဲ့ပြင်တာကိုပြောရင်းနဲ့ ကျွန်မဘာကို သတိသွားရလဲဆိုတော့ – အရင်အပတ်တုန်းကပေါ့ ကျွန်မ လေယာဉ်လွတ်သွားတော့မလို့ (ကျွန်မ ၁၀ မိနစ်နောက်ကျပြီး ရောက်သွားတဲ့ အချိန်မှာ ကောင်တာ ပိတ်သွားပြီလေ!! အောင်မလေး!!! ဒီလိုဖြစ်တာဟာ ကျွန်မဘဝမှာ ပထမဆုံးပါပဲ!! အထဲဝင်ခွင့်ပေးဖို့ ကောင်တာကဝန်ထမ်းလေးကို တော်တော်တောင်းပန်လိုက်ရတယ်) ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မအဖေကို ဒီလိုမျိုးပြောပြဖြစ်တယ်… ရုံးမှာ အစည်းအဝေးလုပ်တာ နောက်ကျမှပြီးလို့ အခုလိုနောက်ကျသွားရတဲ့အကြောင်းကို ပြောပြတော့ ကျွန်မအဖေက WhatsApp မှာ ဘယ်လို ပြန်ပြောလဲဆိုတော့ : “တခြားလူတွေကို အပြစ်မပုံချပါနဲ့တဲ့။ ကိုယ့်ရဲ့ အချိန်စီမံခန့်ခွဲမှုမကောင်းတာကိုသာ အပြစ်ပြောပါ” တဲ့။ ငယ်ငယ်ထဲကနေ အခုအချိန်ထိ – တူတူပဲ။ ဆုံးမစရာရှိရင် ကျွန်မကို် သနားမနေဘူး။ 😭😭😭 လူတော်တော်များများကမေးကြတယ် – “အိုင်လင်း… နင်ဘယ်လိုများလုပ်တာလဲ – နင့်မှာ ဒီလောက် မတူညီတဲ့ အလုပ်တွေ၊ ပရောဂျက်တွေလုပ်နေတဲ့ကြားထဲက တခြားတခြားသော နင်အရမ်းရူးသွပ်တဲ့ ပရောဂျက် စတာတွေလည်း လုပ်ဖို့ နင့်မှာ အချိန်ရှိသေးတယ်။ ဘယ်လိုများလုပ်နိုင်တာလဲ????” ပြောရမယ်ဆိုရင်တော့ တင်းကျပ်တဲ့ စည်းကမ်းရှိဖို့ရယ်၊ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာသိဖို့ရယ် ဒါတွေလိုပါတယ်။ ကျွန်မ မနက်တိုင်း ၃နာရီခွဲဆိုရင် ထပါတယ် (စနေဆိုရင်တော့ ၆ နာရီမှာ ထပါတယ်)။ အလုပ်မသွားခင်မှာ ၃ နာရီ လေ့ကျင့်ခန်းပြီးဖို့ ကျွန်မ target ထားပါတယ်။ ဒါကြောင့် alarm စမြည်တာနဲ့ ကျွန်မ အိပ်ရာထဲက ချက်ချင်းထပါတယ်။ ချက်ချင်းမထသေးဘဲ ထဖို့ကြိုးစားရင်း အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီး snooze ခလုတ်နှိပ်တဲ့အလုပ်မျိုး ကျွန်မမလုပ်ပါဘူး။ အဲလိုလုပ်တာဟာ အချိန်ဖြုန်းတာလို့ပဲ ကျွန်မမြင်ပါတယ်။ တကယ်တော့ ကျွန်မဟာ ကိုယ့်အချိန်တွေတွက်ချက်တာကို အရမ်းတိတိကျကျလုပ်နိုင်လို့ ဘယ်အချိန်မှာတော့ လေ့ကျင့်ခန်းစလုပ်မယ်၊ ဘယ်အချိန်မှာတော့ gym ကို ရောက်မယ် (၅နာရီ ၄ရမိနစ်) စသဖြင့် တိတိကျကျ သိနိုင်ပါတယ်။ တစ်ခါတစ်လေ… စောရင် ၂ မိနစ် နောက်ကျရင် ၂ မိနစ် လောက်ပါပဲ။ ကျွန်မရဲ့ training အချိန်ကို ပြည့်ပြည့်ဝဝ အသုံးချပြီး မလုပ်နိုင်ရင် ကျွန်မစိတ်တွေတိုလာတတ်ပါတယ်။ အဲဒါဘာနဲ့တူလဲဆိုတော့ – ဒီ training လုပ်တာဟာ ကျွန်မရဲ့ နေ့တစ်နေ့တာအတွက် ပထမဆုံး အလုပ်တစ်ခုဖြစ်တဲ့အတွက် – အဲဒါကိုသာ ကောင်းကောင်းမစနိုင်လိုက်ရင် အဲဒီနေ့ဟာ အလုပ်လုပ်လို့ မကောင်းတော့ပါဘူး! ဘာလို့ဆို ကျွန်မက ဒီနေ့တော့ ဘာတွေကို အပြီးလုပ်မယ်ဆိုပြီး လုပ်ငန်းဆောင်တာတွေကို သတ်သတ်မှတ်မှတ်လုပ်ဆောင်တတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်သတ်မှတ်ထားတဲ့ အရာတွေကို ပြီးအောင် မလုပ်နိုင်တဲ့ အခါမျိုးမှာ ဆိုရင် ကျွန်မ စိတ်ထဲမှာ နေလို့မကောင်းတော့ပါဘူး။ ဒါကြောင့် ဒီလို စိတ်ထဲနေလို့မကောင်းတဲ့ ခံစားချက်ကြီးကို ရှောင်ကြဉ်နိုင်ဖို့အတွက် ကျွန်မ အချိန်ဖြုန်းခြင်းကို ရှောင်ကြဉ်ပါတယ်။ မြန်မာနို်င်ငံမှာ နေခဲ့တဲ့ ၆ နှစ်တာကာလတစ်လျှောက်မှာ ထရမယ့်အချိန်ကျော်ပြီး အိပ်ပျော်သွားတာမျိုးကို ၂ ခါ ဖြစ်ဖူးပါတယ်။ ပထမတစ်ခါကတော့ ၂၀၁၅ တုန်းကပါ… အဲတုန်းက ကျွန်မ နေမကောင်းလို့ဆေးသောက်ထားတဲ့ အရှိန်နဲ့ အိပ်ပျော်သွားပြီး alarm မြည်နေတာကို လုံးဝမကြားတော့လို့ပါ။ နောက်တစ်ခေါက်ကတော့ မနှစ်ကပါ… ကျွန်မ Europe က ပြန်ရောက်လာပြီး နေ့နဲ့ည အချိန်ကွာခြားချက်ကြောင့် alarm မြည်တာကို မကြားဘဲ အိပ်ပျော်သွားတာက တစ်ခါပါ။ ကျွန်မလည်း လူထဲကလူတစ်ယောက်ပဲလေနော်။ နေ့တစ်နေ့ရဲ့ ကျန်တဲ့ အချိန်တွေကို ဘယ်လို စီမံလဲဆိုတော့… ကျွန်မရဲ့ အချိန်တွေကို ၁၅ မိနစ်စာ အကန့်တွေသတ်မှတ်ပြီး ပိုင်းခြားထားလိုက်ပါတယ်။ ကျွန်မလုပ်ရမယ့် အလုပ်တွေကို အဲဒီ ၁၅ မိနစ်စာ အကန့်တွေထဲထည့်ပြီး ဘယ်အလုပ်ကိုတော့ ၁၅ မိနစ်စာ ဘယ်နှစ်ကန့်ယူမယ်ဆိုပြီး သတ်မှတ်ပြီးလုပ်ပါတယ်။ ဥပမာဆိုရင် ကျွန်မရယ် ဆရာရစ်ချက်ရယ်အတွက် မနက်စာ နေ့လည်စာ ပြင်တာရယ် အဝတ်လျှော်တာရယ် အားလုံးပေါင်းကို ၁၅ မိနစ်စာ တစ်ကန့်ယူလိုက်ပါတယ်။ ရေချိုးတာရယ်၊ အလုပ်သွားဖို့ပြင်ဆင်တာရယ် စတာတွေကို ၁၅ မိနစ်စာ တစ်ကန့်ယူလိုက်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် လျှပ်စစ်မီးက ကျွန်မကို ပုလင်းချိတ်တယ်လေ။ အဲလိုအချိန်မျိုးဆိုရင်တော့ ကျွန်မ တခြားအလုပ်တွေအတွက် ဖယ်ထားတဲ့ ၁၅ မိနစ်စာ အကန့်တွေထဲက ယူသုံးလိုက်ရတာမျိုး လုပ်ရပါတယ်။ အလုပ်ရောက်သွားရင်လည်း ဒီအတိုင်းပါပဲ။ လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ၁၅ မိနစ်စာ အကန့်တွေထဲပဲ ထည့်ပြီး လုပ်ပါတယ်။ တချို့ အလုပ်တွေဖြစ်တဲ့ proposals ရေးရတာမျိုးဆိုရင်တော့ ၁၅ မိနစ်နဲ့ မရဘူးလေ။ အဲဒါမျိုးဆိုရင်တော့ ၁၅ မိနစ်စာ ၄ ကန့် ဆိုပြီး ၁ နာရီ ယူလိုက်ပါတယ်။ ဒီလိုမျိုး အချိန်တွေကို ပိုင်းခြားပြီး လုပ်တာဟာ ကျွန်မဆယ်ကျော်သက်ဘဝထဲက လေ့ကျင့်ခဲ့တဲ့ အရာဖြစ်ပါတယ်။ ဘာလို့ဆို အဲဒီအချိန်တုန်းထဲက ကျွန်မမှာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ လုပ်ငန်းဆောင်တာတွေအများကြီးကို တစ်ပြိုင်နက်လုပ်ခဲ့ရတာကိုး။ ကျွန်မအသက်ကြီးလာတာနဲ့အမျှ ဒီလိုလုပ်တတ်တာဟာ သူ့ဟာသူ အော်တိုမတ်တစ်ပဲ ဖြစ်သွားတယ်။ ပြီးတော့ လိုအပ်ရင် လိုအပ်သလို အချိန်တွေကို ပြောင်းလဲတတ်တာ ညှိတတ်တာမျိုးတွေကလည်း အကျင့်ရလာတော့ သူ့အလိုလို လုပ်တတ်သွားပါတယ်။ ဥပမာပြောရမယ်ဆိုရင်… အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာပေါ့နော် – အစည်းအဝေးတစ်ခုအတွက် ၁၅ မိနစ်စာ ၃ ကန့် ပေးထားတဲ့ အခါမျိုးတွေမှာ အစည်းအဝေးလာတက်တဲ့ သူတွေက နောက်ကျမှလာရော 😠😠 😠 , အဲဒါဆိုရင် ကျွန်မအနေနဲ့ တခြားအရာတွေ လုပ်ဖို့လျာထားတဲ့ ၁၅ မိနစ်စာ အကန့်တွေထဲက ယူသုံးပြီး အချိန်တွေကို ပြန်ညှိရပြန်ရော။ တစ်ခါတစ်လေကျရင် အစည်းအဝေး စတာနောက်ကျတဲ့အပြင် မပြီးနိုင်အောင်ကြာနေတဲ့ အစည်းအဝေးတွေကြောင့် အလုပ်တွေမပြီးဘဲနောက်ကျကုန်ရင် ကျွန်မမှာ နားဖို့ဖယ်ထားတဲ့ အချိန်တွေထဲကယူပြီး အချိန်ညှိရပြန်ရော။ လူတွေ အချိန်မလေးစားကြတာမျိုးကို ကျွန်မ တကယ်မကြိုက်ပါဘူး။ ကျွန်မတို့အားလုံးဟာ လူတွေဖြစ်ကြတဲ့ အတွက် အမြဲတမ်းကြီး ပြီးပြည့်စုံအောင်တော်တယ်ဆိုတာမျိုးမရှိနိုင်ဘူးဆိုတာကိုရော ပြီးတော့ များသောအားဖြင့် ရာသီဥတုတို့ တစ်ချို့အခြေအနေတို့ဟာ ခန့်မှန်းလို့ မရနိုင်ဘူးဆိုတာကိုပါ ကျွန်မလက်ခံပါတယ်။ ဒါပေမယ့်လည်း စည်းကမ်းဆိုတာဟာ ကျွန်မတို့ အနေနဲ့ ထိန်းချုပ်လို့ရတဲ့ အရာတစ်ခုပါ။ တစ်ခုခုချိန်းထားတာမျိုးအတွက် ကျွန်မနောက်ကျမှ ရောက်သွားတယ်ဆိုတာမျိုးကို လက်ချိုးရေတွက်လို့ရပါတယ်။ ပြီးတော့ ကျွန်မနောက်ကျမှရောက်တာကို မကြိုက်တဲ့ နောက်တစ်ချက်ကတော့ ကျွန်မကိုယ့်ကိုကိုယ် မပိုင်နိုင်တော့တဲ့ ခံစားချက်မျိုးရလို့ပါ။ နောက်ကျရောက်တဲ့ အတွက် စိတ်ဖိစီးမှုတွေရှိနေမယ်၊ ပြီးရင် ကိုယ့်ပုံစံကလည်း ရှုပ်ရှုပ်ပွပွနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမယ်၊ ပြီးတော့ ကိုယ့်ပုံစံက ဘာကိုမှ သေချာမပြင်ဆင်လာရသေးတဲ့ ပုံစံဖြစ်နေမယ် – ဒီလို ပုံစံမျိုးဟာ ကိုယ့်ကို လူတွေမြင်စေချင်တဲ့ ပုံစံမျိုးမှမဟုတ်တာ – ပြီးတော့ အဆိုးဆုံးကတော့… စီးပွားရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးသာဖြစ်နေခဲ့ရင်တော့ တစ်ဖက်လူကို အပေါ်စီးက ဖြစ်ဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ ဒီနေရာမှာ – ကျွန်မအကြံကောင်းတစ်ခုပေးချင်တာကတော့… ကျွန်မရဲ့ အလုပ်တွေ စီးပွားရေးတွေနဲ့ ပတ်သက်ပြီး နည်းဗျူဟာကျကျ စဉ်းစားတွေးခေါ်ရတာတွေများတဲ့အပြင် ကျွန်မလုပ်နေတဲ့ projects တွေအတွက် proposals တွေ၊ contents တွေ ရေးရမှာတွေကလည်းများတော့ ကျွန်မအချိန်ကို ဘယ်လို ချွေတာလိုက်လဲဆိုရင် ကွန်ပြူတာဖွင့်ပြီး မရေးခင်ထဲက ကျွန်မခေါင်းထဲမှာတင် အားလုံးကို စီစဉ်ပြီး အသေးစိတ်စဉ်းစားထားလိုက်တယ်။ ကျွန်မ လေ့ကျင့်ခန်းတွေလုပ်နေတဲ့ တစ်လျှောက်၊ ၁ နာရီအပြေးလေ့ကျင့်နေတဲ့ တစ်လျှောက်၊ ၁ နာရီ ရေကူးကျင့်နေတဲ့ တစ်လျှောက် ဒါမှမဟုတ်ရင် စက်ဘီးစီး အားကစားလုပ်နေတဲ့ တစ်လျှောက် စသဖြင့် အဲလို အချိန်တွေမှာ ကျွန်မ ခေါင်းထဲမှာ စဉ်းစားတွေးခေါ်တဲ့ အလုပ်ကို တောက်လျှောက်လုပ်နေပါတယ်။ ရေကူးနေတဲ့ ၁ နာရီ ဒါမှမဟုတ် ပြေးနေတဲ့ ၁ နာရီ အတွင်းမှာ ကျွန်မ ခေါင်းထဲမှာ proposal တစ်ခုလုံးကို ရေးပြီးသားဖြစ်နေပါပြီ (ခေါင်းစဉ်တစ်ခုစီမှာ ဘယ်လို ပုံတွေနဲ့ infographics တွေကို သုံးချင်တယ်ဆိုတာကအစ စဉ်းစားပြီးသားဖြစ်နေပါပြီ!) ဒါကြောင့် ကျွန်မ တကယ်ရေးမယ်ဆိုပြီး ကွန်ပြူတာရှေ့ထိုင်လိုက်ပြီဆိုတာနဲ့ proposal ကို တန်းရေးရုံပါပဲ။ Proposals တွေကို ရေးတဲ့အခါမှာ လိုသလိုပြန်ညှိဖို့နဲ့ အချောသတ်ဖို့ကို ကျွန်မ ၁ နာရီလောက်ပဲ သုံးပါတယ်။ Content တွေကို ရေးတဲ့အခါ ဒါမှမဟုတ် story-writing ရေးတဲ့အခါတွေမှာလည်း ဒီလိုပါပဲ။ လူတွေတော်တော်များများဟာ proposal ရေးရတော့မယ်ဆိုရင် – အရင်ဆုံး – မလုပ်မဖြစ်လုပ်ရတော့မယ့် နောက်ဆုံးအချိန်အထိ အချိန်ဆွဲလေ့ရှိကြတာကို တွေရတယ်။ ပြီးရင်တော့ – ရေးမယ်ဆိုပြီး PPT file ဖွင့်ပြီးသွားရင်လည်း မိနစ် ၃၀ လောက်က ဘာမှမရှိတဲ့ slide နံပါတ် ၁ ကို သာ ထိုင်ငေးရင်းစဉ်းစားနေရော။ ကျွန်မသူတို့ကို မေးကြည့်တယ် ဘာလို့ဒီလိုဖြစ်တာလဲပေါ့… သူတို့ပြောပြတာက “ဘာ အိုင်ဒီယာမှ ခေါင်းထဲမှာ စဉ်းစားလို့မရလို့ပါ” တဲ့။ ကျွန်မအတွက်တော့ အဲလိုလုပ်တာဟာ အချိန်အကြီးအကျယ် ဖြုန်းတာပါပဲ။ ဒါဆို ကျွန်မအနေနဲ့ အချိန်ဖြုန်းတယ် မဖြုန်းဘူးဆိုတာကို ဘယ်လိုများ တိုင်းတာ ဆုံးဖြတ်သလဲမေးရင်တော့ – မိနစ် ၃၀ ဆိုရင် ကျွန်မ ၅ ကီလိုမီတာ ပြေးလို့ရတယ်လေ။ အဲဒါကို မိနစ် ၃၀ လုံး ဘာမှမရှိတဲ့ စာမျက်နှာကြီးကို ထိုင်ကြည့်နေတယ်ဆိုရင်တော့ ကျွန်မရှင့်ကို ရိုက်ချင်လာမှာပါ။ အခုခေတ်က စမတ်ဖုန်းတွေ နည်းပညာတွေ တိုးတက်တဲ့ ခေတ် ဖြစ်တဲ့အပြင် ကံကောင်းစွာနဲ့ မြန်မာနိုင်ငံမှာ 4G အင်တာနက်ပါ ရပြီဆိုတော့ သင့်မှာ အလုပ်လုပ်ဖို့အချိန်မရှိဘူး ဆိုုပြီး ဘယ်လိုတောင် ပြောထွက်တာတုန်း? ကျွန်မဆိုရင် မီးပွိုင့်မိလို့ ထိုင်စောင့်နေရတဲ့ အချိန်မျိုးမှာဆိုရင် facebook တောင် ကြည့်လိုက်သေးတယ်! ကျွန်မရဲ့ ကျောင်းသားတစ်ယောက်ဆိုရင် မီးပွိုင့်မိလို့ ကားထဲမှာ ထိုင်စောင့်ရတဲ့ အချိန်မျိုးမှာ အစည်းအဝေး မှတ်တမ်းရေးလေ့ရှိတယ်။ အဲဒါကို ကိုယ့်အချိန်ကို အပြည့်ဝဆုံး အသုံးချတယ်လို့ဆိုလို့ရတယ်။ ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဆရာရစ်ချက်လုပ်လေ့ရှိတဲ့ အရာတစ်ခုကတော့ ကားမောင်းနေရင်းနဲ့ ဖုန်းထဲမှာ အလုပ်လုပ်နေတာမျိုးပါ။ မီးပွိုင့်မိလို့ ကားရပ်ပြီဆိုတာနဲ့ သူ့ဖုန်းထဲမှာ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ JPEGs တွေကို စစ်တယ်၊ chat မှာ စကားလာပြောထားတာတွေကို ပြန်ဖြေတယ်၊ emails တွေကို reply ပြန်တယ်၊ ပုံတွေကို စိစစ်တယ်၊ စတာတွေပါ။ သူ့အလုပ်ရဲ့ သဘောသဘာဝက ဒီလိုလုပ်မှအချိန်နဲ့ တစ်ပြေးညီ ဖြစ်မယ့်ဟာမျိုးဆိုတော့လည်း အဲဒါကို ကျွန်မ မကြိုက်ပေမယ့်လည်း လက်ခံရပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေဆိုရင် ကျွန်မ သူ့ကားကို ခိုးခိုးပြီး ယူသွားတာပါ။ ဒါမှ သူ taxi ပေါ်မှာ အေးအေးဆေးဆေး ထိုင်လိုက်လာပြီး ဖုန်းထဲက အလုပ်တွေကို အေးအေးဆေးဆေး လုပ်လို့ရအောင်ပါ။ 😕 😕 😕 သူကတော့ ကတိပေးပါတယ်… မီးပွိုင့်မိပြီး ကားရပ်ထားရတဲ့ အချိန်မျိုးမှာပဲ သူဒီလိုလုပ်ပါ့မယ် ဆိုပြီးတော့ပေ့ါ။ 🤔🤔🤔 နောက်ထပ်အကြံပေးချင်တာတစ်ခုကတော့ အာရုံစူးစိုက်ဖို့ပါ။ တစ်ပြိုင်တည်းမှာ အလုပ်အများကြီးလုပ်နိုင်တဲ့ စွမ်းရည်တော့ လူတိုင်းမှာ မရှိပါဘူး (ကျွန်မလို အလုပ်အများကြီးကို တစ်ပြိုင်နက်လုပ်နိုင်တာမျိုးပေါ့ 😀 😀 😀 အခုဒီစာကို ရေးနေတဲ့အချိန်မှာပဲ ကျွန်မ မေမေနဲ့လည်း တရုတ်နှစ်သစ်ကူးအစီအစဉ်တွေနဲ့ပတ်သက်ပြီး chat နေပါတယ်။) ဒါပေမယ့် တစ်ချို့အလုပ်တွေကတော့ ၁၀၀ % အာရုံစူးစိုက်ဖို့လိုတာမျိုးလည်းရှိတာပေါ့နော်။ အဓိက ဦးတည်ချက်ထားထားရမှာကတော့ အလုပ်ပြီးမြောက်ဖို့၊ ပြီးတော့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အဲဒီအလုပ်ကို အကောင်းဆုံးပြီးမြောက်အောင်လုပ်နိုင်ဖို့ပါ။ ဒါကြောင့်မို့လို့ ကိုယ့်အခုလုပ်ဖို့ရှိနေတဲ့ အလုပ်ကို အာရုံသေချာစိုက်ပါ။ ဘေးက တခြားအရာတွေကြောင့် လွယ်လွယ်နဲ့ အာရုံပျံ့လွင့်တာမျိုးမဖြစ်ပါစေနဲ့။ တခြားအရေးပါတဲ့ အချက်တစ်ခုအနေနဲ့ ကျွန်မမြင်ရတာကတော့ လူတွေဟာ ကိစ္စတစ်ခုကိုပြီးမြောက်ဖို့ အာရုံစိုက်နေရတဲ့အချိန်မှာ ဘေးမှာရှိတဲ့ တခြားသောအရာတွေကြောင့် အလွယ်တကူ အာရုံပျံ့လွင့်တတ်ကြတယ်ဆိုတာပါပဲ။ ကျွန်မ gym ရောက်နေတဲ့အချိန်ဆိုရင် စကားပြောနေတာမျိုးမလုပ်ပါဘူး။ ကျွန်မဦးတည်ထားတဲ့ အလုပ်ပြီးမြောက်ဖို့ကိုပဲ ကျွန်မအာရုံစူးစိုက်ထားပါတယ်။ ကျွန်မအလုပ်ရောက်ပြီဆိုရင်လည်း အဲဒီမှာ လုပ်နေရတဲ့ အလုပ်အပေါ်မှာပဲ အာရုံစူးစိုက်ထားပါတယ်။ ကျွန်မ စာသင်ခန်းထဲရောက်ပြီဆိုရင်လည်း စာသင်တာအပေါ်ကိုပဲ အာရုံစူးစိုက်ထားပါတယ်။ ကိုယ်က အလုပ်တွေအများကြီးကို တစ်ပြိုင်တည်း လုပ်နိုင်တဲ့သူဆိုရင်တော့ ကို်ယ့်အားသာချက်တွေပေါ်မူတည်ပြီး လုပ်နိုင်တဲ့အလုပ်တွေကို တစ်ပြိုင်တည်းလုပ်ပေါ့။ ကျွန်မအမြဲတမ်းကြားရလေ့ရှိတာတစ်ခုက “တခြားလူတွေနောက်ကျလို့ ဖြစ်ရတဲ့ အခြေအနေတွေမှာဆိုရင်ရော အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ?” တဲ့။ ဒါမှမဟုတ် “ကိုယ့် အလုပ်ရှင်ကြောင့်နောက်ကျရတဲ့ အခြေအနေတွေမှာဆိုရင်ရော သူ့ကို ဘယ်လိုထားခဲ့ရမလဲ?” တဲ့။ – ဒီနေရာကတော့ ကိုယ့်ရဲ့ ဘယ်အရာတွေအပေါ်ကို ဦးစားပေးပြီး ဆုံးဖြတ်မှာလဲဆိုတဲ့ ကိုယ့်ကိုကိုယ်နဲ့ ဆိုင်သွားပြီ။ ကျွန်မက သင်တို့အတွက် ဝင်ဆုံးဖြတ်ပေးလို့မရဘူးလေ။ ဟုတ်တယ်ဟုတ်? ကျွန်မမှာဆိုရင် ရူးသွပ်စွာနဲ့လုပ်ချင်တဲ့ projects ပေါင်း ၁၀၀ လောက်ရှိနေပေမယ့်လည်း တစ်နေ့ကို ၁၅ မိနစ်စာ အကန့်လေးတွေက အဲလောက်အများကြီးအတွက် မရှိနိုင်ဘူးလေ! ဒါကြောင့် ကျွန်မလုပ်ချင်တယ်ဆိုတဲ့ ပရောဂျက်တွေ၊ ကျွန်မသွားရမယ့် appointments တွေ၊ စတာတွေထဲက ဘယ်ဟာကို ဦးစားပေးသွားမယ်၊ လုပ်မယ်ဆိုတာကို ကျွန်မရွေးချယ်ပြီးတော့ လုပ်ပါတယ်။ ဒါပေါ့လေ… တစ်နေ့ကိုု ၂၄ နာရီထက်မက ရပါစေလို့ ကျွန်မလည်းဆုတောင်းတာပေါ့! မတူညီတဲ့ အချိန်ပိုင်းအလုပ်တွေအများကြီး လုပ်တာရဲ့ ကောင်းကျိုးတစ်ခုကတော့ ကျွန်မရဲ့ အချိန်တွေကို လိုသလို ပြောင်းလွယ်ညှိလွယ် ထိန်းချုပ်လို့ရတာပါ။ မကောင်းတာတစ်ခုကတော့ – ဘာပရောဂျက်ပဲလုပ်လုပ် စိတ်နှစ်ပြီး လုပ်ရတဲ့အတွက် ပရောဂျက်တစ်ခုကနေ တစ်ခု၊ အဲဒီတစ်ခုကနေ နောက်တစ်ခု စသဖြင့် အားလုံးကို တစ်နေ့ထဲမှာ ခုန်ကူးရတာ စိတ်တော်တော်ပင်ပန်းရပါတယ်။ ဒါပေမယ့်လည်း ကျွန်မရူးသွပ်ဝါသနာ ပါတာကို လုပ်နေရတာဖြစ်တဲ့အတွက် အဲဒါက ကျွန်မကို ရှေ့ဆက်သွားစေပါတယ်။ ကျွန်မရဲ့ လုပ်နိုင်စွမ်းနဲ့ အသင်းအဖွဲ့တွေကို သင်ကြားပြသ လမ်းညွှန်ပေးတဲ့ အခါမျိုးမှာဆိုရင်လည်း ဘယ်နေရာကစပြီး လမ်းညွှန်ပြသလဲဆိုတော့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ စည်းကမ်းတွေချမှတ်ဖို့ကို သေချာအချိန်ယူပြီး ပြောပြပါတယ်။ တစ်ချို့လူတွေဆိုရင် သူတို့ရဲ့ proposals ကို ကျွန်မကို စစ်ပေးစေချင်ကြတယ်။ ဒါပေမယ့် နောက်ဆုံးမဖြစ်မနေဆိုတဲ့ နောက်ကျနေပြီဖြစ်တဲ့ အချိန်မျိုးကျမှ ကျွန်မကို ပို့ပေးတတ်ကြတယ် – အဲလိုဆိုရင် ကျွန်မ ဖျက်ပဲ ဖျက်ပစ်လိုက်ပါတော့တယ်။ သူတို့နောက်ကျမှ ပို့တဲ့အပြင် ပို့တဲ့ အချိန်ကလည်း ကျွန်မနားရက်ဆိုရင်တော့ အရမ်းအရေးကြီးနေရင်တောင်မှပဲ – ကျွန်မ စစ်လေ့မရှိပါဘူး။ လူတွေအနေနဲ့ အချိန်ကို လေးစားတတ်ဖို့လိုလာပါပြီ။ (တကယ်တော့ ကျွန်မအဲဒါကို ဖတ်ပြီးတော့ စစ်ပေးပါတယ်။ ဒါပေမယ့် ပြန်မပို့ဘဲထားတာပါ။ နောက်ကျတယ်ဆိုရင် နောက်ကျတဲ့ တန်ဖိုးတော့ ပေးရမယ်လေနော် 😛 😛 😛 ) အချိန်မလေးစားတဲ့ လူတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်တတ်တာအပြင် ကျွန်မပိုပြီး မကြိုက်တာ နောက်တစ်ခုကတော့ နောက်ဆုံးမိနစ်မှ ကပ်လုပ်တတ်တဲ့ လူတွေကိုပါ။ ဒါဟာ အလွန်ကို ဆိုးတဲ့ အကျင့်ပါ။ ကျွန်မအနေနဲ့ကတော့ ကျွန်မက ကိုယ့်အားနည်းချက်ကို ကိုယ်သိပါတယ်။ ကျွန်မလုပ်ရမယ့် အလုပ်ကို နောက်ဆုံးမိနစ်မှ ကပ်လုပ်ပြီဆိုရင် ကောင်းကောင်းမလုပ်တတ်တော့ပါဘူး။ ကျွန်မရဲ့ ဦးနှောက်က ထူပူနေပြီးတော့ “အောင်မလေး! သေပြီလေ အိုင်လင်းရေ!” ဆိုပြီး ပြောနေလိမ့်မယ်။ ဒီလို ထူပူနေတဲ့အတွက်ကြောင့်ပဲ ကျွန်မဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူးဖြစ်ရော။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ နောက်ဆုံးမိနစ်မှ ကပ်လုပ်တဲ့ အလုပ်ကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါတယ်။ ကျွန်မမိဘတွေအမြဲသင်ပေးလေ့ရှိတဲ့ တရုတ်စကားပုံတစ်ခုက “မစင်စွန့်ချင်နေတာကိုဘာလို့ အပေါက်သေးသေးလေးပဲ တူးတာလဲ??” တဲ့။ နောက်ဆုံးမိနစ်မှ ကပ်လုပ်တာနဲ့ ပတ်သက်ပြီး ပုံဖော်ပေးတဲ့ ထဲ ဒီထက်ကောင်းတဲ့ စကားပုံတစ်ခုကို ကျွန်မရှာမတွေ့သေးပါဘူး။ ဒါကြောင့်ပါ… အချိန်ကို စီမံခန့်ခွဲတယ်ဆိုတာဟာ တကယ်တော့ စည်းကမ်းပါပဲ။ ဘယ်အရာက သင့်ကို ဒီစည်းကမ်းကို လိုက်နာဖြစ်အောင်တွန်းအားပေးသလဲ? အဲဒီတွန်းအားပေးတဲ့ အရာကို ရှာပါ။ ...

By:Kawi 16/08/2019
“ဆုံးဖြတ်ချက်ပြတ်သားအောင်ကျင့်ယူလို့ရပါတယ်” In:Inspiration/Aspiration/Motivation, Kawi Inspires
1 1 0

ကိုယ့်ကိုကို်ယ်ဆုံးဖြတ်ချက်မပြတ်သားလို့ စိတ်ပျက်ဘူးသလား။  တကယ်ကတော့ ဆုုံးဖြတ်ချက်ပြတ်သားတယ်ဆိုတာ အလေ့အကျင့်တစ်ခုပါပဲ။ လူတွေ တွေဝေတတ်ကြတဲ့အကြောင်းရင်း အများစုက ဆုံးဖြတ်ချက်မှားမှာကြောက်ကြလို့ပါ။  ဒါပေမယ့်ကျွန်တော်တို့ ရွေးလိုက်တာ အကြောက်တရားဆိုတဲ့ trap ဖြစ်နေရင်ရော???  သင်ဟာတွေဝေတတ်တဲ့သူတစ်ယောက်ဆိုရင် ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ။ ၁။ အကြောက်တရားတွေကိုဘေးဖယ်လိုက်ပါ။ ကျွန်တော်တို့တွေ ဆုံးဖြတ်ချက်ချဖို့ကြောက်နေတတ်ကြတယ်လေ။ မှားသွားမှာကိုကြောက်ကြတယ်။ တစ်ခုခုကို လက်လွှတ်ရမှာကို ကြောက်တယ်။ တစ်ယောက်ယောက်က စိတ်ပျက်သွားမှာကိုကြောက်တယ်။  ဒီလိုအချိန်တွေမှာ ကျွန်တော်တို့နားလည်သင့်တာက ကျွန်တော်တို့ အကြောက်တရားကိုရွေးချယ်နေကြတယ်ဆိုတာပါပဲ။  ၂။ တွေဝေနေတယ်ထင်ရင် တစ်ခုခုကိုရွေးချယ်ကြည့်လိုက်ပါ။ တွေဝေတယ်ဆိုတာလည်း ရွေးချယ်မှုတစ်ခုပါပဲ။ တစ်ခါတလေကျ ကျွန်တော်တို့ ဘာကိုမှမရွေးချယ်ဘဲ မှိန်းနေလိုက်ကြတယ်။ ကျွန်တော်တို့ကိုကျွန်တော်တို့ မပြတ်သားဘူးထင်တိုင်း ဒါဟာလည်းကျွန်တော်တို့ကိုယ်တိုင် ငြိမ်နေဖို့ဆုံးဖြတ်ထားတယ်ဆိုတာမမေ့ပါနဲ့။  ၃။ ဆုံးဖြတ်ချက်တစ်ခုမချမီ အကောင်း၊ အဆိုး ဖြစ်နိုင်ချေကိုကြိုတွေးထားပါ။ ကိစ္စတစ်ခုကိုမဆုံးဖြတ်မီမှာ အကောင်း၊ အဆိုးဖြစ်နိုင်ချေတွေကို တွက်ထားပါ။ သင်ရွေးချယ်မှု မှားသွားရင်ဖြစ်နိုင်တဲ့အဆိုးဆုံးအခြေအနေကို ကြိုစဉ်းစားထားပါ။ အဲဒီလိုဖြစ်လာရင် သင်ဘာတွေပြန်လုပ်နိုင်မလဲ ဆိုတာပါကြိုစဉ်းစားထားပါ။ တစ်ခါတလေကျလည်းကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးလိုက်တယ် ငါဒါကိုရွေးချယ်လို့နောင်တရနိုင်လားပေ့ါ။ မှားနေရင်တောင်နောင်တမရနိုင်ဘူးဆိုတာ သေချာသွားရင်ကျွန်တော်ဆုံးဖြတ်ချက်မြန်မြန်ချဖြစ်ပါတယ်။  ၄။ လေ့လာပါ။ ဒါပေမယ့်အချိန်မဆွဲပါနဲ့။ တစ်ခုခုကိုမရွေးချယ်ခင် အဲဒီအကြောင်းကိုသိအောင် လုပ်ပါ။ တတ်သိတဲ့သူတွေရဲ့ အကြံဉာဏ်ကို နားထောင်သင့်ရင် နားထောင်ကြည့်ပါ။ ဒါပေမယ့်အရမ်းကြီး ပြီးပြည့်စုံမယ့်အချိန်ကိုစောင့်မနေပါနဲ့။ လုံလောက်တဲ့ သတင်းအချက်အလက်ရတာနဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတော့။  ၅။ အသေးစားဆုံးဖြတ်ချက်လေးတွေကို အမြန်ဆုံးဖြတ်ပါ။ ဆုံးဖြတ်ချက်ချတယ်ဆိုတာ စိတ်အင်အားသုံးရပါတယ်။ ဒီတော့ သိပ်အရေးမကြီးတဲ့ ကိစ္စမျိုးကို အရမ်းကြီးစဉ်းစားမနေပါနဲဲ့။ ဥပမာ ဒီနေ့ ဘာဝတ်မယ် ဘယ်ဆိုင်မှာစားမယ်ဆိုတာမျိုးကို မြန်မြန်ရွေးချယ်ပါ။ သင်အလေ့အကျင့်မရခင်အထိ ကိစ္စအသေးလေးတွေကနေ မြန်မြန်ဆုံးဖြတ်တတ်တာကို လေ့ကျင့်ယူပါ။ ဒါဆိုရင် သင့်ကိုယ်သင်လည်း ယုံကြည်မှုပိုရှိစေပါတယ်။ ဆုံးဖြတ်ချက်မှားရင်တောင် ကိုယ့်ကိုဘာမှသိပ်ထူးထူးခြားခြားမထိခိုက်စေတဲ့ ကိစ္စမျိုးဆိုရင် ဆုံးဖြတ်ချက်အမြန်ချလိုက်ပါ။ ၆။  Deadline အချိန်တစ်ခုသတ်မှတ်ပါ။ အရေးကြီးတဲ့ကိစ္စတစ်ခုကို စဉ်းစားချိန်သတ်မှတ်ပြီး အချိန်မှီဆုံးဖြတ်ချက်ချနိုင်အောင် ကြိုးစားပါ။ ၇။ ဆုံးဖြတ်ချက်ကို လက်တွေ့လုပ်ပါ။ လက်တွေ့လုပ်ရပ်သာ ပါမလာဘူးဆိုရင် သင်ဘာပဲဆုံးဖြတ်ဆုံးဖြတ် အလကားပါပဲ။ ဒီတော့ သင်ရွေးချယ်ထားတဲ့လမ်းကို လျှောက်ကြည့်ပါ။ မှားနေရင် ပြန်ပြင်ပါ။ ဒါဆိုသင့်ရဲ့ ရှုံးနိမ့်မှာ ကြောက်တဲ့စိတ်ကိုပါ လျော့ပါးစေတဲ့အပြင် အတွေ့အကြုံအများကြီးရစေပါတယ်။  ဒီအချက်လေးတွေကို လက်တွေ့လုပ်ကြည့်ရင် သင်အရင်ကထက်ပိုပြီး ဆုံးဖြတ်ချက်ချနိုင်လာမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားနေဆဲပါပဲ။ အားလုံးပဲ good luck ပါ။ ...

By:Kawi 16/08/2019
“ကိုယ့်ကိုစိတ်မဝင်စားတဲ့သူကိုမှ ဘာလို့မေ့မရကြတာလဲ” In:Inspiration/Aspiration/Motivation, Kawi Inspires, Life Hacks
0 0 0

ဘယ်သူမှတော့အသည်းကွဲတာမကြိုက်ဘူးပေါ့။ ဒါပေမယ့် တစ်ခါတလေကျတော့ ကျွန်တော်တို့တွေက မရနိုင်တဲ့အရာကိုမှ လိုချင်တတ်ကြတယ်မလား? မရနိုင်တဲ့အရာက ပိုတန်ဖိုးကြီးတယ်ထင်ကြတယ်။ မရနိုင်တဲ့သူကိုမှ ပိုချစ်ချင်တယ်။ မဖြစ်နို်င်တဲ့သူကိုမှ ပြောင်းလဲလာမလား မျှော်လင့်နေမိကြတယ်။ ကျွန်တော်တို့ကိုယ်တိုင် မဖြစ်ချင်ဘဲနဲ့ ခံစားနေရတတ်တယ်မလား။  တခြားသူကို ပြောင်းစိတ်ဝင်စားလို့မရဘူးလား။ တခြားအရာတွေကရော ပိုမကောင်းနိုင်ဘူးလား။  ဒီလူနားမှာ ဘာလို့တဝဲဝဲတလည်လည် ဖြစ်နေရတာလဲ။  ကျွန်တော်တို့တွေဘာလို့မဖြစ်နိုင်တဲ့သူကို မှတမ်းတမ်းစွဲဖြစ်နေကြတာလဲ??? မဖြစ််နိုင်တဲ့သူတစ်ယောက်ကိုမှ ဆက်ချစ်နေမိတယ်ဆိုတာ လူတွေရဲ့ psycho တစ်မျိုးပဲဆိုကြပါစို့။ ဘာလို့လဲဆိုတော့ လူတွေက ခက်ခဲတဲ့အရာတွေကိုမှလိုချင်ကြတယ်လေ။ ကိုယ်ကြိုးစားပြီးရတဲ့အရာတွေကို အလွယ်တကူရတဲ့အရာတွေထက် လူတိုင်းကမက်မောတတ်ကြပါတယ်။  တချို့က လူတစ်ယောက်ကိုလိုက်နေရတဲ့ ခံစားချက်ကိုပိုရင်ခုန်တတ်ကြတယ်။တချို့က ငါကြိုးစားရင်ရမလားလို့ မျှော်လင့်နေတတ်ကြတယ်။တချို့က တစ်ဖက်လူရဲ့ နားလည်ရခက်တဲ့အပြုအမူလေးတွေကိုမှ အဖြေရှာဖို့ကြိုးစားနေတတ်ကြတယ်။တချို့က ကိုယ့်ကိုကိုယ်ဒီလူကိုမရနိုင်ဘူးဆိုတာကို လက်ခံဖို့ခက်ခဲနေတတ်ကြတယ်။တချို့ကတော့ သူ့ရဲ့ စိမ်းကားတဲ့အပြုအမူတွေက တခြားသူတွေနဲ့ယှဉ်ရင်ဆွဲဆောင်မှုပိုရှိနေတယ်။တချို့ကတော့ မဖြစ်နိုင်တဲ့အရာကို လုပ်နိုင်ချင်ကြတယ်။တချို့က ကိုယ်ကြိုးစားနိုင်တယ်ဆိုတဲ့ အတ္တနဲ့ လက်မလွှတ်နိုင်ကြဘူး။တချို့က သူ့ကိုရရင် ကျေနပ်ပြီထင်ကြတယ်။  သေချာတာကတော့ တစ်ဖက်လူက မဖြစ်နိုင်လေလေ သူ့ကိုရဖို့ ကြိုးစားချင်လေလေပါပဲ။ ဒါပေမယ့်ကျွန်တော်တို့ကြိုးစားလို့ရခဲ့မယ်ဆိုရင်ရော … တန်မှာလား။ ကျွန်တော်တို့ တကယ်လိုက်နေတာ အဲဒီသူကိုလား ကိုယ့်ကြိုးစားမှုရဲ့ရလဒ်ကိုလား။ ဘယ်အရာကိုမှလွယ်လွယ်နဲ့ လက်မလျှော့သင့်ဘူးဆိုပေမယ့် အချစ်ရေးမှာ ဒီစကားကမှန်ရဲ့လား။ အရေးအကြီးဆုံးက တန်ရဲ့လား။  လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကျွန်တော် ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ဖူးတယ်။ ကျွန်တော်နဲ့ ဘယ်လိုမှအဆက်အစပ်မရှိတဲ့သူတစ်ယောက်။ မှတ်မှတ်ရရသူ့ကိုစတွေ့တဲ့နေ့က ဇန်နဝါရီလကြီး မိုးတွေရွာနေတယ်။ မိုးရေတွေစိုနေတဲ့ကောင်မလေးတစ်ယောက်ကို ကျွန်တော်မြင်မြင်ချင်းသိလိုက်တယ်။ ဒီတစ်ယောက်ပဲလို့။ သူကအရမ်းတော့မချောဘူး။ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်လေး။ ဒါပေမယ့် ကျောင်းသား ၆၀၀ ရှိတဲ့အထဲမှာသူ့ကိုပဲ ကျွန်တော်သတိထားမိတယ်။ ဘာဆိုဘာမှမတူတဲ့ သူနဲ့သိဖို့ ကျွန်တော်အတော်လေးကြိုးစားလိုက်ရတယ်။ ကျွန်တော်သူ့ကိုဖွင့်ပြောခဲ့တယ်။ ဒါပေမယ့် မရခဲ့ဘူးဆိုပါတော့။ ထူးဆန်းတာက ကျွန်တော်သူ့ကို ဆက်ချစ်ဖို့ပဲရွေးချယ်ခဲ့တယ်။ ကျွန်တော့်ကို ကျွန်တော်ဘယ်အချိန်ပြန်မေးမေး သူ့ကိုလက်မလွှတ်ဘူးဆိုတဲ့ အဖြေပဲရခဲ့တယ်။ သူရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ရတယ်။ ကျွန်တော်ယုံတာတစ်ခုတော့ရှိတယ် ဘယ်ကောင်မှ ကျွန်တော့်လို သူ့ကို မစောင့်နိုင်ဘူးဆိုတာ။ ဒီကြားထဲမှာ သူနဲ့သူငယ်ချင်းဖြစ်ဖို့တောင် ကျွန်တော်အတော်လေး ကြိုးစားလိုက်ရတယ်။ သူ့သူငယ်ချင်းတွေနဲ့ဝင်ရောရတယ်။ သူတက်တဲ့သင်တန်းတွေ သူ့အကြိုက်တွေ သိအောင်လုပ်ခဲ့တယ်။  (၅) နှစ်လောက် ကြာလာတော့ ကျွန်တော်သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းထဲက တစ်ယောက်ဖြစ်လာတယ်ဆိုပါတော့။ သိပ်တော့ မခက်ပါဘူး… သူ့ဘဲအကြောင်း ရင်ဖွင့်ရင် နားထောင်ပေးရုံ၊ ဂျီကျတတ်တဲ့သူ့ကို အလိုလိုက်ပေးရုံ၊ သူပုဇွန်စားတိုင်းအခွံခွာပေးရုံ၊ သူကြိုက်တဲ့ Supernatural ရုပ်ရှင်စီးရီးလိုက်ကြည့်ပြီး စိတ်ပါလက်ပါနဲ့ဆွေးနွေးပေးရုံပါပဲ။  နောက်နှစ်နှစ်လောက်ကြာသွားတဲ့အခါမှာ သူနောက်ဆုံးရည်းစားနဲ့ ပြတ်တော့ကျွန်တော့်ကိုပြောလာတယ်။ နင့်ကိုငါ့ဘဝထဲမှာ ရှိစေချင်တယ်တဲ့။ အဲဒီစကားလေးကြားရဖို့ ကျွန်တော် (၇) နှစ်စောင့်ခဲ့ရတယ်။ ကျွန်တော်သိလိုက်တာ တစ်ခုတော့ရှိတယ်။ သူရှိစေချင်တာ လွန်ခဲ့တဲ့ (၇) နှစ်က သူ့ကို မိုးရေထဲမှာရင်ခုန်ခဲ့တဲ့ တောဂိုက်နဲ့ကောင်လေးကို သူရှိစေချင်တာမဟုတ်ဘူး ….. သူ့ဘေးမှာ (၇) နှစ်လုံးလုံးရှိပေးခဲ့တဲ့ သူကြိုက်တဲ့ပုံစံဖြစ်အောင်နေခဲ့တဲ့ လူတစ်ယောက်ကိုပါ။  သူ့ဆီကအဲဒီစကားကို ကြားရတော့ ကျွန်တော်ပျော်သွားတယ်။ ငါလုပ်နိုင်ပါတယ်ဆိုပြီးပျော်သွားတာ။ ကျွန်တော့်ကြိုးစားမှုတွေ အရာထင်လာပြီဆိုပြီး ကျွန်တော်ပျော်သွားတာ။  ကျွန်တော်လိုချင်တာရဖို့ (၇) နှစ်ကြိုးစားခဲ့ရတယ်။ (၇) နှစ်လုံးလုံး ကျွန်တော်တစ်ညမှ ကောင်းကောင်းအိပ်မရခဲ့ဘူး။ ကိုယ်မပိုင်တဲ့ သူတစ်ယောက်ကို စိတ်ကူးနဲ့ ရူးခဲ့တယ်။ ကိုယ့်ဖုန်းကို သူမကိုင်ရင်၊ စာမပြန်ရင် သူဘယ်သူနဲ့များ ပြောနေမလဲ ဆိုတဲ့စိတ်နဲ့ပူလောင်ခဲ့ရတယ်။ သူပေးခဲ့တာမဟုတ်ပေမယ့် သူနဲ့ပတ်သက်ရင် ကျွန်တော် နာကျင်ခဲ့ရတယ်။ သူတမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုက စိတ်မထားတတ်တာကိုး။  အခုရော… ကျွန်တော်သိတာက ရူးတယ်ပဲပြောပြော သူကျွန်တော့်ကို အသိအမှတ်ပြုတာကို ကျွန်တော်ကျေနပ်တယ်။ ဒါပေမယ့် ကြိုးစားရကျိုးရောနပ်တယ်လို့ ခင်ဗျားတို့ထင်လား??? နောင်တတော့ကျွန်တော်မရဘူး … (၇) နှစ်ရင်းပြီး ဆုတစ်ခုရလိုက်တယ်လို့ပဲတွေးပါတယ်။ အဲဒီဆုက သူတော့ မဟုတ်ခဲ့ဘူး။  သူ့ကိုလက်မလွှတ်ဖို့ရွေးချယ်ခဲ့တာ အချစ်ဆိုရင် သူ့ကိုရတဲ့အချိန်မှာ လက်လွွှတ်ဖို့ဆုံးဖြတ်ခဲ့တာက ကျွန်တော့်ကိုကျွန်တော်ချစ်တဲ့အချစ်ပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဘာတွေရင်းပြီး ဘာရလိုက်တယ်လို့ ခင်ဗျားတို့ထင်လဲ??? ...

By:Kawi 15/08/2019
“သတိမထားမိပဲ ဆက်လုပ်နေတတ်တဲ့အကျင့်ဆိုးများ” In:Inspiration/Aspiration/Motivation, Kawi Inspires
1 3 0

တစ်ခါတလေကျတော့ ကျွန်တော်တို့ကိုယ်တိုင်တောင် သတိမထားမိတဲ့အချက်လေးတွေက ကိုယ့်ကိုကောင်းကျိုးထက်ဆိုးကျိုးပေးတာများနေတတ်ပါတယ်။ ဘယ်လိုအကျင့်တွေက ကိုယ့်ကို အဆိပ်ဖြစ်စေလဲဆိုတာတော့ အောက်ကပုံလေးတွေမှာ ထောက်ကြည့်လိုက်ပါ။  ၁။ အချိန်ဆွွဲတတ်တာ။ လုပ်သင့်တဲ့အရာတစ်ခုကို စတင်ဖို့ကျွန်တော်တို့အချိန်ဆွဲနေတတ်ကြတယ်မလား??? ဖြစ်သင့်တဲ့အရာတစ်ခုကို ချက်ချင်းစတင်လိုက်ပါ။ အချိန်ရွှေ့လိုက်တယ်ဆိုတာ ခြေတစ်လှမ်းနောက်ကျသွားတာပါပဲ။ သင့်ဘဝမှာ ခြေဘယ်နှစ်လမ်း နောက်ကျပြီးပြီလဲ??? ၂။ ဆင်ခြေပေးတတ်တာ။ ဆင်ခြေပေးတာက အချိန်ဆွဲတာထက်ပိုဆိုးပါတယ်။ အချိန်ဆွဲတာက နောက်ဆုံး မဖြစ်မနေလုပ်ရတော့မယ်အချိန်ဆို လုပ်ရပါဦးမယ်။ ဆင်ခြေပေးနေတာကတော့ ဘာအလုပ်မှပြီးမှာ မဟုတ်သလို ဘာမှတတ်မြောက်လာမှာလည်း မဟုတ်ပါဘူး။  ၃။ ပြဿနာတွေကနေ ရှောင်ပြေးတာ။ လူတိုင်းမှာပြဿနာတွေ၊ စိတ်အားငယ်မှုတွေရှိတယ်ဆိုတာ သင်မမေ့ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် တု့ံ့ပြန်ပုံခြင်းပဲမတူတာပါ။ ထွက်ပြေးမှာလား??? ဖြေရှင်းမှာလား??? ဆိုတာက သင်ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာပါ။ ၄။ လိုတာထက်ပိုနှိမ့်ချတာ။ ကျွန်တော်တို့တွေက တစ်ခါတလေကျတော့ ကိုယ့်တန်ဖိုးကိုကိုယ် အရမ်းလျှော့တွက်တတ်ကြတယ်။  နှိမ့်ချတတ်တာကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီးအားငယ်ပြတဲ့အခါမှာ အနှိမ်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့။ ကိုယ့်အရှိကိုအရှိအတိုင်းပဲနေပါ။ သူများကိုနှိမ်တာလည်းမကောင်းသလို ကိုယ့်ကိုကိုယ်လည်း မနှိမ်မိပါစေနဲ့။ ၅။ ကိုယ့်ကိုကိုယ် ညှာတာ။ အကောင်းဆုံးဖြစ်ချင်တယ်မလား??? ကိုယ့်အတွက် အခက်ခဲဆုံးဆိုတာတွေ လွယ်ကူသွားတဲ့အထိ လုပ်လိုက်ပါ။ ကိုယ့်ကိုကိုယ် အလိုမလိုက်ပါနဲ့။ လက်လျှော့ခွင့်မပေးပါနဲ့။ သင်ဟာသင်ထင်ထားတာထက် ပိုလုပ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်တွန်းအားပေးလိုက်ပါ။ Comfort zone ထဲကရုန်းထွက်လိုက်ပါ။ ၆။ ကိုယ်ဘာဖြစ်ချင်မှန်းမသိတာ။ ကိုယ်မဖြစ်ချင်တာတွေကြားမှာ နစ်မျောမနေပါနဲ့။ ဒါကတော့ ကိုယ့်အကြောင်းကိုယ် မသိဘူးလို့ပဲပြောရမှာပါ။ ကိုယ်ဘာတွေကို လိုချင်လဲ??? ကိုယ်ဘာတွေ မဖြစ်ချင်ဘူးလဲ??? ဆိုတာမသိရင် ကို်ယ်နေတဲ့ဘဝ၊ ကိုယ်ဖြစ်ချင်တဲ့ဘဝနဲ့ အလှမ်းကွာသွားပါလိမ့်မယ်။  ၇။ ကိုယ့်ကိုကိုယ် ပြန်ညာတာ။ ဖြစ်ဖူးလား??? ကိုယ်အရမ်းလိုချင်တာတစ်ခုကို မရတဲ့အခါမှာ ငါဒါကိုမလိုချင်ပါဘူးလို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်မိဖူးသလား??? ကိုယ့်အိပ်မက်တွေက အရမ်းကိုကြီးကျယ်နေတဲ့အခါမှာ ငါဒါမဖြစ်လဲဘာမှမဖြစ်ပါဘူး ဆိုပြီးတော့ ပြန်ညာဘူးသလား??? ကိုယ့်ကိုကိုယ်ပြန်ဟန်ဆောင်တာက အဆိုးဆုံးပါပဲ။ ကိုယ့်ဖြစ်တည်မှု၊ ခံစားချက်တွေကို ပြန်မညာမိပါစေနဲ့။ ၈။ တခြားသူတွေနဲ့ယှဉ်တာ။ သူများတွေအောင်မြင်နေတဲ့အချိန်မှာ ငါဘာလို့မအောင်မြင်သေးတာလဲလို့တွေးဖူးလား???တွေးဖူးတယ်ဆိုရင် သင်မှားနေပါပြီ။ဘာလို့လဲဆိုတော့ သင့်ကိုယ်သင်ဘယ်သူနဲ့မှ ယှဉ်ပြီးမတွေးသင့်လို့ပါ။ဒီအစား ငါဘာလို့ဖြစ်သင့်သလောက်မဖြစ်သေးတာလဲလို့ တွေးကြည့်လိုက်ပါ။  ၉။ သူများယောင်တိုင်းလိုက်ယောင်တာ။ လူတိုင်းမှာကိုယ့်အခြေအနေနဲ့ ကိုယ်ရှိပါတယ်။ အိမ်ပိုင်တဲ့ သူငယ်ချင်းက night out ထွက်လို့ရပေမယ့် သင်ကရချင်မှရမယ်လေ။ ချမ်းသာတဲ့သူက ဒီလောက်သုံးနို်င်ပေမယ့် သင်မသုံးနိုင်တာလည်းရှိမယ်။ ကိစ္စတော်တော်များများကို ကိုယ်လုပ်သင့်တာနဲ့ ဆန့်ကျင်ပြီးလုပ်နေမယ်ဆိုရင်တော့ သင့်ကိုယ်သင်တန်ဖိုးမထားရာရောက်ပါတယ်။ ၁၀။ ကျေးဇူးမေ့တတ်တာ။ သင့်ကို ကူညီထားသူ၊ ဘယ်သူမှမရှိတဲ့အချိန်မှာ သင့်ဘေးမှာရှိပေးခဲ့တဲ့သူတွေကို မေ့လျော့တာမျိုးတွေမလုပ်ပါနဲ့။ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားဆိုတာ သင်ဘယ်လောက်အောင်မြင်နေနေ မမေ့သင့်တဲ့အရာတွေမို့လို့ပါ။  -Remy ...

By:Kawi 09/08/2019
အဘိဓာန်ထဲမှာတောင်မရှိတဲ့ မြန်မာတွေရဲ့ အားနာတတ်တဲ့အလေ့အကျင့်တစ်ခု In:Inspiration/Aspiration/Motivation, Kawi Inspires
2 5 0

ကျွန်တော်တို့တွေတော်တော်များများမှာ တချို့ကိစ္စတွေကို အားနာပြီးမပြောလိုက်ရတာတွေ၊ အားနာနေလို့မပြီးသွားခဲ့တဲ့အလုပ်တွေ ရှိခဲ့ဖူးမှာပါ။ ကိုယ်လုပ်လိုက်တဲ့အရာကြောင့် တစ်ဖက်လူထိခိုက်သွားမှာ၊ စိတ်အနှောက်အယှက်ဖြစ်သွားမှာ စတဲ့ စိုးရိမ်စိတ်တွေနောက်မှာ အားနာမှုတွေကပ်ပြီးပါလာတတ်ပါတယ်။ တစ်ကြိမ်တစ်ခါလေးလောက် အားနာလိုက်တာက နောက်ထပ်နောက်ထပ်ပိုပြီး အားနာမှုတွေကိုဖြစ်လာစေတာပါပဲ။ ဒီ အားနာတတ်တဲ့စိတ်က ဖျောက်ဖျက်ရခက်သလို တစ်ခါတလေမှာကိုယ့်အတွက်သာမက တဖက်လူကိုပါ ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ကအနစ်နာခံပြီး အားနာနာနဲ့ ကူညီလိုက်မိတယ်။ ဒါပေမယ့် ကိုယ့်အတွက် နစ်နာသွားတာနဲ့ သူ့အတွက် အကျိုးရှိသွားတာ သိပ်မကာမိရင် အဆင်မပြေပါဘူး။ ဥပမာအနေနဲ့ ကိုယ်က အရက်မသောက်တတ်ဘူး၊ အရက်သောက်ရင် ယားတာမျိုး၊ နောက်နေ့မထနိုင်တော့တာမျိုး ဖြစ်တတ်တယ်ဆိုပါစို့။ သူငယ်ချင်းက အရက်အတင်းတိုက်လို့ သောက်ရမယ်ဆိုရင် ကိုယ်သောက်လိုက်လို့ ကိုယ့်အတွက်လည်း အကျိုးလည်း မရှိဘူး၊ ကိုယ့်သူငယ်ချင်းအတွက်လည်း အကျိုးရှိမသွားဘူး (လူမှုရေးအရ အနည်းအကျဉ်းသောက်ရတာက တစ်မျိုးပါ) ဆိုရင် ငြင်းသင့်ရင် ငြင်းရပါလိမ့်မယ်။ အားနာမနေပါနဲ့။  အဲဒါအပြင် အားနာနေတာတွေရဲ့ နောက်ဆက်တွဲဆိုးရွားတဲ့ အကျိုးဆက်တွေကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတဲ့အခါမှာ တွေဝေသွားတတ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ကိစ္စတစ်ခုခုမှာ တခြားသူတွေကို အားနာနေလို့ (ဒါမှမဟုတ်) မိတ်ပျက်မှာစိုးရိမ်လို့ ကိုယ့်စိတ်ဆန္ဒမပါဘဲ လိုက်လုပ်ပေးရင်းကနေ တကယ်တမ်းကိုယ့်အတွက် ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ တွေဝေနေတာမျိုးဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက်အရေးကြီးတဲ့ ကိစ္စတွေကိုဆုံးဖြတ်ချက်ချတဲ့အခါမှာ ပြတ်ပြတ်သားသားနဲ့ တခြားသူတွေကိုအားနာနေတာတွေကို နည်းနည်းလောက်လျှော့ချပြီး ဆုံးဖြတ်တတ်ဖို့လိုအပ်ပါတယ်။ လူတွေပြောလေ့ရှိတဲ့စကားပုံတစ်ခုရှိတယ်။ အဲဒါကတော့ “အားနာရင်ခါးပါတယ်” ဆိုတာပါပဲ။ လူတွေတော်တော်များများက အားနာတတ်တဲ့လူအပေါ်ပိုပြီး အခွင့်အရေးယူတတ်ကြတယ်။ ကိုယ်က အားနာတတ်လို့ တစ်ကြိမ်နှစ်ကြိမ်လောက် ကူညီလုပ်ကိုင်ပေးလိုက်တာကို အခွင့်ကောင်းယူတတ်ကြတယ်။ နောက်ပိုင်းမှာ “သူကငြင်းဖို့အားနာတတ်တယ်၊ သူ့ကိုအကူအညီတောင်းလိုက်” ဆိုပြီး လုပ်လာတတ်ကြတယ်။ အဲဒါကြောင့် တချို့နေရာတွေမှာ အားနာမနေဘဲ ကိုယ်မလုပ်နိုင်ရင် ငြင်းဆိုတတ်ကြဖို့လည်းလိုအပ်ပါတယ်။ အားနာတတ်တဲ့စိတ်ရှိတာက ကောင်းတဲ့အထဲမှာတော့ မပါ၀င်ပါဘူး။ အားနာနေလို့မပြောလိုက်ရတာတွေ၊ အားနာပါးနာနဲ့ မလုပ်ချင်ဘဲလုပ်ပေးလိုက်ရတာတွေကို ထုတ်ဖော်မပြောဘဲ မြိုသိပ်ထားရတာတွေများလာတဲ့အခါ ကိုယ်ပဲမွန်းကြပ်ပြီးဒုက္ခရောက်မှာပါ။ တခြားသူတွေကို ကူညီတာကောင်းပါတယ်။ ဒါပေမယ့် အားနာလို့ကူညီရတာမျိုးတော့ မဖြစ်စေပါနဲ့။ ကိုယ်အဆင်ပြေနိုင်သလောက်ပဲ လိုက်လျောကူညီပေးပါ။ ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်ကို စည်းတစ်ခုသတ်မှတ်ပြီး ဆင်ဆင်ခြင်ခြင်ဆုံးဖြတ်နိုင်ကြပါစေ။ ...

By:Kawi 07/08/2019
“လူငယ်တစ်ယောက်နဲ့ရွေးချယ်မှု” In:Inspiration/Aspiration/Motivation, Kawi Inspires
0 0 0

အခုခေတ် လူငယ်တော်တော်များများတွေ့ ကြုံရတာက ဘယ်လို အလုပ်မျိုးကိုလုပ်မလဲ ဘာတွေလိုအပ်လဲစသဖြင့် ရှေ့ဆက်ရမယ့် ဘဝအတွက် ဆုံးဖြတ်ရခက်နေတာပါ။ လမ်းကြောင်းပီပီပြင်ပြင်မရှိသေးတဲ့အချိန်မှာ ကိုယ့်လမ်းကိုဖောက်ရတာမလွယ်တဲ့အလုပ်တစ်ခုပါ။ လူငယ်တွေမှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်စေဖို့အတွက် The Fit Slay Queens ရဲ့  member တစ်ဦးဖြစ်တဲ့ရတနာရွှေစင်က သူမရဲ့ ပညာရေး နဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးဘယ်လိုရွေးချယ်မှုတွေလုပ်ခဲဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို အခုလိုပြောပြထားပါတယ်။ သူမဟာ လက်ရှိမှာ The Pink Sun Marketing Agency and Media Entertainment Company ရဲ့ Account Head တစ်ဦးအဖြစ်တာဝန်ယူလုပ်ကိုင်လျက် ရှိပါတယ်။ ရတနာတစ်ယောက် ဘယ်လိုအကြံတွေပေးထားလည်းဆိုတာ ဖတ်ကြည့်လိုက်ပါနော်။  ရတနာတို့တွေ အကုန်လုံးနေ့စဉ်နဲ့အမျှရွေးချယ်မှုတွေ လုပ်နေရတယ်လေ။ ဘယ်လိုရွေးချယ်မှုတွေပဲလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့အရေးကြီးပါတယ်။  ရတနာ ငယ်ငယ်လေးကတည်းက ရတနာဖြစ်ချင်တာ၊ ဝါသနာပါတာကို သိတော့ ဆုံးဖြတ်ချက်တွေချရတာပိုလွယ်ကူတယ်ပြောရပါမယ်။  ရတနာက တစ်ခုခုကို အမြဲ learn လုပ်နေရတာသဘောကျတယ်။ ဆယ်တန်းပြီးပြီးချင်း ရတနာသင်တန်းတစ်ခုခု တက်ချင်တယ်ဆိုတော့ ကိုယ်ဘာကိုဝါသနာပါလဲဆိုတာစတွေးရတယ်။ ငါစီးပွားရေးလုပ်ချင်တယ်ဆိုတာတော့ တွေးမိတယ်။ အဲဒါနဲ့ ပါးပါးက ရတနာ့ကို Wise College မှာ ABE diploma course ကိုလိုက်အပ်ပေးတယ်။  အဲ့တုန်းက ABE ကမြန်မာပြည်မှာ သိပ်ခေတ်မစားသေးဘူး။ တက္ကသိုလ်စတက်တော့ ရတနာ တက်ချင်တဲ့ BBM ကျောင်းကအမှတ်မမှီဘူး။ အဲဒါနဲ့ University of Information Technology (UIT) တက္ကသိုလ်တက်ဖြစ်တယ်။ Second year လောက်မှာ ABE higher diploma ရတယ်။ Third year မှာ ABE Graduate Diploma ထပ်ရပါတယ်။ တတိယနှစ်မှာ ရတနာအလုပ်လုပ်ချင်တော့ အိမ်ကအလုပ်မှာဝင်ကူဖြစ်တယ်။ အချိန်ပိုင်းဝင်ကူတာ ဆိုပေမယ့် အတွေ့အကြုံ အများကြီးရတယ်။ စာတွေ့နဲ့ လက်တွေ့ ကွာခြားချက်တွေကို သင်ယူခွင့်ရခဲ့တယ်။ အိမ်စီးပွားရေးမှာ ဝင်လုပ်တော့ တချို့နေရာတွေမှာ ကိုယ်လုပ်ချင်တာနဲ့ အိ်မ်နဲ့သဘောထားမတူတာတွေ ရှိတယ်ပေါ့နော်။  အဲဒီတော့ရတနာ ဆက်မလုပ်ဖြစ်တော့ဘူး။ Final year မှာ ကျောင်းကလွှတ်တဲ့ IT company တစ်ခုမှာ intern ဆင်းရတယ်။ Intern ဆိုတော့ ပထမတစ်လလောက်က ဘာမှထွေထွေထူးထူးမလုပ်ရဘူး။ ရတနာ အလုပ်လုပ်ချင်တော့ ရသမျှ project တွေ တောင်းလုပ်ပေးတယ်။ တစ်ချိန်ထဲမှာပဲ အခုုလုပ်နေတဲ့ The Pink Sun Company မှာ part time အနေနဲ့ ဝင်လုပ်တယ်။ ကျောင်းပြီးတဲ့အချိန်မှာ ရတနာ intern ဆင်းတဲ့ company က အမြဲတမ်း ဝန်ထမ်းလုပ်မလားဆိုပြီး ကမ်းလှမ်းလာတယ်။ အဲဒီမှာရတနာစဉ်းစားရတာက ဘယ်မှာလုပ်မလဲဆိုတာပဲ။ ဘာလို့လဲဆိုတော့ ရတနာ သင်ယူချင်တာတွေရှိတာရယ်၊ start-up company တစ်ခုအနေနဲ့ challenge တွေရင်ဆိုင်ချင်တာကြောင့် လက်ရှိအလုပ်ကိုပဲရွေးချယ်ဖြစ်ခဲ့တယ်။  ရတနာ အနေနဲ့ ရွေးချယ်ရခက်ခဲ့တာကတော့ သူများတွေ ကျောင်းတက်လိုက် intern ဆင်းလိုက်လုပ်နေတဲ့ အချိန်မှာ The Pink Sun မှာ part time လုပ်ဖို့စဉ်းစားတဲ့အချိန်ပါပဲ။ Digital Marketing ဆိုတာသေချာ မသိသေးခင်မှာ ဘာကိုရွေးချယ်ရမှန်းမသိခဲ့ဘူးလေ။ နောက်တော့ ရတနာ သိလာတာက ငါဒီလိုအေးအေးဆေးဆေး အလိုက်သင့်မနေချင်ဘူး ဆိုတာပါပဲ။ အဲဒီတော့ ရတနာ လုပ်သင့်တယ်ထင်တာကို ရွေးချယ်ခဲ့ပါတယ်။ အထူးသဖြင့်ရတနာတို့လိုကျောင်းပြီးစ ဘာကိုရွေးချယ်ရမှန်းမသိတဲ့လူငယ်တွေကို ရတနာပြောချင်တာက မှန်တာ၊မှားတာထက် ကိုယ်ဖြစ်ချင်တာကို ကိုယ်သိဖို့အရေးကြီးပါတယ်။ မသိသေးဘူးဆိုသူတွေအတွက်ကတော့ အကုန်လုံးကို သိချင်စိတ်နဲ့လေ့လာကြည့်စေချင်ပါတယ်။ ဘာမှမလုပ်လို့ဘာမှမသိဘူးဆိုတာထက် တစ်ခုခုကို လုပ်ဖြစ်နေတယ်ဆိုရင် ကိုယ်ဘာကိုစိတ်ဝင်စားလဲ ကိုယ်ဘယ်နေရာမှာ ပါရမီရှိလဲဆိုတာ ပိုသိလာမယ်လို့မြင်ပါတယ်။ ရတနာလား …. ရတနာ့ဝါသနာကတော့ အလုပ်လုပ်ရတာကြိုက်တယ်၊ တစ်ချိန်ထဲမှာ အလုပ်နှစ်ခုသုံးခုကို manage လုပ်ရတာကြိုက်တယ်၊ နောက်ပြီးတော့ stress တွေတက်လာရင် ညည်းရတာလည်းကြိုက်တယ်။ ( ဒီထဲမှာထည့်မရေးထားတာကတော့ ရတနာရွှေစင် တစ်ယောက် bubble tea လည်းအရမ်းကြိုက်ကြောင်းပါ 😛 ) “ကိုယ်ဖြစ်ချင်တာကိုမသိသေးရင် ကိုယ်မဖြစ်ချင်တဲ့အရာတွေဆီက အရင်ရုန်းထွက်လိုက်ပါ” ...

By:Kawi 07/08/2019
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုဆိုတာ ဘာလို့အရေးကြီးတာလဲ??? In:Inspiration/Aspiration/Motivation, Kawi Inspires
1 1 2

အားလုံးပဲ မင်္ဂလာပါ။ အပတ်စဉ် အင်္ဂါနေ့တိုင်းတင်ဆက်ပေးနေတဲ့ Eileen’s Corner ကနေကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ မျှဝေပေးချင်တာက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု ဘာကြောင့်လိုအပ်လဲ? ဘာလို့အရေးကြီးလဲ? ဆိုတဲ့ အကြောင်း Eileen ရေးထားတာလေးကို မျှဝေပေးချင်ပါတယ်။ အဖွဲ့အစည်းမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်၊ မိသားစုမှာဖြစ်ဖြစ် အပြန်အလှန်လေးစားမှုက ဘယ်လိုအရေးပါတဲ့အကြောင်းကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်… ကျွန်မကို အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင် အဖွဲ့သားတွေအချင်းချင်း ဘယ်လိုစည်းလုံးမှုတွေ၊ အခြေခံအုတ်မြစ်တွေတည်ဆောက်ရမလဲဆိုတာမျိုးတွေ မကြာခဏမေးလေ့ရှိကြပါတယ်။ ဒီအကြောင်းအရာလေးထဲမှာတော့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုကိုယ် Professional ကျအောင်ဘယ်လိုနေထိုင်ရမလဲ၊ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းမလဲ၊ အသင်းအဖွဲ့အလိုက် အောင်မြင်မှုတွေရအောင်ဘယ်လိုလုပ်မလဲ၊ Mutual Respect ဆိုတဲ့ အပြန်အလှန်လေးစားမှုတွေဘယ်လိုထားရမလဲ စတဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးထားပါတယ်။ ကျောင်းသားတစ်ယောက်က ကျွန်မကိုမေးလာပါတယ်။ အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင် အဖွဲ့သားတွေအချင်းချင်း ဘယ်လိုစည်းလုံးမှုတွေ အခြေခံအုတ်မြစ်တွေတည်ဆောက်ရမလဲဆိုတာကိုပေါ့။ ကျွန်မရဲ့အမြင်ကိုပြောရရင်တော့ အလုပ်မှာပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ဆက်ဆံရေးတစ်ခုမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး လေးစားမှုဟာအရမ်း အရေးပါတယ်လို့မြင်ပါတယ်။ အဲ့ဒီလူဟာ ကိုယ်နဲ့၃နှစ်ကြာ သူငယ်ချင်းဖြစ်ခဲ့တဲ့လူဖြစ်နိုင်တယ်၊ ကိုယ်နဲ့ပေါတောတော စလိုက်နောက်လိုက် လုပ်လေ့ရှိတဲ့လူ ဖြစ်နိုင်တယ်၊ ကိုယ့်ထက်အများကြီးငယ်တဲ့လူဖြစ်နိုင်တယ်။ ဒါပေမဲ့ အလုပ်ဆိုတာနဲ့ အဲ့ဒီအရာတွေကို ခဏဘေးဖယ်ထားပြီး တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုတဲ့အခါမှာ အချင်းချင်းလေးစားမှုလေးနဲ့ ဆက်ဆံဖို့လိုပါတယ်။ အလုပ်ကအလုပ်၊ ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေး သက်သက်ပါ။ ရှင်းပါတယ်။ ကျွန်မအလုပ်မှာ ဒီအကြောင်းအရာနဲ့ဆိုင်တဲ့ အဖြစ်အပျက်လေးတွေမကြာခဏဆိုသလိုတွေ့ရပါတယ်။ ဥပမာ…အစည်းအဝေးတစ်ခုမှာ တစ်ယောက်က အားတက်သရော နဲ့လေးနက်စွာဆွေးနွေးနေတဲ့အချိန်မှာ အဖွဲ့ထဲက တစ်ယောက်က ကောင်းကောင်းနားမထောင်ဘဲ ကလေးတွေလိုမျိုးလျှောက်နောက်နေတာမျိုး ဒါမှမဟုတ် သူတို့ရဲ့အလုပ်၊တာဝန်သာ အရေးအကြီးဆုံးလို့မှတ်ယူပြီး သူတို့ပြောချင်တာကိုသာရှေ့တန်းတင်ပြောပြီး တခြားလူပြောတာတွေကိုနားမထောင်တာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးတွေဟာ အဖွဲ့တစ်ခုလုံးရဲ့စိတ်ဓာတ်ကိုပျက်ပြားစေပြီး အသင်းအဖွဲ့တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုသာမကပဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကိုပါ နှောင့်နှေးစေပါတယ်။ ကျွန်မက ဆရာမကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မမှာ ဘဝကပေးတဲ့ သင်ခန်းစာတွေ၊အတွေ့အကြုံတွေ၊ ခက်ခဲမှုတွေကို နှစ်ပေါင်းများစွာ ကျွန်မကိုယ်တိုင်ဖြတ်သန်းကျော်လွှားခဲ့ပါတယ်။ (နှစ်ပေါင်းများစွာ ဆိုလို့ ကျွန်မက အသက်ကြီးနေပြီလို့ပြောတာမဟုတ်ဘူးနော်! နှစ်ပေါင်းများစွာဖြတ်သန်းပြီးတာတောင်မှ ကျွန်မကအရမ်းငယ်သေးတယ်လေ 😝😝😝LOLOLOL) ကျွန်မရဲ့အတွေ့အကြုံတွေအရပြောရရင်တော့ အခြေခံအုတ်မြစ်ကောင်းကောင်းနဲ့ စည်းလုံးညီညွှတ်ပြီး အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ချင်ရင်တော့ အဖွဲ့ဝင်တိုင်းဟာ… ၁။ ပထမကတော့ professional ဆန်တဲ့အပြုအမှုဆိုတာဘာလဲဆိုတာကို နားလည်ရမယ်။ ဒုတိယကတော့ သူတို့ professionalism ဆိုတာကို ကောင်းစွာနားလည်သဘောပေါက်ပြီးရင် professional တစ်ယောက်လိုပြုမူလာလိမ့်မယ်( တကယ်ပါ… အလုပ်မှာ ကျွန်မကလေးတစ်ယောက်လို ဝုန်းတိုင်းကြဲပြီးလုပ်ချင်ရာလုပ်သွားချင်စိတ်က ခဏခဏပေါ်ချက်ပဲ! ဒါပေမဲ့ကျွန်မ မလုပ်ခဲ့ပါဘူး…ဒါဟာ professional တစ်ယောက်လိုမျိုးပြုမူတာပါ၊ ကျွန်မရဲ့စိတ်ကူးထဲမှာတော့ သောင်းကြမ်းပစ်ခဲ့တာပေါ့) ၂။ ကောင်းမွန်စွာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံပါ။ ကျွန်မရဲ့တစ်ကိုယ်ထဲအမြင်ကတော့ မြန်မာနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့နေရာမှာ ကြီးမားတဲ့ ပြဿနာတစ်ခုရှိတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ပြောဆိုဆက်သွယ်တဲ့အချိန်မှာ ရှင်းလင်းပြတ်သားတိကျမှုမရှိလို့ပါ။ အသေးစိတ်ကိုထည့်မပြောကြဘူးလေ။ အရာရာကို သေချာရှင်းလင်းအောင်မလုပ်… သေချာအောင်မလုပ်ကြဘူးလေ။ ယူဆချက်တွေများစွာနဲ့ပဲ အလုပ်လုပ်ကြတယ်။ တစ်ဖက်မှာတော့ ဆက်သွယ်ပြောဆိုရာမှာအရမ်းအပြောလွန်ပြီး တစ်ခြားလူကိုရှုပ်ထွေးမှုတွေဖြစ်စေတတ်တယ်။ အဖွဲ့သားတွေအကုန် တစ်နေရာတည်း ရောက်နေစေချင်ရင်တော့ ဒီပြောဆိုဆက်သွယ်မှုဆိုတဲ့ communication ကိုလေ့လာသင်ယူတတ်မြောက်ရမှာကတော့ အဓိကပါပဲ။ ၃။ ကျွန်မ SoyAi ဆိုတဲ့ လုပ်ငန်းစစချင်းတုန်းက ပြဿနာတွေအများကြီးရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့သူတို့က အချင်းချင်းလုံးဝကို ပြောဆိုဆက်သွယ်မှု မလုပ်ကြဘူး၊ အချင်းချင်းသူငယ်ချင်းတွေဖြစ်တော့ ပြောဖို့ဆိုဖို့အားနာကြတယ်လေ… ဒီတိုင်းဘာမှမပြောဘဲနေကြတယ်။ အဲ့တော့အဖွဲ့က ရင်းနှီးမှုတွေလည်းမရှိတော့ဘူးပေါ့။ တကယ်တမ်းပြောရင် သူတို့အတူတူနေခဲ့တာတောင်မှ စိတ်ချင်းကတော့ အဝေးကြီးဆိုသလိုဖြစ်ခဲ့ပါတယ်။ အသင်းအဖွဲ့ team ဆိုတာဘယ်လိုမျိုးလဲ? “You start as a team, you die as a team.” အသင်းအဖွဲ့အနေနဲ့စခဲ့ရင် အသင်းအဖွဲ့အနေနဲ့ပဲ ကုန်ဆုံးရမယ်တဲ့။ တစ်ဦးနဲ့တစ်ဦး လေးစားမှု၊ ကောင်းမွန်ပွင့်လင်းစွာပြောဆိုဆက်ဆံမှု နဲ့မျှဝေမှုတွေဟာ အသင်းအဖွဲ့တိုင်းရဲ့ တိုးတက်ကြီးထွားမှု အခြေခံအုတ်မြစ်တွေကို တည်ဆောက်ဖို့မရှိမဖြစ်လိုအပ်တာတွေပါပဲ။ There is no “I” in TEAM. အသင်းအဖွဲ့မှာ “I” (ငါ) ဆိုတဲ့ စကားလုံးမရှိပါဘူး။ အဖွဲ့လိုက် (We) ဆိုတာပဲရှိပါတယ်။ အဖွဲ့လိုက် တိုးတက်ကြီးထွားတယ်… အဖွဲ့လိုက်အောင်မြင်မှုတွေရယူတယ်…အဖွဲ့လိုက် ရင့်ကျက်တယ်… ကျွန်မတို့ရဲ့အသင်းအဖွဲ့တွေမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု ဓလေ့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အဖွဲ့မှာတင် မဟုတ်ပါဘူး… ကျွန်မတို့နေ့စဉ်ပြုမူနေထိုင်မှုတိုင်းမှာပါ ကျင့်သုံးသင့်ပါတယ်။  ဒါကတော့ Eileen မျှဝေပေးသွားတဲ့ အပြန်အလှန် လေးစားမှုအကြောင်းပဲ ဖြစ်ပါတယ်။ သင်တို့ရော ဘယ်လိုမျိုး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုထားကြလဲဆိုတာ အတွေ့အကြုံလေးတွေရှိရင် မျှဝေခဲ့ကြဦးနော်… ...

By:Kawi 05/08/2019
ကျွန်တော်တို့ လက်ရှိစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေဟာ နောင်တစ်ချိန်မှာကွျွန်တော််တို့ဆီပြန်ရောက်လာမယ်ဆိုရင်… In:Inspiration/Aspiration/Motivation, Kawi Inspires
1 2 0

ကျွန်တော်တို့ ပလတ်စတစ်တွေအသုံးပြုတာ ဘယ်လောက်တောင်များနေခဲ့လဲဆိုတော့ နောင်အနှစ် (၃၀) လောက်ကြာရင် ၂၀၅၀ ခုနှစ်လောက်မှာ ကျွန်တော်တို့ ပင်လယ်ထဲကို စွန့်ပစ်တဲ့ ပလတ်စတစ် ပမာဏက ပင်လယ်ထဲက ငါးတွေရဲ့ ပမာဏထက်တောင် ပိုများလာနိုင်ခြေရှိပါတယ်တဲ့။ ဒီလိုမျိုး ငါးတွေနေရာမှာ စွန့်ပစ်ပလတ်စတစ်တွေ အစားထိုးဝင်လာသလိုမျိုး တကယ်လို့ ကျွန်တော်တို့ စားသုံးနေ၊ အသုံးပြုနေတဲ့ အရာတွေအားလုံးမှာ စွန့်ပစ်ပလတ်စတစ်တွေ အစားထိုးဝင်ရောက်လာမယ်ဆိုရင်… ကျွန်တော်တို့ ဘယ်လောက်တောင် ပလစ်စတစ်ပစ္စည်းတွေ အသုံးပြုနေမိပြီလဲ??? ...

By:Kawi 24/07/2019
သင်တစ်ယောက်ယောက်ကို ခွင့်မလွှတ်နိုင်သေးရင် ဒါကိုဖတ်ကြည့်လိုက်ပါ။ In:Inspiration/Aspiration/Motivation, Kawi Inspires
1 2 0

ခွင့်လွှတ်ခြင်း ဆိုတာကို သင်တို့ဘယ်လို ခံယူထားပါသလဲ? ဒီမေးခွန်းကို မမေးခင် သင်ခွင့်လွှတ်ဖူးပါသလား? ဒါမှမဟုတ် သင်တစ်ယောက်ယောက်ကိုခွင့်လွှတ်ဖို့ ကြိုးစားဖူးပါသလား? လို့အရင်မေးရပါမယ်။  ကျွန်တော်တို့တွေ ခွင့်လွှတ်ဖူးကြလား? ကျွန်တော်ကတော့ ခွင့်လွှတ်ဖူးတယ်… ချိန်းထားတာကို နောက်ကျပြီးရောက်လာတဲ့သူငယ်ချင်း၊ မျက်နှာများတဲ့ချစ်သူ၊ နောက်အိမ်ထောင်နဲ့ ပျော်နေတဲ့ အဖေ စသဖြင့်ပေါ့။ တချို့ကို ကျွန်တော်ခွင့်လွှတ် လိုက်တာက သူတို့တောင်းပန်လို့၊ တချို့ကိုကျတော့ သူတို့အပြစ်က သိပ်မကြီးလို့၊ တချို့လူတွေကျတော့ သူတို့တောင်မသိဘဲ ကျွန်တော့်ဘာသာကျွန်တော် ခွင့်လွှတ်ပေးလိုက်တာမျိုးပေါ့။ ဥပမာပြောရရင် – စပ်စုတာကို ကွျွန်တော်မုန်းပေမယ့် ခဏခဏ မေးမြန်းတတ်တဲ့သူ တစ်ယောက်ကို ကျွန်တော် ပြန်ဖြေပေးနေရသလိုပေါ့။ ဘာလို့လဲဆိုတော့ အဲဒီလူက ကျွန်တော့်အတွက်အရေးပါလို့ပါ။ တချို့လူတွေကိုကျတော့ ကျွန်တော့်ဘဝထဲမှာ ဆက်ရှိနေစေချင်တဲ့အတွက် ကျွန်တော်သူတို့ကို မမုန်းရက်တဲ့အတွက်ပေ့ါ၊ တစ်ခါတလေကျတော့လည်း အဲဒီလူကို ကိုယ်ချင်းစာဖြစ်ရင် ဖြစ်စေ ကျွန်တော်ကိုယ်တိုင် အမုန်းတွေမသိ်မ်းထားချင်တော့ရင်ဖြစ်စေ ခွင့်လွှတ်လိုက်ပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာဘာလဲ? သေချာတာတစ်ခုကတော့ ခွင့်လွှတ်တယ်ဆိုတာ ကိုယ်ခံစားခဲ့တာတွေကို မေ့ပစ်လိုက်တာမျိုးမဟုတ်ပါဘူး၊ အမှန်တရားတွေကနေ ရှောင်ပြေးတာလည်း မဟုတ်သလို အရှုံးပေးလိုက်တာလည်းမဟုတ်ပါဘူး။ တစ်ဖက်လူကို အနို်င်ပေးလိုက်တာမျိုး မဟုတ်သလို ကိုယ် မနာကျင်ခဲ့ရဘူးလို့ ကိုယ့်ကိုကိုယ် ပြန်ညာတာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်တော်ဖတ်ဖူးတဲ့ခွင့်လွှတ်ခြင်းဆိုတာတွေက… ၁။  အမုန်းတရားတွေကို လွှတ်ချလိုက်တယ်၊ မနာကျည်းတော့ဘူး။ ၂။ လက်တုန့်ပြန်ဖို့စွန့်လွှတ်လိုက်တယ်။ ၃။ ကိုယ့်ကို နာကျင်စေခဲ့တဲ့သူကို ပြန်နာကျင်ခံစားရတာမျိုး မမြင်ချင်တော့ဘူး။ ၄။ ကိုယ့် နာကျင်မှုတွေကို ထပ်ခါ တလဲလဲ ပြန်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ၅။ လက်ရှိကာလကို အကောင်းဆုံးနေထိုင်တယ်၊ အတိတ်ကို ပြန်မစဉ်းစားတော့ဘူး။ ၆။ ကိုယ့်စိတ်နဲ့ ကိုယ် ငြိမ်းချမ်းမှု ပြန်ယူတယ်။ ၇။ အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်လာတယ်။ ၈။ နာကျင်ခဲ့ရတဲ့ ကိစ္စတစ်ခုလုံးကို လျစ်လျူရှုနိုင်လာတယ်။  ၉။ ကိုယ် မပြောင်းလဲနိုင်တဲ့ကိစ္စတစ်ခုကို ပြောင်းလဲဖို့မကြိုးစားတော့ဘူး။ ကို်ယ့်စိတ်ကို ကိုယ်ပြင်လိုက်တယ်။ ၁၀။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့အရာတွေအပေါ် အရင်ကလောက် လိုက်မခံစားတော့ဘူး။  ၁၁။ ဘာကိုမှမမျှော်လင့်တော့ဘူး။ စာကြောင်းတစ်ခုကို ကျွန်တော်ဖတ်မိတဲ့အချိန်မှာ ခွင့်လွှတ်ခြင်းကို ကျွန်တော် ပိုနားလည်သွားပါတယ်။ ဘယ်သူတွေကို ခွင့်လွှတ်တယ်လို့ ကျွန်တော် တောက်လျှောက်ရေးခဲ့တယ်။ တကယ်တော့ “ခွင့်လွှတ်ခြင်းဆိုတာ အကျဉ်းသားတစ်ယောက်ကို လွှတ်ပေးလိုက်ပြီးမှ အဲဒီအကျဉ်းသားက ကိုယ်ကိုယ်တိုင်ဖြစ်နေခဲ့မှန်းသိလာရတာပါ” တဲ့။ ကျွန်တော်ကို်ယ်တိုင် ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးဖို့ခက်ခဲနေတုန်းပါ။ ဒါပေမယ့် အမှန်တကယ်ခွင့်လွှတ်နိုင်လာလေလေ ကျွန်တော် ပိုလွတ်လပ်လာလေလေပါပဲ။ ခင်ဗျားတို့အတွက်ရော ခွင့်လွှတ်ခြင်းဆိုတာဘယ်လိုများလဲ? တကယ်ရော ခွင့်လွှတ်နိုင်ပြီလား?  -Remy “To forgive is to set a prisoner free and discover that the prisoner was you.” – Lewis B. Smedes – ...

By:Kawi 22/07/2019
Back to Top