Loading...

Home Kawi Eats Kawi Inspires
ချက်ချင်းကျင့်သုံးလို့ရမယ့် ပလတ်စတစ်လျှော့ချနည်းများ In:Kawi Inspires, Life Hacks
0 4 0

ပလတ်စတစ်တွေကို လျှော့ချဖို့အားလုံးက တိုက်တွန်းနေချိန်မှာ ပြောရတာတော့ လွယ်ပါတယ်။ 6R လိုမျိုး Reduce (လျှော့သုံးပါ)၊ Reuse (ပြန်သုံးပါ)၊ Refuse (ပလတ်စတစ်တွေကို ငြင်းပါ)၊ Remove (စနစ်တကျ ဖယ်ရှားပါ) စသဖြင့် ပြောထားတာတွေကို သေချာလိုက်နာနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က အစပိုင်းမှာဒီလောက်ထိလိုက်မနာနိုင်သေးဘူး ဆိုရင်တောင် ဒီပစ္စည်းလေးတွေ ရှိနေရင် တစ်ဖက်တစ်လမ်းကနေ ပလတ်စတစ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရေဘူး ပလတ်စတစ် ရေသန့်ဘူးခွံတွေဟာ ပလတ်စတစ်အမှိုက်တွေထဲမှာ ရာခိုင်နှုန်းတော်တော်များများ ပါဝင်ပါတယ်။ ပြန်ဖြည့်လို့ရတဲ့ ရေသန့််ဘူးကောင်းကောင်းလေး တစ်ဘူးအမြဲရှိနေရင် ရေလည်းပိုသောက်ဖြစ်မှာဖြစ်သလို စတိုင်ကျကျနဲ့ ပလတ်စတစ်ရေသန့်ဘူးခွံတွေကို လျှော့ချနိုင်ပါပြီ။  ပြန်သုံးလို့ရမယ့် အိတ် ပလတ်စတစ်အိတ်တွေအစား ပြန်သုံးလို့ရမယ့် အိတ်လေးတွေသုံးလိုက်ရင် စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ အများကြီးလျှော့လို့ရမှာပါ။ သပ်သပ်သွားပြီး ဝယ်နေစရာမလိုပါဘူး။ ဝယ်နေကျ City Mart တို့ဘာတို့သွားရင် ပြန်သုံးလို့ရတဲ့အိတ်လေးနဲ့ထည့်ခိုင်းလိုက်ပါ။ အိမ်ရောက်လို့ပစ္စည်းတွေသူနေရာနဲ့သူ ထုတ်ပြီးပြီဆိုရင် ထည့်လာတဲ့အိတ်လေးကို သေချာခေါက်ပြီး လွယ်အိတ်ထဲထည့်ထားရုံပါပဲ။ နေရာလည်းအများကြီးယူတာမဟုတ်ပါဘူး။  ထမင်းချိုင့် ကိုယ့်ဘာသာချက်ပြီး ထမင်းချိုင့်သယ်တာအကောင်းဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါ။ တကယ်လို့ ကိုယ်အပြင်ကဝယ်စားချင်တာရှိတဲ့ဆိုရင်လည်း ထမင်းချိုင့်လေးထဲထည့်လာရင် ပလတ်စတစ်တွေကို လျှော့ချနိုင်ပြီပေါ့။  သင့်ရဲ့စိတ် နောက်ဆုံးတစ်ခုကတော့ လွယ်အိတ်ထဲတင်မဟုတ်ပဲ သင်မှာအမြဲရှိရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာကြီးကို တဖြည်းဖြည်း ဒုက္ခပေးလာနေတဲ့ ပလတ်စတစ်တွေကို လျှော့သုံးရမယ်ဆိုတဲ့စိတ်လေး သင့်မှာရှိဖို့လိုပါတယ်။ ဒီစိတ်လေးမရှိဘူးဆိုရင်တော့ အပေါ်ကဟာတွေလည်း လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ...

By:Kawi 04/10/2019
ကိုယ်ရဲ့အဆင်မပြေမှုတွေကို သူများကိုမကူးစက်စေချင်ပါနဲ့… In:Kawi Inspires, Life Hacks
2 8 1

ကျွန်တော်တို့အားလုံးမှာ အဆင်ပြေတဲ့နေ့ရက်တွေရှိသလို အဆင်မပြေတဲ့ နေရက်တွေလည်း ကြုံတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နေ့တိုင်းသဘောမကောင်းနိုင်ကြပါဘူး။ ကျွန်တော်တို့အဆင်မပြေဖြစ်နေတဲ့အချိန်တွေ နေ့ရက်တွေမှာ ကျွန်တော်တို့အမူအရာတွေက သူတစ်ပါးကိုလည်း အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်ပေါ့ဗျာ။  ဘိုင်ပျက်နေတဲ့လမှာမှ ကိုယ့်ရဲ့ ဖုန်းလေးကျကွဲသွားလို့ စိတ်ပျက်နေရတဲ့အထဲ သူငယ်ချင်းက သူ့ရဲ့ဖုန်းအသစ်ကိုလာကြွားနေတာကို ဘယ်လိုဝမ်းသာပြနိုင်မှာလဲ? သူ့ဖုန်းမကောင်းတဲ့အကြောင်းတောင် ပြောမိရင် ပြောမိပါဦးမယ်။ အမှန်ဆိုရင် ကိုယ့်ဖုန်းကျကွဲသွားတာ သူနဲ့ဘာမှမဆိုင်ပါဘူး။  ဖုန်းကျကွဲတာထက် ဆိုးရွားတဲ့ အဖြစ်တွေ၊  အဆင်မပြေတဲ့ နေရက်တွေကို ကြုံတွေ့ရတဲ့အခါ မသက်ဆိုင်သူတွေဆီ ပုံချမိတတ်ပါတယ်။ ဒီအခါကိုယ့်ရဲ့ အဆင်မပြေမှုတွေက သူတစ်ပါးကိုပါကူးစက်သွားတတ်ပါတယ်။  ဒီလိုအဖြစ်တွေကို အတတ်နို်င်ဆုံးလျှော့ချနိုင်ဖို့ အောက်ကအချက်လေးတွေကို လိုက်နာလိုက်ပါ။  ၁။ ကိုယ်အဆင်မပြေတဲ့အချိန် အရာရာတိုင်းကို ပြဿနာမလုပ်ပါနဲ့။  ကိုယ်အဆင်မပြေတိုင်း တခြားသူတွေကိုပါ အဆင်မပြေဖြစ်အောင်မလုပ်ချင်ပါနဲ့။ တခြားသူတွေရဲ့ အဆင်ပြေနေတဲ့နေ့ရက်လေးတွေကို ကိုယ်အဆင်မပြေတိုင်း ကိုယ့်ရဲ့ပြဿနာတွေနဲ့ မဖျက်ဆီးလိုက်ပါနဲ့။  ၂။ တခြားသူတွေရဲ့ အောင်မြင်မှုကို ဝမ်းသာပေးလိုက်ပါ။  ကိုယ့်ဘေးကလူတွေ အဆင်ပြေသွားတာ၊ ရာထူးတိုးသွားတာကိုကြည့်ပြီး ဝမ်းသာပေးလိုက်ပါ။ မနာလိုဖြစ်မယ့်အစား သူတို့လိုဖြစ်အောင် ကြိုးစားရတော့မယ်လို့ တွေးလိုက်ပါ။  ၃။ မကောင်းမြင်တဲ့ စကားဝိုင်းတွေကို ရှောင်ပါ။ သင်မကောင်းမြင်တတ်လာ၊ မကောင်းပြောတတ်လာတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက မကောင်းမြင်တတ်တဲ့ စကားဝိုင်းတွေ၊ လူတွေကြားမှာ ရှိနေလို့ပါ။  ၄။ ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်အောင် ဖြည်းဖြည်းချင်းလေ့ကျင့်ပါ။  အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေကို တွေးနေမယ့်အစား ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်လာအောင် လေ့ကျင့်ပါ။  ၅။ လူတွေမကောင်းကြောင်းပဲပြောနေတဲ့ အကောင့်တွေကို unfollow လုပ်ထားပါ။   အပေါ်မှာပြောခဲ့သလို မကောင်းမြင်တတ်သူတွေက ကိုယ့်ကို မကောင်းပဲမြင်စေတတ်ပါတယ်။ Social Media တွေမှာပါ unfollow လုပ်ထားပါ။  ၆။ အမြဲတမ်းမှန်ဖို့ မကြိုစားပါနဲ့။  တချို့အမှန်တရားတွေက မှန်တယ်ဆိုပေမယ့် သူများအတွက်လည်း အကျိုးမရှိသလို၊ ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူး။ တစ်ခါတလေ မှားနေပေမယ့် သူ့အတွက်လည်းအကျိုးရှိသွားစေမယ် ကိုယ့်အတွက်လည်း အကျိုးရှိသွားစေမယ်ဆိုရင် တန်ပါတယ်။  ၇။ မလိုအပ်ဘဲ အာရုံစိုက်မခံချင်ပါနဲ့။ လူတွေရဲ့ အာရုံစိုက်မှုကို ခံယူရတာကောင်းပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ အတင်းလိုချင်နေရင်တော့ လူအမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။  ၈။ ကိုယ်ကြောင့် လူတစ်ယောက်ကိုထိခိုက်သွားစေတဲ့အခါ တောင်းပန်ပါ။  တစ်ခါတလေ ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲဖြစ်ဖြစ် လူတချို့ကိုထိခိုက်အောင် လုပ်မိတတ်ကြပါတယ်။ လူတိုင်းအမှားနဲ့မကင်းဘူးလေ။ ဒါပေမယ့် တောင်းပန်ဖို့လိုပါတယ်။  ၉။ သူများအတင်း နောက်ကွယ်မှာပြောတတ်တာကို ဖျောက်လိုက်ပါ။  သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်ကိုလည်း အချိန်ကုန်စေမယ့် အရာကို မလုပ်ချင်ပါနဲ့။ ၁၀။ ကိုယ်ရဲ့ထင်မြင်ချက်နဲ့ တခြားသူရဲ့ဆုံးဖြတ်ချက်ကို မဝေဖန်ပါနဲ့။  ကိုယ့်ထင်မြင်ချက်က ကိုယ့်အတွက်မှန်ပေမယ့် သူ့အတွက်မှန်ချင်မှ မှန်မှာပါ။ အကြံပေးလို့ရပေမယ့် သူ့ဆုံးဖြတ်ချက်ကိုတော့ မဝေဖန်လိုက်ပါနဲ့။  ...

By:Kawi 04/09/2019
မီတာခကို ဘယ်လိုချွေတာမလဲ? In:Kawi Inspires, Life Hacks
0 2 0

အိမ်မှာမိတာခ ဘယ်လောက်ဖြစ်သွားပြီလဲ?? မီတာခတွေလည်းတိုးကောက်လိုက်ပြီ၊ တိုးကောက်ပြီးပြီဆိုတော့ မီးကလည်းမှန်လာတော့မယ်။ ဒီတော့ မီတာခက တက်ပြီးရင်းတက်လာတော့မယ်ပေါ့နော်။ အရမ်းလည်း စိတ်မပျက်ပါနဲ့။ ပြန်ပြီးပြောင်းလဲလို့မရတော့မယ့် အရာတစ်ခုကို ညည်းနေတာထက်စာရင် ဒီအချက်တွေကို သတိထားလိုက်ရင် အနည်းနဲ့အများတော့ မီတာခ သက်သာသွားပါလိမ့်မယ်။  ၁။ ပလပ်ပေါက်တွေကို မသုံးရင်ပိတ်ဖို့ သတိရပါ။ ကိုယ့်အိမ်မှာရှိတဲ့ လျှပ်စစ်ပလပ်ပေါက်နဲ့ extension ပလပ်ပေါက်တွေအကုန်လုံးကို မသုံးသေးတဲ့အခါတွေမှာ ပါ၀ါခလုတ်ပိတ်ထားဖို့မမေ့ပါနဲ့။ ဒီလျှပ်စစ်ပလပ်ပေါက်တွေက ပါ၀ါခလုတ်ဖွင့်ထားရင် ကိုယ်သုံးသုံး မသုံးသုံး လျှပ်စစ်စီးနေတာကြောင့် မီတာခတွေအလိုလိုတိုးနေပါလိမ့်မယ်။ ၂။ အပြင်သွားတော့မယ်ဆိုရင် သတိတရနဲ့ မိန်းချခဲ့ပါ။ မနက်အလုပ်သွားတာတို့၊ နေ့ခင်းနေ့လည်အပြင်သွားတဲ့အခါ အိမ်မှာဘယ်သူမှမရှိတဲ့အချိန်တွေမှာ ဖြစ်နိုင်ရင်မိန်းချခဲ့ကြပါ။ ဒီလိုမျိုးမိန်းချခဲ့တာက ကိုယ်အိမ်မှာမရှိတဲ့အချိန်တွေမှာ လျှပ်စစ်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ မီးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင် မီတာခအပိုတွေတက်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။ ၃။ မီတာခသက်သာအောင် အဲကွန်းကို ဒီလိုဖွင့်ပါ။  လူတွေတော်တော်များများက အပြင်ကနေပြန်လာပြီးပူလို့ အဲကွန်းတွေစဖွင့်ရင် ချက်ချင်း မြန်မြန်အေးအောင်လို့ နံပါတ် (၁၆) ကိုတန်းပြီးဖွင့်ထားတတ်ကြတယ်။ ဒီလိုမျိုးလုပ်တာက အဲကွန်းကိုပိုပြီးရုန်းစေရတဲ့အတွက် မီတာလည်းပိုပြီးစားစေပါတယ်။ အဲဒါကြောင့် အဲကွန်းဖွင့်တဲ့အခါမှာ အအေးဆုံးနံပါတ်ကိုချက်ချင်းမဖွင့်ဘဲ (၂၅) လောက်ကနေစဖွင့်ပြီးမှ (၂၃၊ ၂၀၊ ၁၈) စသဖြင့် တဖြည်းဖြည်းပြောင်းကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ၄။ မီးချောင်းတွေလျှော့ဖွင့်ကြည့်ပါ။ နေ့ခင်းနေ့လည်လိုမျိုး နေအလင်းရောင်ရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အိမ်ကမီးချောင်းတွေကို မလိုအပ်ရင်ပိတ်ထားလိုက်ပါ။ အဲဒီလိုပဲ ညဘက်အိပ်တော့မယ်ဆိုရင်လည်း မီးချောင်းတွေ၊ မီးလုံးတွေကို ပိတ်ပြီးအိပ်ကြည့်ပါ။ ဒီလိုမျိုး မီးချောင်းတွေကို မလိုအပ်ဘဲမသုံးတာက ကိုယ့်အိမ်ကမီးချောင်းတွေရဲ့ သက်တမ်းကိုပိုရှည်စေမှာဖြစ်ပြီး မီတာခကိုလည်းအနည်းနဲ့အများတော့ ချွေတာနိုင်ပါတယ်။ ၅။ ကိုယ့်ရဲ့အိမ်က TV တွေကို တစ်ချက်တစ်ချက်အနားပေးလိုက်ပါ။ TV တွေကလည်း မီတာစားတဲ့လျှပ်စစ်ပစ္စည်းတွေဆိုတာ မေ့မထားသင့်ပါဘူး။ TV တွေကိုမကြည့်ဘဲဖွင့်ထားတာတွေ၊ ကြည့်ပြီးပိတ်ဖို့မေ့နေတာတွေက ကိုယ့်အိမ်ကမီတာခတွေကို တက်စေတဲ့အဓိကအကြောင်းအရင်းတစ်ခုပါ။ အဲဒါကြောင့် မီတာခတွေအရမ်းမတက်ချင်ရင်တော့ ကိုယ့်အိမ်က TV တွေကို သတိတရနဲ့ ပိတ်ဖို့မမေ့ပါနဲ့။ ၆။ ရေလျှော့သုံးပြီး လျှပ်စစ်ချွေတာကြည့်ပါ။ အိမ်မှာမျက်နှာသစ်၊ သွားတိုက်တာကအစ ရေချိုးတာ၊ အဝတ်လျှော်တာ စတဲ့အချိန်တွေမှာ ကိုယ်မသုံးသေးဘဲနဲ့ ရေတွေဖွင့်ထားတာက ရေကုန်မြန်စေတဲ့အတွက် ရေခဏခဏပြန်တင်စေရပါတယ်။ အဲဒါကြောင့် ကိုယ်သတိမထားမိဘဲ ရေတွေဖွင့်ထားမိတာကို တတ်နိုင်သလောက်လျှော့ပြီး ရေမော်တာတွေကနေကုန်မယ့် မီတာခတွေကိုလျှော့ချနိုင်သလို၊ ရေအလေအလွင့်ဖြစ်မှာကိုလည်း လျော့ချပေးနိုင်ပါတယ်။ ၇။ သင်တစ်နေ့ကိုဖုန်းအား ဘယ်နှစ်ခါသွင်းမှာလဲ? နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ဖုန်းကနေ Facebook အကြာကြီးကြည့်တာ၊ ဂိမ်းအရမ်းဆော့တာတွေက ဖုန်းအားကုန်မြန်စေပြီး ခဏခဏပြန်ပြန်အားသွင်းရတာတွေ ဖြစ်စေမှာပါ။ ဒီလိုမျိုး ခဏခဏပြန်ပြီးဖုန်းအားသွင်းရတာတွေကလည်း မီတာခတက်စေတဲ့အထဲ အနည်းနဲ့အများတော့ပါ၀င်နေပါတယ်။ အဲဒါကြောင့် ဖုန်းသုံးတာလေးနည်းနည်းလောက်လျှော့ပြီး မီတာခကိုချွေတာကြည့်ကြည့်လိုက်ပါ။   -Na Na (2.9.2019) ...

By:Kawi 02/09/2019
ဘာလို့ မိန်းကလေးတွေဘက်က အရင်ဖွင့်ပြောလေ့မရှိကြတာလဲ? In:Kawi Inspires, Life Hacks
1 5 1

“ဗိုင်းကောင်းကျောက်ဖိ” နေရမယ်တဲ့။ ရှေးလူကြီးတွေက မိန်းကလေးတွေကို ဆုံးမလေ့ရှိကြတယ်။ ဆိုလိုတာကတော့ ပိပိရိရိနဲ့ အိန္ဒြေရရ နေရမယ်ပေါ့။ ဟိုးအရင်ကဆိုရင် မိန်းကလေးတွေ အပြင်မထွက်ရဘူး၊ ယောကျ်ားလေးဘက်က ချစ်ရေးဆိုတာတောင် သုံးနှစ်၊ သုံးမိုးစဉ်းစားရမယ်တဲ့။ ဒါတွေ ဒီလောက်တော့ အခုခေတ်ကြီးထဲမှာ မရှိတော့ဘူးဆိုပေမယ့် ယောကျ်ားလေးဘက်ကပဲ ဖွင့်ပြောမှရမယ်ဆိုတဲ့ အယူတွေရှိနေပါသေးတယ်။ မိန်းကလေးတွေဘက် ဖွင့်ပြောခွင့်မရှိဘူးရယ်လို့မဟုတ်ပေမယ့် ဘယ်သူမှသိပ်ပြီး ပြောလေ့မရှိကြပါဘူး။ ယောကျ်ားလေးဘက်က ဖွင့်ပြောလာမှာကိုပဲ စောင့်လေ့ရှိကြပါတယ်။ ဒါဆို ဘာလို့လဲ?  မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်အနေနဲ့ပဲ ကြည့်မယ်ဆိုရင် လူတစ်ယောက်က ကိုယ်ချစ်ရတဲ့လူကို ရွေးချယ်ပိုင်ခွင့်မရှိဘူး။ လာပြီး အချစ်ရေးဆိုတဲ့လူတွေထဲက အဆင်ပြေတဲ့လူကိုပဲ ရွေးချယ်ရမယ်။ မိဘက ရွေးချယ်ပေးတဲ့ လူကိုရွေးချယ်ရမယ် (အခုတော့ ဒီလိုတွေသိပ်မရှိတော့ပါဘူး)။ တကယ်လို့ ကိုယ့်ကို ချစ်ရေးဆိုလာတဲ့သူ၊ မိဘတွေရွေးချယ်ပေးသူက ကိုယ်မချစ်တဲ့လူဖြစ်နေခဲ့ရင်ရော၊ ဒါ့အပြင်ကို အဲဒီလူက ကိုယ်နဲ့အဆင်မပြေတဲ့လူ၊ ကိုယ့်ကို ဒုက္ခပေးမယ့်လူ ဖြစ်နေခဲ့ရင်ရော ဘယ်သူ တာဝန်ယူမှာလဲ??? ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ ဘဝတစ်ခုလုံးပါ။   မိန်းကလေးဘက်က သူ့ရဲ့ခံစားချက်ကို စတင်ဖွင့်ပြောတာနဲ့ လူတော်တော်များများက ဒီမိန်းကလေး ဘယ်လိုမိန်းကလေးလဲ၊ အိန္ဒြေမရှိလိုက်တာ၊ အတင့်ရဲလိုက်တာဆိုတဲ့ အကြည့်တွေဖြစ်လာပါတယ်။ ဒါဆို ယောကျ်ားလေးဘက်က စပြောတာကျတော့ ဘာမှမဖြစ်ပြန်ပါဘူး။ အမှန်ဆိုရင် မိန်းကလေးတွေမှာလည်း သူတို့ခံစားချက်ရှိတယ်။ ဖွင့်ပြောပိုင်ခွင့်ရှိတယ်။ ခံစားချက်ကို ဖွင့်ပြောတာနဲ့ သူများတွေထင်သလို မိန်းကလေးတန်ပေမယ့် ရှုပ်ပွေတာ၊ သစ္စာမရှိတာနဲ့ မတူပါဘူး (လူတိုင်းကို လိုက်ပြီးဖွင့်ပြောနေတာ မဟုတ်ဘူးလေ)။ ဖွင့်ပြောလိုက်လို့ တခြားတစ်ဖက်က လက်ခံတာ၊ လက်မခံတာ၊ ငြင်းတာ၊ မငြင်းတာက တစ်ပိုင်းပါ။ သူတို့ဘက်က ခံစားချက်ကို ဖွင့်ပြောတဲ့အခါ အထင်သေးတဲ့ မျက်လုံးတွေ၊ “မင်းလို အိနြေ္̔ဒမရှိတဲ့ မိန်းကလေးကို စိတ်မဝင်စားဘူး” ဆိုတဲ့ အမူအရာတွေ ကြောင့်သာ မိန်းကလေးတွေအနေနဲ့ ဖွင့်မပြောဘဲ ခံစားချက်တွေကို သိမ်းဆည်းထားရင်း လမ်းမှားတွေရောက်သွားတာ၊ ကိုယ်မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းရတာတွေ ဖြစ်လာတာပါ။ တစ်ချိန်က ပညာရေး၊ အတတ်ပညာ၊ အသိပညာ မထွန်းကားတဲ့ အရင်ခတ်မှာ မိန်းကလေးတွေရဲ့ တန်ဖိုးက အိမ်မှုကိစ္စနိုင်နင်းတာ၊ အိမ်ထဲက အိမ်ပြင်မထွက်တာ၊ သုံးနှစ်သုံးမိုး အချိန်ယူစဉ်းစားတာ စတဲ့ တည်ကြည်မှုတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခုခေတ်မှာတော့ မိန်းကလေးတွေရဲ့ တန်ဖိုး၊ တည်ကြည်မှုက အသိပညာ၊ အတတ်ပညာ၊ အကျင့်စာရိတ္တနဲ့ ထက်မြက်တာ၊ စိတ်ဓာတ်ခို်င်မာတာတွေ ပါလာပါပြီ။ တစ်နည်းအားဖြင့် ယောကျ်ားလေးတွေနဲ့ ရင်ဘောင်တန်းလာနိုင်တဲ့ခေတ်မှာ မိန်းကလေးတွေဘက်က စတင်ဖွင့်ပြောလာတဲ့ ခံစားချက်တွေကိုလည်း အလေးထားပေးသင့်လာပါပြီ။ အနည်းဆုံး ကိုယ်ကငြင်းမယ်ဆိုရင်တော့ လေးစားသမှုရှိတဲ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောပြပြီး ငြင်းလိုက်ပါ။ အထင်အမြင်သေးတဲ့ မျက်လုံးတွေ၊ အမူအရာတွေနဲ့ မငြင်းလိုက်ပါနဲ့။ ဒါက မိန်းကလေးတွေအတွက် အငြင်းခံရတာထက် နာကျင်ရစေမှာ ဖြစ်ပါတယ်။  -ဥဿာ ...

By:Kawi 30/08/2019
“စကားနည်းရန်စဲဆိုပြီး ငြိ်မ်ခံနေတော့မှာလား” In:Kawi Inspires, Life Hacks
0 0 0

ကြုံဖူးကြလား။ ထစ်ခနဲရှိလေသံမာမယ်ဆိုတဲ့သူတွေ။  ဒေါသကတော့ လူတိုင်းထွက်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်လေသံနဲ့ပြောလည်းရတဲ့ကိစ္စတွေမှာ လေသံမာမာနဲ့ပြောတတ်တဲ့သူတွေကို ဘယ်လိုဆက်ဆံကြမလဲ။ ပြန်အော်မှာလား? အမြဲပဲသည်းခံနေမှာလား?  တကယ်ကတော့ ကိုယ့်ဘက်ကချည်းအလျှော့ပေးနေတာ နည်းလမ်းမှန်မဟုတ်ပါဘူး။ လိုတာထက်ပိုပြီးဒေါသထွက်ပြတတ်ကြသူတွေကို ဘယ်လိုတုန့်ပြန်မလဲမပြောခင် သူတို့ဘာလို့ဒီလိုဖြစ်နေလဲဆိုတာ အရင်သိဖို့လိုပါတယ်။  လူတွေဘာလို့မလိုအပ်ပဲအော်ပြောကြလဲ??? တချို့က စိတ်ထွက်ပေါက်အနေနဲ့ အော်ပြောကြတယ်။ ဒါဟာတစ်နည်းအားဖြင့်သူတို့ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း အားနည်းတာကိုပြတာပါ။ တစ်နည်းအားဖြင့် စိတ်ရှုပ်လာတဲ့အချိန် အော်ပြောလိုက်ရင် စိတ်ပြေသွားတတ်ကြပါတယ်။ တချို့ကထိန်းချုပ်နိုင်စွမ်းအားနည်းလို့အော်ကြတာဖြစ်တယ်။ သူတို့ကတော့ စိတ်ခံစားချက်ပြင်းထန်တတ်ကြပြီး သိပ်ပြီးထိန်းချုပ်တတ်ကြတဲ့သူတွေမဟုတ်ပါဘူး။ လူရှေ့မရှောင်အော်တတ်ကြပြီး တော်ရုံဖျောင်းဖျမှုမျိုးကို လက်သင့်မခံတတ်ကြပါဘူး။ တချို့က သူတို့ကိုအာရုံစိုက်လာအောင်လို့ လေသံမာတတ်ကြတာပါ။ ကောင်းကောင်းမွန်မွန်ပြောနေရင်းကပဲ ရုတ်တရက်လေသံမြှင့်လိုက်တဲ့သူတွေကို တွေ့ဖူးတယ်မလား။ လူတွေကသူတို့ဆီကို တခြားသူတွေရဲ့အာရုံရောက်စေချင်ရင် လေသံမြှင့်လိုက်ခြင်းအားဖြင့်သူတို့ ပြောချင်တာကိုဆက်ပြောတတ်ကြပါတယ်။ တချို့က သင့်ကိုခြိမ်းခြောက်ချင်လို့အော်တတ်ကြတယ်။ လူအများစုက အော်ကြီးဟစ်ကျယ်ပြောရမှာ ရှက်တတ်ကြတယ်လေ။ ပြဿနာဖြစ်မှာကို ရှောင်ချင်ကြတယ်။ တချို့သူတွေက သူတို့ကအရင်စအော်လိုက်ခြင်းအားဖြင့် တစ်ဖက်လူကို သူတို့စိတ်ဆိုးနေပြီ ဆိုတာပြသတတ်ပါတယ်။ များသောအားဖြင့်ရန်ပြိုင်မဖြစ်ချင်တဲ့သူက အလျှော့ပေးတာမျိုးကို ခံချင်ကြလို့ပါ။ တချို့က သူတို့သင့်ကိုအနိုင်ရကြောင်းပြချင်ကြတယ်။ အများအမြင်မှာ အာဏာပြချင်တဲ့သူတွေကတော့ လူတစ်ဖက်သားကို မလိုအပ်ဘဲအော်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်သူတို့ကို တစ်ဖက်လူကကြောက်ရတယ်လို့ထင်သွားစေချင်တယ်လေ။ တချို့သူတွေက သူများဆီကအကျင့်ကူးလာတာပါ။ တစ်စိတ်ရှိအော်ဖို့ပဲ စဉ်းစားနေသူတွေရဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် ငယ်ဘဝမှာ သူတို့နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ ဒေါသကြီးသူတွေနဲ့ ပတ်သက်ဖူးကြပါတယ်။ အထူးသဖြင့်ကလေးတွေမှာပိုသိသာပါတယ်။ အမြဲဆူတတ် ဒေါသထွက်ပြတတ်တဲ့မိဘတွေနဲ့ နေခဲ့ရတဲ့ကလေးတွေဟာ သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း ဒေါသကြီးသူတွေ ဖြစ်လာတတ်ပါတယ်။ တချို့သူတွေက သူတို့အားနည်းတာကို ဖုုံးကွယ်ချင်လို့အော်ပြတတ်ကြတာပါ။ ကြောက်ကန် ကန်ပြီးအော်တာ၊ သူတို့ကလည်းမှားသေးတယ် သူတို့ကပဲအော်နေတယ်ဆိုတဲ့သူတွေဟာ ကိုယ့်အမှားကိုသူများအမှားအဖြစ် ထင်ရအောင်အရင်စပြီး လေသံမာတတ်ကြပါတယ်။ တကယ်ကတော့သူတို့ဟာ ကိုယ့်အမှားကို ဝန်ခံဖို့သတ္တိနည်းသူတွေဖြစ်နေတတ်ပါတယ်။  ဒီလိုလူမျိုးတွေနဲ့မလွှဲမရှောင်သာပတ်သက်နေရပြီဆိုရင်ဘယ်လိုတုန့်ပြန်ကြမလဲ??? အကောင်းဆုံးကတော့ သူတို့ကိုခဏလွှတ်ထားလိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း ခေါင်းအေးအေးထားပြီး ပြဿနာအရင်းခံကိုစဉ်းစားပါ။ တစ်ဖက်လူရဲ့ ဒေါသကြောင့် သင့်စိတ်ကို အနှောင့်အယှက်အဖြစ်မခံပါနဲ့။ သင်သိထားရမှာက သူတို့နဲ့ပြိုင်မငြင်းရင်ရပါပြီ။ သူတို့မှန်တယ်လို့တော့ မထောက်ခံပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့တကယ်မှန်တယ်ထင်သွားနိုင်ပါတယ်။ နောက်ပြီးသူတို့ဒီလိုအော်တာနဲ့ သင်အလျှော့ပေးပြီလို့ ယူဆသွားနိုင်လို့ပါ။ သူတို့ဒီလိုလေသံနဲ့မပြောသင့်ကြောင်း၊ ကောင်းကောင်းမွန်မွန်ဖြေရှင်းသင့်ကြောင်းပြောပါ။ မရရင်တော့ ခဏရှောင်နေလိုက်ပါ။ သွေးအေးသွားတဲ့အချိန်မှအေးအေးဆေးဆေးပြန်ဆွေးနွေးပါ။ သေချာတာတစ်ခုကတော့ သူတို့လိုလိုက်မအော်ပါနဲ့။ ကျွန်တော်ဆိုရင် ကျွန်တော့်အဖေနဲ့ အရင်ကအမြဲပြဿနာတက်တယ်။ သူတစ်ခုခုအလိုမကျရင် သူကလူကြားထဲမရှောင် အော်ပါတယ်။ လူငယ်ဘဝတုန်းကတော့ ကျွန်တော်တော်တော်ရှက်ပါတယ်။ သူအော်တာနဲ့ကျွန်တော်စိတ်ညစ်ပြီး အလျှော့ပေးလိုက်တာများတယ်။ တကယ်က ကျွန်တော်ကျေနပ်လို့ငြိမ်နေတာမဟုတ်တဲ့အတွက် ပြဿနာကပြီးသွားတယ်ထင်ရပေမယ့် ကျွန်တော်မကျေနပ်ပါဘူး။ နောက်တော့ဒါဟာ တကယ်အလုပ်မဖြစ်မှန်းသိလာတဲ့အခါမှာ ကျွန်တော်တတ်နိုင်သလောက် ပြန်ရှင်းပြဖြစ်ပါတယ်။ ဒေါသကြီးမြဲပေမယ့် သူကျွန်တော့်ဘက်ကို နားလည်တတ်လာတယ်။ ဒါပေမယ့်သူစိတ်ဆိုးတုန်းပြောတဲ့ စကားတွေကကျွန်တော့်ကို ခုထိနာကျင်စေဆဲပါ။ ကျွန်တော်ပြောချင်တာကတော့ သင်ဟာ ဒေါသထွက်လွယ်သူတစ်ယောက်ဆိုရင် ဒါသင့်အတွက်အော်ပြောနေကျဆိုပေမယ့် တစ်ဖက်လူအတွက်တော့ စိတ်နာစရာဖြစ်သွားနိုင်ပါတယ်။ နောက်ပြီးအပြောခံရသူတွေအနေနဲ့လည်း ရန်မဖြစ်ရပြီးရောဆိုပြီးလက်ခံလိုက်တာထက် အခြေအနေအေးအေးဆေးဖြစ်တဲ့အထိစောင့်ပြီး ဖြေရှင်းကြပါလို့ပြောချင်ပါတယ်။ -Remy ...

By:Kawi 28/08/2019
စတင်ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူတစ်ယောက်ကို မဟန့်မိပါစေနဲ့… In:Kawi Inspires, Life Hacks
0 2 0

“နောက်ဆုံးတော့နင်သူများကို ကူညီရကောင်းမှန်းသိလာပြီပေါ့” “နင်တောင် ပဲများတတ်လာပြီ ကြည့်စမ်း”“အခုမှ လုပ်ရလား”“အရင်တုန်းကဆို သူဒီလို သပ်သပ်ရပ်ရပ်မဝတ်တတ်ပါဘူး”ဒီလိုစကားလုံးလေးတွေကြောင့် သင််သတိမထားမိပေမယ့် လူတစ်ယောက်ကို ဟန့်မှန်းမသိ ဟန့်မိသလိုဖြစ်သွားစေတတ်ပါတယ်။  ကောင်မလေးတစ်ယောက်ဆိုပါတော့… အဲဒီကောင်မလေးက လူတွေရှေ့မှာရှက်တတ်တယ်၊ ယောကျ်ားလေးတွေနဲ့ စကားမပြောရဲဘူး၊ သူများတွေက သူ့ကိုပြောင်းလဲဖို့ပြောနေတယ်ဆိုပါတော့။ သူကိုယ်တိုင်လည်းပြောင်းလဲဖို့ ကြိုးစားလာတယ်… သူများတွေနဲ့စကားပြောဖို့ကြိုးစားလာမယ်။ဒါကို တစ်ယောက်ယောက်က သွားပြီး “နောက်ဆုံးတော့ နင် သိပ်မရှက်တော့ဘူးပေါ့” လို့ပြောလိုက်တာမျိုးက သူ့ကိုအရင်ကဖြစ်ရပ်တွေကို သတိပေးမိသလိုဖြစ်သွားတတ်ပါတယ်။ ဒါမျိုးတွေက မကြာခဏကြားရတတ်တဲ့ စကားလေးတွေပါ။ လူတစ်ယောက်ကို ပေါ်တင်အပြစ်တင်တာထက်စာရင် ဒီလိုမျိုးမသိမသာ ဟန့်မိသွားတာလေးတွေကို ပတ်ဝန်းကျင်မှာပိုတွေ့ရတတ်တယ်လေ။  ကျွန်တော်လက်ခံတာကတော့ လူတစ်ယောက်ဟာ အရင်က မကောင်းတဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားလာမယ်၊ သူ့အတွက် ကောင်းတဲ့အပြောင်းအလဲတွေလုပ်ဖို့ ကြိုးစားလာမယ်ဆိုရင် ဒါကိုဝမ်းပန်းတသာကြိုဆိုသင့်တယ်လို့ မြင်ပါတယ်။ အနည်းဆုံးတော့သူ့အရှိန်နဲ့သူ လွှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ကျွန်တော်ကိုယ်တိုင် မရည်ရွယ်ဘဲနဲ့ လုပ်မိသွားတာမျိုးရှိခဲ့ဖူးတယ်။ကျွန်တော်တို့ သူငယ်ချင်းတွေ အားလပ်ချိန်ဆို ဖူဆယ်ဆော့လေ့ရှိတယ်လေ။ တခြားအဖွဲ့တွေနဲ့ ချိန်းကန်ကြတာများပါတယ်။ ကျွန်တော်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကတော့ ဖုန်းနဲ့ game ဆော့ရင်းစောင့်နေတာများတယ်။ ဘောလုံးကန်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်သူက လိုက်ချင်တယ်လေ။ ကျွန်တော်တို့သူ့ကို အတူတူကန်ဖို့၊ လေ့ကျင့်ဖို့ခေါ်တိုင်း မရခဲ့ဘူးလေ။ တစ်ရက်မှာ ချိန်းပွဲကန်ရင်း တစ်ယောက်က ခြေထောက်နာပါလေရော။ နာတော့ ကွျွန်တော်တို့ရဲ့ ဖုန်းမင်းသားကို မဖြစ်မနေအစားထိုးဖို့ဖြစ်လာပါတယ်။ ထင်တဲ့အတိုင်းပဲကျွန်တော်တို့ အပြတ်အသတ်ရှုံးပါတယ်။ အားလုံးကသူ့ကို ဝိုင်းဆဲကြတယ်လေ “မင်းသာနည်းနည်းကန်တတ်ရင် ငါတို့နိုင်မှာ” စသဖြင့်ပေါ့။သူလည်းနည်းနည်းတော့ရှက်သွားတယ်ထင်တယ်။ နောက်ရက်ကစပြီး ကြိုးစားပမ်းစား စကန်တယ်။ နောက်တစ်ပတ်ကျ ချိန်းပွဲရှိပြန်ရော… ရင်လေးလေးနဲ့ပဲ သူ့ကိုကျွန်တော်တို့ ထည့်ကန်ခိုင်းလိုက်တယ်။ ထပ်ရှုံးပြန်ရော… ဒီတစ်ခါတော့အရင်ကလို ရုပ်မပေါက်တော့ဘူး။ ကပ်ရှုံးတယ်ပေါ့လေ။ သူကတော့ သူကန်နိုင်လို့ပျော်နေတာပေ့ါ။ ရှုံးလို့စိတ်ညစ်နေတဲ့ ကျွန်တော်ကတော့ မပျော်နို်င်ဘူးလေ… “တွေ့လား မင်းသာစောစောကျင့်ခဲ့ရင် ငါတို့နိုင်ပြီ” လို့ပြောမိသွားတယ်။ သူစိတ်မကောင်းဖြစ်သွားတယ်။ကျွန်တော်လည်း အမှတ်တမဲ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ပြန်ရောက်တော့ ကျွန်တော်စိတ်လိုလက်ရပဲ အမေ့ကို ကူလုပ်ပေးမိတယ်။ အဲဒီအချိန်မှာ အမေပြောလိုက်တာက “နင်သာစောစောတည်းက ကူလုပ်ပေးရင် ငါဒီလောက် ပင်ပန်းမှာမဟုတ်ဘူး” တဲ့လေ။အဲအချိန်မှာ ကျွန်တော်တွေးမိတာက “သြော် ငါကောင်းပြတော့လည်း အမေက တန်ဖိုးမထားပါလား” ပေါ့လေ။ တကယ်က သူကျွန်တော်ကူလုပ်ပေးတာကို မလိုချင်တာလည်းမဟုတ်ဘဲနဲ့ ဘာလို့များအပြစ်တင်တဲ့လေသံနဲ့ ပြောပါလိမ့်ပေါ့လေ။ မလုပ်ဘဲနေတုန်းက ပြောတော့လည်းသူတို့ပဲ။ ကိုယ်စပြောင်းလဲတော့ ပြောတော့လည်းသူတို့ပဲ။ ဘယ်လိုကြီးလဲဗျာ … ငါသာဆိုဒီလို မလုပ်မိစေရဘူးပေါ့… အဲဒီလိုတွေးနေတုန်းပဲရှိသေးတယ်။ သူငယ်ချင်းကိုပြောမိတာ သွားသတိရမိတယ်။ သူ့ခမျာကြိုးစားပမ်းစား စကန်တာ ငါချီးကျုးသင့်တာမဟုတ်ဘူးလား??? ဆိုပြီး နောင်တရသွားတယ်။ ဖွင့်ပြီးတော့မတောင်းပန်ဖြစ်ဘူး … ကျွန်တော်ကရှက်တတ်တယ်လေ။ စတာပါ။ နောက်ဆို သူကွင်းထဲမှာ တလွဲတွေလုပ်နေရင်တောင်မှ ဒေါသကို အသာမျိုချပြီး သူမှားတာကိုပဲပြင်ပေးလိုက်ပါတော့တယ်။ အခုဆို သူတော်တော်ကန်တတ်နေပြီ။ ဟိုတလောက ကောင်လေးအသစ်တစ်ယောက် ကျွန်တော်တို့နဲ့ စဆော့တော့တောင် သူကသွားအားပေးနေသေးတယ်လေ။ မသိမသာနဲ့သူတို့နားသွားပြီး နားစွင့်နေမိတယ်။ ဒီကောင်ဘာတွေများ သြဝါဒချွေမလို့လဲပေါ့လေ။ သူကပြောတယ် “အစ်ကို စဆော့တုန်းကဆို တလွဲတွေချည်းလုပ်တာ …ဒီကောင်(ကျွန်တော့်နာမည်) ရှိလို့တော်သေးတယ်။ သူက ကိုယ်မှားလည်း သိပ်မပြောဘဲလွှတ်ထားလို့ အစ်ကို ကန်ရဲလာတာ” တဲဲ့လေ။ ဘာမှန်းမသိပေမယ့် ကျွန်တော်အဲဒီနေ့က ခြေထောက်နဲ့မြေကြီးမထိချင်တော့ဘူး။လူတစ်ယောက်က ကောင်းတဲ့ပြောင်းလဲခြင်းကိုစတော့မယ်ဆို ဘာလို့များ ခြေလှမ်းသေးသေးလေးတွေကို ကွျွန်တော်တို့ တန်ဖိုးထားဖို့မေ့နေတတ်ကြပါလိမ့်နော်။ လူတစ်ယောက်ခရီးဆုံးထိပြေးနိုင်ဖို့ဆိုရင် မပြေးခင်အရှိန်ယူနေတဲ့ ခြေလှမ်းလေးတွေကို ကျွန်တော်တို့ မဟန့်မိအောင်ကြိုးစားကြည့်ရအောင်လား…။  -Remy ...

By:Kawi 28/08/2019
သင်ခြေတစ်လှမ်း ခဏဆုတ်ဖို့ လိုနေပြီလား? In:Kawi Inspires, Life Hacks
0 2 0

ကျွန်တော်တို့တွေအများစုမှာ ကိုယ်လုပ်နေတဲ့အရာတွေက အဆင်မပြေတာတွေနဲ့ကြုံတွေ့ရတတ်ပြီး ရှေ့ဆက်တိုးဖို့ခက်တဲ့အချိန်တွေ ရှိပါတယ်။ အဲဒီလိုအချိန်တွေမှာ အတင်းဇွတ်ရှေ့ဆက်တိုးပြီး အမှားတွေဆက်လုပ်နေမိမယ့်အစား အခြေအနေအချိန်အခါကြည့်ပြီး အချိန်ယူပြီးသေသေချာချာပြန် စဉ်းစားဖို့အတွက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သင့်ပါတယ်။ ဒီလိုမျိုး တချို့အရာတွေမှာ ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်တာက ကိုယ်လုပ်နေတဲ့အရာတွေကို မှန်မမှန်ပြန်ပြီးလေ့လာဖို့ အခွင့်အရေးရရှိစေမှာပါ။ ကျွန်တော်ဆိုရင်လည်း စာတွေရေးနေရင်းနဲ့ အကြပ်ရိုက်ပြီးစဉ်းစားလို့မရတော့တဲ့ အချိန်တွေဆိုတာ တစ်ခေါက်ထက်မနည်းပါဘူး။ အဲဒီလိုအချိန်တွေမှာ ကိုယ်ရေးနေတဲ့စာတွေအတွက် မထွက်တော့တဲ့အကြံဉာဏ်တွေကို အတင်းဆက်ပြီးညှစ်ထုတ်မနေတော့ဘဲ အချိန်နည်းနည်းလောက် ကိုယ့်ကိုကိုယ်အနားပေးလိုက်တယ်။ ကော်ဖီလေးတစ်ခွက်နှစ်ခွက်လောက် ထသောက်တာမျိုး၊ ၀ရံတာကိုထွက်ပြီးလေညှင်းခံရင်း ကိုယ့်စိတ်ကိုခဏလောက် အနားယူတာမျိုးလုပ်ပြီးမှ ကိုယ်ရေးရမယ့်စာတွေအတွက် ဆက်စဉ်းစားကြည့်တယ်။ ဒီလိုမျိုး (၁၅) မိနစ် လောက်ကိုယ့်ကိုကိုယ် အနားမပေးဘဲ ဆက်ပြီးအတင်းစဉ်းစားနေရင် နောက် (၁) နာရီ၊ (၂) နာရီလောက် ကြာသွားတာတောင်လိုချင်နေတဲ့ အကြံတွေထွက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်လုပ်မရတဲ့အရာတွေကို ချက်ချင်းအတင်းကြီးဆက်မလုပ်ဘဲ နောက်ခဏဆုတ်ပြီးမှပြန်လုပ်ကြည့်တာက ကိုယ့်အပေါ်မှာဖိအားတွေနဲ့ ပိမနေစေဖို့ အကောင်းဆုံးနည်းတစ်ခုပါ။ တစ်ခါတလေမှာတော့ ကိုယ်လုပ်နေကျနည်းလမ်းတွေအတိုင်း ဖြေရှင်းရမလွယ်ကူတတ်တဲ့ အခက်အခဲတွေပေါ်လာတတ်ပါတယ်။ အဲဒီလိုမျိုးအချိန်တွေမှာ ကိုယ့်ကိုကိုယ် ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ကိုယ်လုပ်နေတဲ့အရာတွေကနေ ခေတ္တခဏလောက် နောက်ဆုတ်ကြည့်လိုက်ပါ။ တချို့အရာတွေမှာ ကိုယ်ကနောက်ဆုတ်ပေးလိုက်လို့ နစ်နာသွားတာမျိုးမရှိဘဲ ဘယ်လိုမျိုးကောင်းကျိုးတွေကိုပါ ရရှိလာစေလဲဆိုတာကိုတော့ ဝေမျှပေးချင်ပါတယ်။ ၁) ရှေ့ဆက်လျှောက်ဖို့ခက်ခဲနေပြီဆိုရင် ခဏတဖြုတ်လောက်ဖြစ်ဖြစ်အနားယူပြီးမှ ဆက်လျှောက်ပါ။ ကိုယ်လုပ်နေတဲ့အရာတွေမှာ အခက်အခဲအတားအဆီးတွေနဲ့ ကြုံလာရပြီး ဆုံးဖြတ်ချက်ချရခက်ဖြစ်နေခဲ့ပြီဆိုရင် ခဏလောက်နောက်ဆုတ်လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပါ။ ကိုယ်လုပ်နေတဲ့အရာတွေကို ဆက်ပြီးရှေ့ဆက်တိုးဖို့ ခက်ခဲလာတဲ့အထိ စိတ်ရှုပ်စရာကောင်းလာခဲ့ရင်တော့ ကိုယ့်ကိုကိုယ်ခဏတဖြုတ်လောက် စိတ်အပန်းဖြေဖို့ အနားယူချိန်ပေးလိုက်ပါ။ ဒီလိုမျိုးအနားယူလိုက်တာက ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ ဖိအားတွေကိုလျော့နည်းသွားစေတဲ့အတွက် ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ ပိုပြီးကောင်းမွန်တဲ့ရလာဒ်တွေကို ရရှိလာစေနိုင်ပါတယ်။ ၂) ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချဖို့ ကိုယ့်ကိုကိုယ်အခွင့်အရေးပေးလိုက်တာပါ။ ကိုယ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို တခြားလူတွေကကိုယ့်နေရာမှာဝင်ပြီး လာဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။ အများဆုံး အကြံဉာဏ်ပေးတာလောက်အထိပဲ ကူညီပေးနိုင်လောက်မှာပါ။ ကိုယ့်ရဲ့အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်လား မဖြေရှင်းနိုင်လားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ခဏတဖြုတ်နောက်ဆုတ်ပေးလိုက်တာက ကိုယ့်ကိုကိုယ်အသေချာဆုံး ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေးပေးလိုက်တာပါပဲ။ ၃) အရှေ့ကိုခြေလှမ်းပေါင်းများစွာဆက်လှမ်းဖို့ အနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ ခြင်္သေ့တစ်ကောင်က သူ့ရဲ့သားကောင်ကို မခုန်အုပ်ခင်ခြေတလှမ်းနောက်ဆုတ်လေ့ရှိတယ်တဲ့။ အဲဒီလိုပဲ ကျွန်တော်တို့တွေကလည်း ကိုယ်လုပ်ကိုင်ရမယ့်အရာတွေအတွက် ရှေ့ဆက်မလှမ်းခင်မှာ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ကိုယ့်ကို်ကိုယ်ခွန်အားတွေရယူထားရမှာပါ။ အဲဒါမှကိုယ်လုပ်နေတဲ့အရာတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်နိုင်မှာဖြစ်သလို နောက်ထပ်ခြေလှမ်းတွေဆက်လှမ်းဖို့အတွက်လည်း အဆင်သင့်ဖြစ်နေမှာပါ။ နောက်ဆုံးအနေနဲ့ နောက်ဆုတ်လိုက်တာက လက်လျှော့အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က အရှုံးပေးပြီးစွန့်လွှတ်လိုက်တာကမှ လက်လျှော့လိုက်တာမျိုးပါ။ ကိုယ်လက်မလျှော့လိုက်သေးသ၍ကတော့ ပြန်ကြိုးစားပြီးအောင်မြင်အောင် လုပ်နိုင်ပါသေးတယ်။ အဲဒါကြောင့် ကိုယ်လျှောက်လှမ်းနေတဲ့လမ်းပေါ်မှာ ဖြေရှင်းရခက်တဲ့အတားအဆီးတွေအတွက် ခဏတဖြုတ်နောက်ဆုတ်လိုက်ပြီး ကိုယ့်ရဲ့ခြေလှမ်းတွေခိုင်မာလာတဲ့အထိ ပြန်ကြိုးစားကြည့်နိုင်ပါသေးတယ်။ အဓိကကတော့ ကိုယ့်ရဲ့ဦးတည်ချက်တွေကို မပြောင်းလဲဘဲ ပြန်ကြိုးစားကြည့်ဖို့ပါ။ ...

By:Kawi 23/08/2019
နာရီဝက်နောက်ကျတာက မြန်မာလူမျိုးတွေရဲ့ အကျင့်တစ်ခုလား? In:Inspiration/Aspiration/Motivation, Kawi Inspires, Life Hacks
0 1 0

ကျွန်တော်တို့တွေအများစုက တစ်နေရာရာသွားတော့မယ်ဆိုရင် အမြဲနောက်ကျတတ်ကြတယ်။ ကိုယ့်ရဲ့ရုံးတက်ချိန်က မနက် (၉) နာရီဆိုရင် အနည်းဆုံး မိနစ် (၃၀) လောက်နောက်ကျတတ်တာက ပုံမှန်အလေ့အထတစ်ခုလိုဖြစ်နေကြတယ်။ ဒါပေမယ့်ဒီလိုမျိုး ကိုယ်နောက်ကျနေလို့လည်း ဘာမှမပြောင်းလဲဘူးလို့ ထင်နေတတ်ကြတယ်။ အမှန်တကယ်မှာတော့ ကိုယ်နောက်ကျသွားတဲ့အချိန်တွေက ကိုယ်နဲ့ချိန်းထားတဲ့လူတွေ၊ ကိုယ့်အလုပ်ကအဖွဲ့သားတွေအပေါ်မှာ အများကြီးသွားသက်ရောက်နေတတ်ပါတယ်။ ကိုယ် (၁၅) မိနစ်လောက် နောက်ကျတာကို ဘာမှမဖြစ်ဘူးလို့ပဲ တွေးမိနေတဲ့အချိန်မှာ ကိုယ့်ကိုစောင့်နေတဲ့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အချိန် (၁၅) မိနစ်စီကို ဖြုန်းတီးလိုက်တာဖြစ်ပါတယ်။ ကိုယ့်ကို (၁၅) မိနစ်လောက် လူ (၄) ယောက်က စောင့်နေခဲ့ရတယ်ဆိုရင် အလုပ်လုပ်နိုင်စွမ်း (၁) နာရီနဲ့ (၁၅) မိနစ်ကို ဖြုန်းတီးမိလိုက်တာ ဖြစ်တယ်လို့ သတိထားမိပါသလား? အဲဒါကြောင့်ကိုယ်နောက်ကျတော့မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ကိုစောင့်နေရမယ့်သူတွေကို ကြိုပြီးအကြောင်းကြားတာမျိုး မမေ့မလျှော့လုပ်ရမှာပါ။ ဒီလိုမျိုးပြုလုပ်တာက တခြားသူတွေအပေါ် ကိုယ့်ရဲ့လေးစားမှုရှိတာကိုဖော်ပြတဲ့အပြုအမူတစ်ခုပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ခုခုချိန်းထားတာ ဒါမှမဟုတ် ရုံးတက်၊ ကျောင်းတက်ရင်ကိုပဲ အနည်းဆုံး မိနစ် (၃၀) လောက်နောက်ကျတာက ပုံမှန်အလေ့အထတစ်ခုလိုမျိုး ဖြစ်နေချိန်မှာ တခြားနိုင်ငံတွေမှာရော ကျွန်တော်တို့တွေဒီလိုမျိုး (၁၅) မိနစ်ကနေ နာရီဝက်လောက်နောက်ကျမိမယ်ဆိုရင်ရော?  ဆွစ်ဇလန်နိုင်ငံမှာဆိုရင် ဒီလိုမျိုးအချိန်အကြာကြီးနောက်ကျနေဖို့ထက် ချိန်းထားတဲ့အချိန်ကွက်တိရောက်လာရင်တောင် နောက်ကျနေပြီလို့ ယူဆတတ်လို့အမြဲ ချိန်းထားတဲ့အချိန်ထက်ပိုပြီး စောစောသွားတတ်ကြပါတယ်။ အဲဒီလိုပဲ ဂျပန်နိုင်ငံမှာလည်း ချိန်းထားတဲ့အချိန်ထက် မိနစ်ပိုင်းလေးနောက်ကျပြီး ရောက်လာခဲ့ရင်တောင် ကိုယ်နောက်ကျတဲ့အတွက် ပြန်ပြီးတောင်းပန်ရတဲ့အထိ အချိန်နောက်ကျတဲ့အပေါ်မှာ စည်းကမ်းတင်းကျပ်တာတွေ ရှိပါတယ်။ အဲဒါကြောင့် ကိုယ်ကအမြဲနောက်ကျတတ်တဲ့လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ပြီး ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်ကို ကိုယ်ကိုယ်တိုင်ပြင်ကြည့်လိုက်ပါ။ ၁) သူများနောက်ကျတိုင်း လိုက်နောက်မကျပါနဲ့။ လူတိုင်းနောက်ကျတတ်လို့ဆိုပြီး ငါလည်းလိုက်နောက်ကျမယ်ဆိုတဲ့ အတွေးမျိုးကို ဖျောက်ပစ်လိုက်ပါ။ အထူးသဖြင့် ကိုယ်က အကြီးအကဲ၊ ခေါင်းဆောင်တစ်ယောက်ဆိုရင် ကိုယ်နောက်ကျတာနဲ့ ကိုယ့်လက်အောက်ငယ်သားတွေပါ နောက်ကျဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ အပေါ်မှာပြောခဲ့သလို ကိုယ့်ကို တစ်ယောက်စောင့်နေရတာနဲ့ သင်က ကိုယ့်ရဲ့အချိန်တင်မဟုတ်ပါဘူး စောင့်ပေးနေရတဲ့လူတစ်ယောက်ရဲ့ အချိန်ကိုပါ ဖြုန်းပစ်လိုက်တာဖြစ်ပါတယ်။  ၂) အကောင်းဆုံး ကိုယ့်ကိုကိုယ်ကြိုတင်ပြင်ဆင်ထားပါ။ တစ်နေရာရာမသွားခင် ကိုယ့်ရဲ့ပစ္စည်းတွေပါမပါစစ်ရတာ၊ အိမ်ရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ ဘာလုပ်နေမှန်းမသိတာ၊ အဝတ်အစားလဲတာ၊ သော့ပျောက်နေလို့ရှာနေရတာတွေနဲ့ပဲ အချိန်တွေကုန်မှန်းမသိကုန်သွားခဲ့တယ်။ အမှန်တကယ်ဆိုရင် ဒီလိုမျိုးအရာတွေအတွက် ကိုယ်မသွားခင် နာရီဝက်လောက်အနည်းဆုံးချန်ပြီး ကိုယ့် တစ်ကိုယ်ရေတကာရအလုပ်တွေကို ပြန်ပြီးစစ်ဆေးသင့်တာပါ။ ၃) Facebook သုံးရင်းအချိန်တွေကုန်သွားပြီလား။ အလုပ်မသွားခင် အချိန်စောသေးတယ်ဆိုပြီး ကိုယ့်ရဲ့ဖုန်းကနေ Facebook, Instagram, YouTube သုံးတာတွေ၊ ဂိမ်းဆော့လိုက်တာတွေက ကိုယ့်ရဲ့အချိန်တွေကို ကုန်မှန်းမသိ တဖြည်းဖြည်းနဲ့ကုန်သွားစေတာပါ။ အဲဒါကြောင့် ကိုယ်တစ်နေရာရာသွားဖို့ကို အချိန်နည်းနည်းလောက်စောနေသေးတယ်ဆိုပြီး Facebook ကြည့်လိုက်တာ ဂိမ်းတစ်ပွဲလောက်ဆော့လိုက်တာတွေကို တတ်နိုင်သလောက်လျှော့လိုက်ပါ။ ၄) ဆင်ခြေတွေပေးတုန်းလား။ ကျွန်တော်တို့ဒီမှာ အဆိုးဆုံးအချက်တစ်ခုက ဆင်ခြေပေးတာပါ။ လမ်းပိတ်လို့၊ ကားပိတ်လို့၊ အိပ်ရာထနောက်ကျသွားလို့ စတဲ့ကိစ္စတွေက ဆင်ခြေတွေပါ။ ပိုဆိုးတာက တချို့တွေကဒီဆင်ခြေတွေကို နောက်ကျလို့ရတဲ့ အခွင့်အရေးတစ်ခုလိုမျိုး အသုံးပြုနေကြတာပါပဲ။ ကားပိတ်တာ၊ လမ်းပိတ်တာ၊ အိပ်ပျော်နေတာတွေဆိုတာ လူတိုင်းကြုံနေရတာပဲဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း ကြုံတွေ့နေရတဲ့ အခက်အခဲမျိုး မဟုတ်ပါဘူး။ ဒီတော့ ဒီလိုတွေဖြစ်တတ်တယ်ဆိုတာသိရင် စောသွားပါ။  ၅) အမြဲနောက်ကျနေရတာ ရိုးမနေဘူးလား။ ရုံးတက်တဲ့အခါ၊ ကျောင်းတက်တဲ့အခါတွေနဲ့ ချိန်းထားတဲ့နေရာတွေကို အချိန်မှီမရောက်ဘဲ အမြဲတမ်းနောက်ကျဖူးမှာပါ။ အဲဒါကြောင့် တစ်ရက်တလေလောက်လေး စောပြီးသွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ ဒီလိုမျိုးတစ်ရက်လောက်လေး စောသွားနိုင်ခဲ့ပြီဆိုရင် နောက်လည်းအချိန်မှီအောင် စောပြီးသွားဖို့အတွက် ၀န်လေးနေတော့မှာ မဟုတ်ပါဘူး။ ၆) ကိုယ့်ရဲ့နာရီတွေကိုစောထားပြီး ကိုယ့်ကိုကိုယ်လှည့်စားလိုက်ပါ။ နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့အိမ်မှာရှိတဲ့နာရီတွေကို ပုံမှန်အချိန်ထက် ခပ်စောစောလေးချိန်ထားကြည့်ပါ။ အိမ်ကနာရီတွေ၊ ကိုယ့်ရဲ့နာရီတွေကို မြန်ထားတယ်လို့ ကိုယ့်ရဲ့ စိတ်ထဲမှာ ထည့်မထားဘဲ စောနေတဲ့နာရီတွေကိုကြည့်ပြီး သွားလာလှုပ်ရှားတာပါ။ ဒါဆို ကိုယ့်ရဲ့ အချိန်တွေက ပုံမှန်ထက်စောနေတာဆိုတော့ ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်ကြောင့် အလုပ်နောက်ကျတာတွေ၊ ချိန်းထားတဲ့နေရာကို အချိန်မှန်မရောက်တာတွေ ပျောက်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့အိမ်မှာရှိတဲ့ နာရီတွေ၊ လက်ပတ်နာရီတွေကို (၁၅) မိနစ်၊ မိနစ် (၂၀) လောက်မြန်ထားပြီး ကိုယ့်ရဲ့နောက်ကျတတ်တဲ့အကျင့်လေးကို ဖျောက်ကြည့်ပါ။  နောက်မကျဖူးတဲ့လူမရှိပါဘူး။ ဒါပေမယ့် တစ်ခါတလေနောက်ကျတာကို တခြားသူတွေကဘာမှမပြောဘူးဆိုတာမျိုးကို အခွင့်ကောင်းယူပြီး နောက်ထပ်နောက်ထပ် ဆက်ပြီးနောက်ကျနေမယ်ဆိုတဲ့ စိတ်မျိုး၊ ငါနောက်မကျလည်း တခြားသူတွေနောက်ကျမှာမလို့ ငါလည်းနောက်ကျပြီးမှ သွားမယ်ဆိုတဲ့စိတ်မျိုးတွေကို ဖျောက်ဖျက်ပြစ်ဖို့အရေးကြီးပါတယ်။ တခြားသူတွေအမြဲဆက်ပြီးနောက်ကျနေရင်တောင် အဲဒီနောက်ကျတဲ့အထဲကိုယ်မပါအောင် တတ်နိုင်သလောက်ကြိုးစားပြီးပြင်ဆင်မယ်ဆိုရင် တခြားသူတွေမှားတိုင်း ကိုယ်လည်းလိုက်မှားမိမှာ မဟုတ်ပါဘူး။ Na Na (21.8.2019) ...

By:Kawi 20/08/2019
“ကိုယ့်ကိုစိတ်မဝင်စားတဲ့သူကိုမှ ဘာလို့မေ့မရကြတာလဲ” In:Inspiration/Aspiration/Motivation, Kawi Inspires, Life Hacks
0 0 0

ဘယ်သူမှတော့အသည်းကွဲတာမကြိုက်ဘူးပေါ့။ ဒါပေမယ့် တစ်ခါတလေကျတော့ ကျွန်တော်တို့တွေက မရနိုင်တဲ့အရာကိုမှ လိုချင်တတ်ကြတယ်မလား? မရနိုင်တဲ့အရာက ပိုတန်ဖိုးကြီးတယ်ထင်ကြတယ်။ မရနိုင်တဲ့သူကိုမှ ပိုချစ်ချင်တယ်။ မဖြစ်နို်င်တဲ့သူကိုမှ ပြောင်းလဲလာမလား မျှော်လင့်နေမိကြတယ်။ ကျွန်တော်တို့ကိုယ်တိုင် မဖြစ်ချင်ဘဲနဲ့ ခံစားနေရတတ်တယ်မလား။  တခြားသူကို ပြောင်းစိတ်ဝင်စားလို့မရဘူးလား။ တခြားအရာတွေကရော ပိုမကောင်းနိုင်ဘူးလား။  ဒီလူနားမှာ ဘာလို့တဝဲဝဲတလည်လည် ဖြစ်နေရတာလဲ။  ကျွန်တော်တို့တွေဘာလို့မဖြစ်နိုင်တဲ့သူကို မှတမ်းတမ်းစွဲဖြစ်နေကြတာလဲ??? မဖြစ််နိုင်တဲ့သူတစ်ယောက်ကိုမှ ဆက်ချစ်နေမိတယ်ဆိုတာ လူတွေရဲ့ psycho တစ်မျိုးပဲဆိုကြပါစို့။ ဘာလို့လဲဆိုတော့ လူတွေက ခက်ခဲတဲ့အရာတွေကိုမှလိုချင်ကြတယ်လေ။ ကိုယ်ကြိုးစားပြီးရတဲ့အရာတွေကို အလွယ်တကူရတဲ့အရာတွေထက် လူတိုင်းကမက်မောတတ်ကြပါတယ်။  တချို့က လူတစ်ယောက်ကိုလိုက်နေရတဲ့ ခံစားချက်ကိုပိုရင်ခုန်တတ်ကြတယ်။တချို့က ငါကြိုးစားရင်ရမလားလို့ မျှော်လင့်နေတတ်ကြတယ်။တချို့က တစ်ဖက်လူရဲ့ နားလည်ရခက်တဲ့အပြုအမူလေးတွေကိုမှ အဖြေရှာဖို့ကြိုးစားနေတတ်ကြတယ်။တချို့က ကိုယ့်ကိုကိုယ်ဒီလူကိုမရနိုင်ဘူးဆိုတာကို လက်ခံဖို့ခက်ခဲနေတတ်ကြတယ်။တချို့ကတော့ သူ့ရဲ့ စိမ်းကားတဲ့အပြုအမူတွေက တခြားသူတွေနဲ့ယှဉ်ရင်ဆွဲဆောင်မှုပိုရှိနေတယ်။တချို့ကတော့ မဖြစ်နိုင်တဲ့အရာကို လုပ်နိုင်ချင်ကြတယ်။တချို့က ကိုယ်ကြိုးစားနိုင်တယ်ဆိုတဲ့ အတ္တနဲ့ လက်မလွှတ်နိုင်ကြဘူး။တချို့က သူ့ကိုရရင် ကျေနပ်ပြီထင်ကြတယ်။  သေချာတာကတော့ တစ်ဖက်လူက မဖြစ်နိုင်လေလေ သူ့ကိုရဖို့ ကြိုးစားချင်လေလေပါပဲ။ ဒါပေမယ့်ကျွန်တော်တို့ကြိုးစားလို့ရခဲ့မယ်ဆိုရင်ရော … တန်မှာလား။ ကျွန်တော်တို့ တကယ်လိုက်နေတာ အဲဒီသူကိုလား ကိုယ့်ကြိုးစားမှုရဲ့ရလဒ်ကိုလား။ ဘယ်အရာကိုမှလွယ်လွယ်နဲ့ လက်မလျှော့သင့်ဘူးဆိုပေမယ့် အချစ်ရေးမှာ ဒီစကားကမှန်ရဲ့လား။ အရေးအကြီးဆုံးက တန်ရဲ့လား။  လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကျွန်တော် ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ဖူးတယ်။ ကျွန်တော်နဲ့ ဘယ်လိုမှအဆက်အစပ်မရှိတဲ့သူတစ်ယောက်။ မှတ်မှတ်ရရသူ့ကိုစတွေ့တဲ့နေ့က ဇန်နဝါရီလကြီး မိုးတွေရွာနေတယ်။ မိုးရေတွေစိုနေတဲ့ကောင်မလေးတစ်ယောက်ကို ကျွန်တော်မြင်မြင်ချင်းသိလိုက်တယ်။ ဒီတစ်ယောက်ပဲလို့။ သူကအရမ်းတော့မချောဘူး။ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်လေး။ ဒါပေမယ့် ကျောင်းသား ၆၀၀ ရှိတဲ့အထဲမှာသူ့ကိုပဲ ကျွန်တော်သတိထားမိတယ်။ ဘာဆိုဘာမှမတူတဲ့ သူနဲ့သိဖို့ ကျွန်တော်အတော်လေးကြိုးစားလိုက်ရတယ်။ ကျွန်တော်သူ့ကိုဖွင့်ပြောခဲ့တယ်။ ဒါပေမယ့် မရခဲ့ဘူးဆိုပါတော့။ ထူးဆန်းတာက ကျွန်တော်သူ့ကို ဆက်ချစ်ဖို့ပဲရွေးချယ်ခဲ့တယ်။ ကျွန်တော့်ကို ကျွန်တော်ဘယ်အချိန်ပြန်မေးမေး သူ့ကိုလက်မလွှတ်ဘူးဆိုတဲ့ အဖြေပဲရခဲ့တယ်။ သူရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ရတယ်။ ကျွန်တော်ယုံတာတစ်ခုတော့ရှိတယ် ဘယ်ကောင်မှ ကျွန်တော့်လို သူ့ကို မစောင့်နိုင်ဘူးဆိုတာ။ ဒီကြားထဲမှာ သူနဲ့သူငယ်ချင်းဖြစ်ဖို့တောင် ကျွန်တော်အတော်လေး ကြိုးစားလိုက်ရတယ်။ သူ့သူငယ်ချင်းတွေနဲ့ဝင်ရောရတယ်။ သူတက်တဲ့သင်တန်းတွေ သူ့အကြိုက်တွေ သိအောင်လုပ်ခဲ့တယ်။  (၅) နှစ်လောက် ကြာလာတော့ ကျွန်တော်သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းထဲက တစ်ယောက်ဖြစ်လာတယ်ဆိုပါတော့။ သိပ်တော့ မခက်ပါဘူး… သူ့ဘဲအကြောင်း ရင်ဖွင့်ရင် နားထောင်ပေးရုံ၊ ဂျီကျတတ်တဲ့သူ့ကို အလိုလိုက်ပေးရုံ၊ သူပုဇွန်စားတိုင်းအခွံခွာပေးရုံ၊ သူကြိုက်တဲ့ Supernatural ရုပ်ရှင်စီးရီးလိုက်ကြည့်ပြီး စိတ်ပါလက်ပါနဲ့ဆွေးနွေးပေးရုံပါပဲ။  နောက်နှစ်နှစ်လောက်ကြာသွားတဲ့အခါမှာ သူနောက်ဆုံးရည်းစားနဲ့ ပြတ်တော့ကျွန်တော့်ကိုပြောလာတယ်။ နင့်ကိုငါ့ဘဝထဲမှာ ရှိစေချင်တယ်တဲ့။ အဲဒီစကားလေးကြားရဖို့ ကျွန်တော် (၇) နှစ်စောင့်ခဲ့ရတယ်။ ကျွန်တော်သိလိုက်တာ တစ်ခုတော့ရှိတယ်။ သူရှိစေချင်တာ လွန်ခဲ့တဲ့ (၇) နှစ်က သူ့ကို မိုးရေထဲမှာရင်ခုန်ခဲ့တဲ့ တောဂိုက်နဲ့ကောင်လေးကို သူရှိစေချင်တာမဟုတ်ဘူး ….. သူ့ဘေးမှာ (၇) နှစ်လုံးလုံးရှိပေးခဲ့တဲ့ သူကြိုက်တဲ့ပုံစံဖြစ်အောင်နေခဲ့တဲ့ လူတစ်ယောက်ကိုပါ။  သူ့ဆီကအဲဒီစကားကို ကြားရတော့ ကျွန်တော်ပျော်သွားတယ်။ ငါလုပ်နိုင်ပါတယ်ဆိုပြီးပျော်သွားတာ။ ကျွန်တော့်ကြိုးစားမှုတွေ အရာထင်လာပြီဆိုပြီး ကျွန်တော်ပျော်သွားတာ။  ကျွန်တော်လိုချင်တာရဖို့ (၇) နှစ်ကြိုးစားခဲ့ရတယ်။ (၇) နှစ်လုံးလုံး ကျွန်တော်တစ်ညမှ ကောင်းကောင်းအိပ်မရခဲ့ဘူး။ ကိုယ်မပိုင်တဲ့ သူတစ်ယောက်ကို စိတ်ကူးနဲ့ ရူးခဲ့တယ်။ ကိုယ့်ဖုန်းကို သူမကိုင်ရင်၊ စာမပြန်ရင် သူဘယ်သူနဲ့များ ပြောနေမလဲ ဆိုတဲ့စိတ်နဲ့ပူလောင်ခဲ့ရတယ်။ သူပေးခဲ့တာမဟုတ်ပေမယ့် သူနဲ့ပတ်သက်ရင် ကျွန်တော် နာကျင်ခဲ့ရတယ်။ သူတမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုက စိတ်မထားတတ်တာကိုး။  အခုရော… ကျွန်တော်သိတာက ရူးတယ်ပဲပြောပြော သူကျွန်တော့်ကို အသိအမှတ်ပြုတာကို ကျွန်တော်ကျေနပ်တယ်။ ဒါပေမယ့် ကြိုးစားရကျိုးရောနပ်တယ်လို့ ခင်ဗျားတို့ထင်လား??? နောင်တတော့ကျွန်တော်မရဘူး … (၇) နှစ်ရင်းပြီး ဆုတစ်ခုရလိုက်တယ်လို့ပဲတွေးပါတယ်။ အဲဒီဆုက သူတော့ မဟုတ်ခဲ့ဘူး။  သူ့ကိုလက်မလွှတ်ဖို့ရွေးချယ်ခဲ့တာ အချစ်ဆိုရင် သူ့ကိုရတဲ့အချိန်မှာ လက်လွွှတ်ဖို့ဆုံးဖြတ်ခဲ့တာက ကျွန်တော့်ကိုကျွန်တော်ချစ်တဲ့အချစ်ပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဘာတွေရင်းပြီး ဘာရလိုက်တယ်လို့ ခင်ဗျားတို့ထင်လဲ??? ...

By:Kawi 15/08/2019
ကိုယ့်ဝင်ငွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ? In:Kawi Inspires, Life Hacks
1 1 0

အားလုံးပဲ မင်္ဂလာပါ!!! အပတ်စဉ် အင်္ဂါနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်တဲ့ Eileen’s Corner ကနေ ကြိုဆိုလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ Eileen မျှဝေပေးထားတဲ့ “ကိုယ့်ရဲ့ ဝင်ငွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ?” ဆိုတဲ့ စာလေးကို မျှဝေပေးလိုက်ပါတယ်။ Eileen က သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကို မျှဝေပေးသွားခဲ့တာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘယ်လို ရာခိုင်နှုန်းနဲ့ ဘယ်လိုတွက်ချက်ပြီး ဝင်ငွေကို စီမံခန့်ခွဲလဲ? အပိုငွေထွက်လာတဲ့အခါ သူမရဲ့ YOLO Plan ထဲကိုထည့်ပြီး ဘယ်လိုတွေအသုံးပြုလဲ? ဆိုတာကိုတော့ အောက်က Eileen ရေးထားတဲ့ စာလေးမှာ ဖတ်ကြည့်လိုက်ပါနော်။ ကိုယ့်ဝင်ငွေကို စီမံခန့်ခွဲမှုကောင်းကောင်း လုပ်နိုင်ဖို့ အကြံဉာဏ်လေးတွေ ပေးပါလို့ ကျွန်မကို လာလာမေးကြတာလေးတွေ ရှိပါတယ်။ အထူးသဖြင့် အခုလို ပွင့်လင်းရာသီမှာ လက်ထပ်ကြတဲ့ စုံတွဲတွေ များနေတဲ့အချိန်ဆိုတော့ လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲအနေနဲ့ အချင်းချင်း ကြားထဲမှာ ဘယ်လိုများ ငွေကြေးကို စီမံခန့်ခွဲသလဲဆိုပြီးတော့ သိချင်ကြတာပါ။ ဒီတော့ အရင်နှစ်က ရေးပေးဖြစ်ခဲ့တဲ့ “ကိုယ့်ဝင်ငွေကို စီမံခန့်ခွဲမှုကောင်းကောင်း ဘယ်လိုလုပ်ကြမလဲ?” ဆိုတဲ့ စာလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်! ဒါနဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ရင် ဆရာမကြီးတော့ မဟုတ်ပါဘူး။ ဒီ စာလေးက ကျွန်မရဲ့ ဝင်ငွေကို စီမံခန့်ခွဲတဲ့ အတွေ့အကြုံလေးကို ပြန်လည်ဝေမျှပေးတာပါ။ 😊😊😊 လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲအနေနဲ့ကတော့ – လွယ်ပါတယ် – ကျွန်မပို်က်ဆံကလည်း ကျွန်မဟာ ဖြစ်သလို သူ့ပိုက်ဆံကလည်း ကျွန်မဟာပါပဲ 😂😂😂 နောက်တာပါ….. ဒါပေမယ့်လည်း အဲဒါတကယ်ဖြစ်ဖို့ကို ကျွန်မတကယ်ဆုတောင်းပါတယ်။ LOL !! တကယ်တော့ ကျွန်မရဲ့ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာရတဲ့ဘဝက ကျွန်မအခုအချိန်မှာ ပိုက်ဆံဘယ်လိုသုံးဖြစ်သလဲကို ပုံဖော်ပေးပါတယ်။  ကျွန်မအကြောင်းကောင်းကောင်းသိတဲ့သူတွေကတော့ ကျွန်မဆီမှာ အဝတ်အစားနည်းနည်းလေးပဲ ရှိတယ်ဆိုတာကို သိကြပါတယ်။ ကျွန်မ ရှော့ပင်းထွက်ပြီး ပိုက်ဆံသုံးတာမျိုးကို လုပ်လေ့မရှိပါဘူး။ စာအုုပ်တွေဝယ်တာကလွဲလို့ပေါ့။ ပြီးတော့ ကျွန်မမိဘတွေအတွက် ကျွန်မပိုက်ဆံသုံးတယ်။ သူတို့ဘာပဲလိုချင်လိုချင် ကျွန်မအနေနဲ့ အကောင်းဆုံးလုပ်ပေးလို့ရတာမှန်သမျှလုပ်ပေးချင်တယ်လေ။ ဒါပေမယ့် နေ့စဉ်အခြေခံလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့တော့ ကျွန်မ မလိုတာတွေကို ဝယ်ပြီးပိုက်ဆံသုံးတာမျိုး လုပ်လေ့မရှိပါဘူး။ ကျွန်မအတွက်ကတော့ – ကျွန်မခပ်ငယ်ငယ်ပိုက်ဆံစရှာတတ်ကတည်းက ကျင့်သုံးခဲ့တဲ့ အရမ်းကို ရိုးရှင်းတဲ့ ဖော်မြူလာတစ်ခုရှိပါတယ်။ ကျွန်မရဲ့ ဝင်ငွေကို ရာခို်င်နှုန်းတွေခွဲပြီး အပိုင်းခွဲလိုက်တယ်။ ဘယ်လောက်ရာခိုင်နှုန်းကတော့ စုထားမယ်၊ ဘယ်လောက်ရာခို်င်နှုန်းကတော့ ဖေဖေနဲ့မေမေအတွက်၊ ဘယ်လောက်ရာခိုင်နှုန်းကတော့ လှူဖို့၊ ဘယ်လောက်ရာခို်င်နှုန်းကတော့ ဘာအတွက်… စသဖြင့်ပေါ့။ ကျွန်မရဲ့ ဝင်ငွေတိုးလာတာနဲ့အမျှ ဒီရာခို်င်နှုန်းတွေထဲက ပမာဏကလည်း တို်းလာတယ်လေ။ တကယ်တော့ ကျွန်မရဲ့ တစ်ပတ်စာ အသုံးစရိတ်ကို် ကျွန်မတစ်ရက်တစ်သောင်းနှုန်းနဲ့တွက်ပြီး သုံးပါတယ်။ အဲဒီတစ်သောင်းကို် တက်စီစီးတာ၊ နေ့လည်စာ နဲ့ ညစာစားတာတွေအတွက် သုံးပါတယ်။ ကျွန်မက အိမ်မှာ ချက်ပြုတ်စားသောက်တဲ့အတွက် ညစာဝယ်စားဖို့မလိုတော့ပါဘူး။ ဒီတော့ အဲဒီအတွက်ကုန်မယ့် ပိုက်ဆံက အပိုအဖြစ် ထွက်လာပါတယ်။ တစ်ခါတစ်လေ ကျွန်မအမျိုးသား Richard ရဲ့ကားကို် ဘတ်လို့ရတဲ့နေ့မျိုးဆိုရင် တက်စီခပါ အပိုထွက်လာတယ်လေ။ ဥပမာပြောရရင် တစ်ရက်အသုံးစရိတ်တစ်သောင်းထဲက တက်စီခ ၃၅၀၀ နဲ့ နေ့လည်စာ ၃၅၀၀ ကို်နှုတ်လိုက်ရင် ၃၀၀၀ အပို်ထွက်လာတယ်လေ။ အဲ့ ၃၀၀၀ က ဘယ်ရောက်သွားလဲဆိုတော့ ကျွန်မရဲ့ “YOLO စုဆောင်းငွေ” ထဲကို ရောက်သွားပါတယ်။ YOLO ဆိုတာက You Only Live Once ကိုပြောတာပါ… ဘဝမှာပျော်ရွှင်ဖို့အတွက်သုံးမယ့်ငွေပေါ့။ အဲဒီအပိုစုဆောင်းငွေတွေကို ကျွန်မရဲ့ အဖွဲ့သားတွေနဲ့ ညစာသွားစားတဲ့အခါတွေမှာ ကျွန်မသူတို့ကို ဒီစုဆောင်းငွေတွေထဲကနေ ဝယ်ကျွေုးပါတယ်၊ ဒါမှမဟုတ်လည်း ကျွန်မအနေနဲ့ YOLO လုပ်ချင်တဲ့ အခါမျိုးတွေမှာ ဒီစုဆောင်းငွေတွေထဲကနေ သုံးပါတယ်။ ဒီနည်းဗျူဟာက ကျွန်မအတွက်တော့ အလွန်ကို အလုပ်ဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအတွက်မလိုတဲ့အရာတွေအတွက် ပိုက်ဆံအပိုမသုံးမိအောင်လုပ်ပေးပါတယ်။ ကျွန်မတစ်ရက်ကို ဘယ်လောက်သုံးမယ်ဆိုပြီး သတ်မှတ်ထားတဲ့ အသုံးစရိတ်ထဲကပိုတဲ့ငွေကိုပဲ သုံးဖြစ်စေတယ်လေ! တွေ့တယ်ဟုတ်? ကျွန်မဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ 😀 😀 😀 ဆရာ Richard ကျတော့ – သူ့ဝင်ငွေတွေကို ဘယ်လိုသုံးတယ်ဆိုတာ ကျွန်မမသိပါဘူး။ တကယ်တော့ သူဘယ်လောက်ဝင်ငွေရလဲဆိုတာတောင် ကျွန်မမသိပါဘူး။ ကျွန်မရဲ့ မိတ်ဆွေအချို့ကပြောကြတယ် “Aiyooo ကိုယ့်အမျိုးသားဝင်ငွေဘယ်လောက်ရှိလဲတောင် နင်ဘယ်လိုလုပ်မသိရတာလဲ???!! ဆိုပြီးတော့ပေါ့။ ကျွန်မ မသိပါဘူး ကျွန်မအတွက်က သိဖို့လည်းမလိုပါဘူး။ စုံတွဲတော်တော်များများ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ကြရတာတွေ ကျွန်မအများကြီး တွေ့ဖူးပါတယ် (ကျွန်မမိဘတွေအပါအဝင်ပေါ့) အဲဒါတွေကို တွေ့ဖူးထားတဲ့အတွက် ကျွန်မအနေနဲ့ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ကျွန်မအမျိုးသားနဲ့ ဘယ်တော့မှ ရန်မဖြစ်ဘူးဆိုပြီးတော့ ခိုင်ခို်င်မာမာ ဆုံးဖြတ်ထားပါတယ်။ အိမ်အသုံးစရိတ်တွေနဲ့ပတ်သက်ပြီးတော့ သူဘယ်လောက်ပေးတယ် ငါဘယ်လောက်ပေးတယ်ဆိုပြီးတော့ စျေးတွက်တွက်ရတာမျိုး ကျွန်မမလုပ်ချင်ဘူး။ အိ်မ်ထောင်တစ်ခုမှာ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရတာတွေ စလာပြီဆိုရင်တော့ အဲဒီအိမ်ထောင်ရေးဟာ အဓိပ္ပါယ်ကင်းမဲ့သွားပြီလို့ ကျွန်မထင်တယ်။ တကယ်တော့ အိမ်ထောင်ရေးဆိုတာဟာ – ကျန်းမာနေတဲ့အချိ်န်ပဲဖြစ်ဖြစ် နေမကောင်းတဲ့အချိန်ပဲဖြစ်ဖြစ် ကောင်းတဲ့အခြေအနေပဲဖြစ်ဖြစ် ဆိုးတဲ့အခြေအနေပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို တစ်ယောက်နဲ့တစ်ယောက်ချစ်နေဖို့ရယ် တည်မြဲနေဖို့ရယ်က အဓိကပဲလေ။ ကျွန်မတို့နှစ်ယောက်လက်ထပ်ထားတဲ့ဇနီးမောင်နှံသက်တမ်း တစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို တော်တော်များများကတော့ သိကြမယ် မထင်ဘူး။ အဲဒီနှစ်တစ်နှစ်က ကျွန်မတို့ ကမ္ဘောဒီးယားမှာတုန်းကပေါ့ ကျွန်မရဲ့ စီးပွားရေးကလည်း တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းလျှော့ချတဲ့ထဲ ဆရာ Richard ပါသွားတယ်လေ….. အဲဒီအချိန်တုန်းကဆိုရင် အိမ်ခန်းငှားခတွေ၊ အခွန်တွေ စတာတွေပေးဖို့ကို တစ်လတစ်လ တော်တော်ကို ရုန်းကန်နေရတဲ့ အချိန်ပေါ့။ ကျွန်မအဲဒီနေ့ကိုမှတ်မိနေသေးတယ်… ဆရာ Richard အိမ်ပြန်ရောက်လာပြီး ကျွန်မတို့နှစ်ယောက် တိုက်ခန်းရဲဲ့ ခေါင်မိုးထပ်မှာ ရှိနေတဲ့ အချိန်မှာ အဲဒီသတင်းကို ပြောပြခဲ့တာပေါ့… “ငါဝန်ထမ်းလျှော့ချတဲ့ထဲပါသွားတယ်” အဲဒီလိုပဲ ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မလုပ်နေတဲ့စီးပွားရေးက ပိတ်ရခါနီးဆဲဆဲဖြစ်နေပြီး နှစ်ယောက်စလုံးက သူ့လစာလေးအပေါ်မှာပဲ မှီခိုနေရပေမယ့်လည်း ကျွန်မသူ့ကို ချက်ချင်းပဲ ဒီလိုပြန်ပြောခဲ့ပါတယ် “ဘာမှမဖြစ်ဘူး။ ထမင်းရှိရင် ထမင်းစားကြမယ်။ ဆန်ပြုတ်ရှိရင် ဆန်ပြုတ်စားကြမယ်။” အဲဒီအချိန်တုန်းက နေ့ရက်တွေကို ဖြတ်သန်းရတာ တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ၂၀၁၀ ရဲ့ New Year မရောက်ခင်ညနေကို အိမ်မှာပဲ ဆန်ပြုတ်အဖြူထည်စားပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်မ အဲဒါတွေနဲ့ပတ်သက်ပြီး ထွေထွေထူးထူးခံစားခဲ့ရတာမျိုးတော့ မမှတ်မိဘူး။ ကျွန်မဘာပဲမှတ်မိလဲဆိုတော့ ကျွန်မတို့နှစ်ယောက် အတူတူ ကြံ့ကြံ့ခံပြီး ကြိုးစားဖြတ်ကျော်ခဲ့ကြတာကိုပါ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေပါ ဗုဒ္ဓဘုရားက ကျွန်မတို့အပေါ်ကို ကြင်နာခဲ့ပါတယ်။ အဲဒီအခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီးတော့ ကျွန်မတို့ တဖန်ပြန်လည်ရပ်တည်နိုင်ခဲ့ကြပါတယ်။ ၂နှစ်အကြာမှာတော့ စွန့်စားခန်းအသစ်တစ်ခုကို စတင်ဖို့ ကျွန်မတို့မြန်မာနိုင်ငံကိုပြောင်းဖြစ်ခဲ့ကြပါတယ်။ ကျွန်မတို့လင်မယားနှစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို ဘယ်တော့မှ မေ့နိုုင်မှာမဟုတ်ပါဘူး။ ဒါတွေကြောင့်ပဲ ကျွန်မတို့နှစ်ယောက်ဟာ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ရိုရိုကျိုးကျိုးပဲ နေဖြစ်ပါတယ်။ ကျွန်မတို့နှစ်ယောက်မှာ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်ရာခိုင်နှုန်းသုံးမယ်ဆိုပြီး သူလည်း သူ့ဟာသူသတ်မှတ်ထားသလို ကျွန်မလည်းကိုယ့်ဟာကိုယ် သတ်မှတ်ထားပါတယ်။ အခုထိလည်း ဒီသဘောတရားကိုပဲ ကျွန်မကျင့်သုံးပါတယ်။ အိမ်အသုံးစရိတ်နဲ့ပတ်သက်ပြီး တစ်ပတ်တစ်ပတ်ကို ကျွန်မဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းသုံးမယ်ဆိုပြီး ကျွန်မဘာသာကျွန်မသတ်မှတ်ထားပါတယ်။ တကယ်လို့အဲဒီအပတ်မှာ ဆရာရစ်ချက်က အိမ်အသုံးစရိတ်တွေကို ပေးလာခဲ့ရင်တော့ ကျွန်မရဲ့ အဲဒီအတွက်ရည်ရွယ်ထားတဲ့ပိုက်ဆံတွေကို် YOLO အတွက် စုဆောင်းငွေထဲကို ထည့်လို့ရသွားတာပေါ့ 😀 😀 😀တစ်ခါတလေ စနေ တနင်္ဂနွေပိတ်ရက်တွေမှာ ညနေစာသွားစားလို့ဆရာ Richard က ဝယ်ကျွေးရင် အဲဒီအတွက် ဖယ်ထားတဲ့ပိုက်ဆံတွေကိုပါ YOLO အတွက် စုဆောင်းငွေထဲကို ပိုပြီး ထည့်လို့ရသွားတာပေါ့!! Woohooo!! တခါတလေတော့ ကျွန်မရဲ့ YOLO စုဆောင်းငွေထဲမှာ အများကြီးပိုစုမိသွားရင် အဲဒီအပိုစုငွေတွေကို ကျွန်မရဲ့ အလှူအတန်းအတွက် စုဆောင်းငွေထဲကို ပိုထည့်ပေးလိုက်ရော။ ဘာလို့လဲဆိုတော့ “ကိုယ်ရရင် သူများကိုလည်း ပေးပါ” ဆိုတဲ့ ကျွန်မ အရမ်းနှစ်သက်တဲ့ စာသားလေးအတိုင်း ကျင့်သုံးတာပါ။ (When you get, you give.) 🤘🤘🤘 ...

By:Kawi 23/07/2019
Back to Top