Loading...

Home Kawi Eats Kawi Inspires
ဘဝမှာတစ်ယောက်တည်း အားငယ်နေရင်တောင်ခြေလှမ်းတွေမရပ်တန့်လိုက်ပါနဲ့။ In:Kawi Inspires, The Fit Slay Queens
1 3 0

“ဖတ်…ဖတ်….ဖတ်….ဖတ်”  အချိန်ကမနက်  ၅ နာရီ။ လမ်းမအလယ်မှာ ခိုင့် ခြေလှမ်းသံက စည်းချက်မှန်မှန်ထွက်နေတယ်။ ညအမှောင်မပြယ်သေးပေမယ့် လမ်းမီးတွေကြောင့် လမ်းမကြီးကလင်းနေလို့ တော်သေးတယ်ဆိုပြီး တွေးနေမိတယ်။  ဒီနှစ်တော့ 42km ပြေးဖြစ်တယ်။   ဒီ၂၀၁၉ ရိုးမမာရသွန်ပွဲ က ခိုင့်ရဲ့ ၈ ကြိမ်မြောက် အပြေးပြိုင်ပွဲပါ။ 42km ပြေးဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ ၂၆မိုင် အကွာအဝေးကိုပြေးဖို့ဆိုတာ လွန်ခဲ့တဲ့ ၆နှစ်က အိပ်မက်တောင် မမက်ဖူးတဲ့ကိစ္စပါ။ ဒါပေမယ့် အခုတော့ 42km ပြေးလမ်းမပေါ်ရောက်နေပြီ။ အသက်ကိုမှန်မှန်ရှုရင်း ပုံမှန်ပြေးနှုန်းထက် နည်းနည်းပိုမြန်ထားလိုက်တယ်။ ဒါမှ ကြာလာတဲ့အခါ အရှိန်ကျမှာနဲ့ဆိုတော့ အတော်ဖြစ်မှာ။ ဖြည်းဖြည်းနဲ့မှန်မှန်ပြေးနေရင်း ပထမဆုံးစပြေးတဲ့ အချိန်ကိုပြန်မြင်ယောင်လာမိတယ်။ အဲဒီတုန်းက ၂၀၁၄ ခုနှစ် House Surgeon ဆင်းနေတုန်း။ အဲဒီအချိန်တုန်းက ပြေးတယ်ဆိုတာ၊ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကိုယ်နဲ့ ဝေးနေသေးတယ်ပေါ့။ သူငယ်ချင်းတွေအဆွယ်ကောင်းတော့ ၂၀၁၄ KBZ Music Run ဝင်ပြေးဖြစ်တယ်။ ပထမဆုံးပြေးတဲ့ပွဲပေမယ့် သူငယ်ချင်းတွေအများကြီးပါတာရော အေးအေးဆေးဆေးပြေးနေတာရော ဆိုတော့ သိပ်မထူးခြားခဲ့ဘူး။ နောက်နှစ်မှာ သူငယ်ချင်းတွေနဲ့အတူတူ ရိုးမမာရသွန်မှာ 21km ကို စာရင်းသွင်းပြီး ဝင်ပြိုင်ဖြစ်ခဲ့တယ်။ တကယ့် ပြိုင်ပွဲနေ့ကျတော့ အချိန်မှားပြီး ရောက်သွားခဲ့လို့ 10km တန်းကိုပဲ ပန်းဝင်အောင် ပြေးဖြစ်ခဲ့တယ်။ 10km ကို ပထမဦးဆုံး ပြေးဖူးတာလည်းဖြစ်တဲ့အပြင် ပြိုင်ပွဲမဝင်ခင် training တွေ လုပ်ရကောင်းမှန်းလည်း မသိခဲ့တဲ့အတွက် ပြေးတဲ့အချိန်မှာ အရမ်းကို ခက်ခဲပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် အချိန်မီ ပန်းဝင်သွားတဲ့အချိန်မှာ နာကျင်တာတွေ ပင်ပန်းတာတွေ ဘယ်ပျောက်သွားမှန်းမသိလောက်အောင် ပျောက်သွားပြီး ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ ကိုယ့်အတွက် ခက်ခဲတဲ့အရာတစ်ခုကို ဘာပဲဖြစ်နေဖြစ်နေ ရအောင် ကြိုးစားပြီး ပင်ပန်းခက်ခဲတဲ့ကြားက ပန်းဝင်သွားတဲ့အချိန်မှာ ရရှိခဲ့တဲ့ ဝမ်းသာပျော်ရွှင်တဲ့ ခံစားချက်ကို ကြိုက်သွားတဲ့အတွက် နောက်နှစ်တွေမှာလည်း ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထက်ပိုပြီး စနစ်တကျ training တွေ ပြင်ဆင်ပြီး ပိုကောင်းတဲ့ result ရအောင် ယှဉ်ပြိုင်မယ်ဆိုပြီးတော့ပေ့ါ။  မှတ်မှတ်ရရ ၂၀၁၆ ခုနှစ်ပေါ့။ တခြားသူငယ်ချင်းတွေလည်း မပါဘူး။ အဲဒီတုန်းက ကိုယ်နဲ့အတူတူ လိုက်ပြေးပေးမယ့် အဖော်လည်း မရှိခဲ့ဘူး။ ဒါပေမယ့် ငါရအောင်ပြေးမယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီး 21km ကို ဝင်ပြေးဖြစ်ခဲ့ပါတယ်။ မပြေးခင်တစ်ရက်က ဘယ်ဘက်ဒူးမှာ ဒဏ်ရာရသွားခဲ့တဲ့အတွက် 5km လောက်လည်းရောက်ရော ဒဏ်ရာရထားတဲ့ ဘယ်ဘက်ဒူးက စနာလာပါတယ်။ အားငယ်နေတဲ့စိတ်တောင် ဘယ်ရောက်သွားလဲမသိတော့ဘူး။ အဲဒီအချိန်မှာ အိတ်ထဲမှာ လိုရမယ်ရ ယူလာတဲ့ ပိုက်ဆံလေးပါတယ်။ ငါအဆုံးထိ မပြေးဘဲနဲ့ taxi ငှားပြီးပြန်သွားရင်ကောင်းမလားပေါ့လေ။ ဒါပေမယ့် ကိုယ့်စိတ်က လက်မခံခဲ့ဘူး။  ဘာကြီးပဲဖြစ်နေဖြစ်နေ ငါရအောင်ပြေးမယ်ဆိုတဲ့စိတ်နဲ့ 21km ကို ပန်းဝင်အောင်ပြေးခဲ့တယ်။ အမြန်ကြီးမဟုတ်ပေမယ့်လည်း ပန်းဝင်ရမယ့် အချိန်အတွင်း ပန်းဝင်နိုင်ခဲ့ပါတယ်။ အဲဒီ ခြေထောက်စနာတဲ့အချိန်က စပြီးပြေးတဲ့လမ်းတစ်လျှောက်ကတော့ တကယ့်ကိုအမှတ်တရပါပဲ။ ကျန်တဲ့ခရီးတစ်ဝက်မှာ ကိုယ့်ကိုကိုယ် အားမရခဲ့တာတွေ ပျော့ညံ့တယ်ထင်ခဲ့မိတာတွေ မှားတယ်ထင်မိတာတွေ မရှိတော့တာခံစားမိလာတယ်။ ငါရှေ့လျှှောက်ဘယ်လို ပြေးရမယ်ဆိုတာပဲ အာရုံစိုက်ပြီး တွေးနေမိတယ်။ တစ်ယောက်ထဲပြေးနေရပေမယ့် အဓိပ္ပါယ်အများကြီးရှိလာတယ်။ ပန်းဝင်တဲ့စည်းကို ဖြတ်လိုက်တဲ့အချိန်မှာပဲသေချာသွားတယ်။  ဟုတ်တယ်။ ငါပြေးတာကိုကြိုက်တယ်။ ငါ့အတွက်ပဲငါပြေးတော့မယ်။ ပြိုင်ပွဲပြီးတော်တော်ကြာတဲ့အထိ ဒဏ်ဖြစ်ထားတဲ့ ခြေထောက်က နာနေခဲ့ပါတယ်။ အဲဒီအတွက် ခဏနားလို်က်ရပေမယ့် ခြေထောက်နာတာပျောက်ပျောက်ချင်း သွားနေကျ၊ လုပ်နေကျအတိုင်း gym ပြန်သွားပြီး အားကစား ပြန်လုပ်ဖြစ်တယ်။ နောက်နှစ်တွေမှာလည်း အပြေးပြိုင်ပွဲတိုင်းမှာ အခြေအနေ ပေးရင်ပေးသလို ဝင်ပြိုင်ဖြစ်ခဲ့တယ်။ အတူတူအပြေးလေ့ကျင့်တဲ့သူငယ်ချင်းကောင်းတွေလည်း အများကြီးရခဲ့တယ်။ သူများတွေနဲ့ အတူလေ့ကျင့်ရင်း သင်ယူစရာတွေကတော့ အများကြီးပါပဲ။ သက်လုံကောင်းဖို့လေ့ကျင့်နည်းတွေ၊ ပုံမှန်အရှိန်ကိုထိန်းနိုင်ဖို့ ပြေးနည်းတွေ စတဲ့ tips မျိုးစုံကို သူတို့ကသင်ပေးခဲ့တယ်လေ။ အဖိုးတန်ဆုံး သင်ခန်းစာကတော့ တစ်ယောက်ကိုတစ်ယောက် knowledge ပဲဖြစ်ဖြစ် share တာ၊ ကူညီပေးတာတွေ၊ အတူတူပန်းဝင်တာတွေဟာ ပန်းဝင်ပြီး ရခဲ့တဲ့ဆုတံဆိပ်တွေထက် အများကြီးပိုတယ် ဆိုတာပါပဲ။ ဒီအတွက် မိုးရွာရွာနေပူပူ အတူတူပြေးခဲ့ကြတဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ၂၀၁၆ မှာ Pocari Sweats Run မှာ 10km နဲ့ ရိုးမမာရသွန်မှာ 21km ကို ဝင်ပြေးဖြစ်ခဲ့တယ်။ ၂၀၁ရ မှာ 100PLUS ရဲ့  10km ကို ဝင်ပြေးဖြစ်ခဲ့တယ်။ ၂၀၁၈ မှာတော့ MPU Peace Marathon Run 21km ကို ဝင်ပြေးဖြစ်ခဲ့တယ်။ မဖြစ်နိုင်ဘူးဆိုတဲ့စကားကို သိပ်မယုံတော့ဘူး။ ၅ နှစ်တာပြေးခဲ့တဲ့ အတွေ့အကြုံ၊ ပုံမှန်လေ့ကျင့်မှုတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေပါ ပေးနိုင်ခဲ့တယ်။  ၂၀၁၉ ကတော့ အရေးကြီးတဲ့နှစ်လို့ပြောရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ 42km Full Marathon ပြေးဖို့ ဆုံးဖြတ်ခဲ့လို့ပါပဲ။ ကိုယ့်ကိုကိုယ် စိန်ခေါ်ကြည့်ဖို့စဉ်းစားမိတဲ့အပြင် 42km Full Marathon ပြေးဖို့ဆိုတာ အပြေးသမားတွေရဲ့ အိပ်မက်ဖြစ်လို့ပါ။ ပြေးနိုင်ပါ့မလားလို့ ချီတုံချတုံဖြစ်နေတဲ့ကြားကပဲ Coach Eileen နဲ့သူငယ်ချင်းတွေအားပေးစကားနဲ့ပဲ 42km ပြေးလမ်းပေါ်ရောက်နေပြီလေ။ ထင်တဲ့အတိုင်းပဲ။ အခုနေကလည်းမြင့်လာပြီ၊ ပူကလည်းပူ ခြေထောက်ကလည်းနာနဲ့ ခရီးတော့တစ်ဝက်ကျော်လာပြီ။  ဒီတစ်ခါတော့ taxi ငှားစီးဖို့ပိုက်ဆံဆောင်မလာတော့ဘူး။ တစ်ယောက်တည်းပြေးနေရတယ်လို့လည်း အားမငယ်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ပန်းတိုင်မှာ စောင့်ကြိုနေမယ့် မိတ်ဆွေသူငယ်ချင်းတွေရှိတယ်ဆိုတာ ယုံကြည်လို့ပါ။  ဒါကြောင့် ဘဝမှာတစ်ယောက်တည်း အားငယ်နေရင်တောင်ခြေလှမ်းတွေမရပ်တန့်လိုက်ပါနဲ့။ ကဲ… The Fit Slay Queens အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ခိုင်ကတော့ သူမ စပြေးဖြစ်ခဲ့ပုံကို story လေးနဲ့ပြောပြထားပါတယ်။ ဇာတ်လမ်းထဲမှာမပါတာကတော့ ခိုင်တစ်ယောက် Yoma Marathon 2019 မှာ 42km ကိုစံချိန်ကောင်းနဲ့ ပန်းဝင်အောင်ပြေးခဲ့ကြောင်း နဲ့ သူ့ Coach နဲ့ သူငယ်ချင်းတွေက သူ့အတွက်အရမ်းကို ဂုဏ်ယူနေကြောင်းပါပဲ။  သူပြောလေ့ရှိတာကတော့ သူလက်လျှှော့မယ်စဉ်းစားမိလိုက်တာက သူရှေ့ ဆက်လျှောက်ဖို့ ခွန်အားပါပဲတဲ့။ ...

By:Kawi 01/08/2019
မားမာသဲရဲ့ ကြက်သားကင်နှင့် ဆန်လုံးညိုထမင်း (Healthy Meal) In:The Fit Slay Queens
0 1 0

The Fit Slay Queens အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Mama Thae က share ထားတဲ့ healthy lunch ပုံစံလေးက ထမင်း၊ အသား၊ ဟင်းသီးဟင်းရွက် အစုံပါတဲ့အတွက် ဝိတ်လည်းထိန်းချင်တယ် ထမင်းလည်းမဖြတ်ချင်ဘူးဆိုသူတွေအတွက် အဆင်ပြေမှာပါ။ ဒါ့အပြင် အရသာကလည်း asian taste လေးဖြစ်တဲ့အတွက် အားလုံးသဘောကျမယ်လို့မျှော်လင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းတစ်နပ်ဖြစ်အောင် မားမားသဲ ဘယ်လိုပြင်ဆင်ထားလဲဆိုတာြ ကည့်ရအောင်နော်။ ကြက်သားကင်နှင့် ဆန်လုံးညိုထမင်း ထမင်းကိုတော့ ဆန်လုံးညိုကိုချက်ထားပါတယ်။ ဆန်လုံးညိုမှာ အမျှှင်ဓါတ် (fibre) ပါဝင်မှုပိုများတဲ့ အပြင် အဆာလည်းပိုခံပါတယ်။ ကြက်သားကင် ပါဝင်ပစ္စည်းများ ကြက်ရင်ပုံသား …………… (၁၅၀) ဂရမ် ပံငန်ပြာရည်……………….. လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့် ပန်းရောင်ဆား ……………. လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့် သံလွင်ဆီ…………………..လက်ဖက်ရည်ဇွန်း တစ်ဝက် ကြက်သားကို ပန််းရောင်ဆား၊ ငရုတ်ကောင်းနဲ့နယ်ပြီး သံလွင်ဆီပါးပါးလေး ဆမ်းပြီး oven နဲ့ကင်ထားပါတယ်။ ဂျပန်တိုဖူးကြော် ဂျပန်တိုဖူးကိုတော့ သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဝက်၊ ပန်းရောင်ဆား လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံခန့် ထည့်ပြီး ကြော်ထားပါတယ်။ ဘိုစားပဲကြော် ဘိုစားပဲသီးလေးတွေကိုတော့ ပဲငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ပန်းရောင်ဆား လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ၊ ငရုပ်ကောင်းလက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံခန့် နဲ့သံလွင်ဆီ စတာတွေသုံးပြီးကြော်ထားပါတယ်။ အချိုပွဲ အတွက်ကိုတော့ သဘာဝ အသီးအနှံတွေပဲ စားဖြစ်ပါတယ်လို့ မားမားသဲက ပြောပါတယ်။ ကဲ… အခုဆို healthy diet ဆိုရင် ထမင်းဖြတ်ပြီး အရွက်ပြုတ်တွေပဲ စားရတော့မှာလားလို့ တွေးနေတဲ့ ပျိုမေတွေ ကိုယ်ဘာကိုယ်အိမ်မှာ ချက်စားလို့ရမယ်ထင်ပါတယ်။  ...

By:Kawi 10/07/2019
Super MaMa Thae (စူပါမားမားသဲ)ရဲ့ Salmon ငါးကင်နှင့် green salad In:The Fit Slay Queens
1 4 0

ခုချိန်မှာလူတော်တော်များများဟာ ကျန်းမာရေး လိုက်စားလာကြပြီ ဖြစ်ပြီး လူနေမှုပုံစံတွေကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်ကြိုးစားလာကြပါတယ်။ အထူးသဖြင့် ကျန်းမာလှပတဲ့ ခန္̕ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ချင်ကြပါတယ်။ တကယ်ကတော့ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ဆိုတာ ကျန်းမာသွက်လက်တဲ့ lifestyle တစ်ခုရဲ့များစွာသော အကျိုးကျေးဇူးတွေထဲက တစ်ခုလို့ပြောရမှာပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက်တော့ ကျစ်လစ်တဲ့ကိုယ်လုံး၊ သင့်တင့်မျှှတတဲ့ ကိုယ်အလေးချိန်စတာတွေဟာ မိန်းကလေးတိုင်းလိုလို လိုချင်ကြတဲ့အရာတွေဖြစ်ပါတယ်။ များပြားတဲ့အလုပ်တာဝန်၊ မိသားစုတာဝန်၊ ရွေးချယ်စရာ များလွန်းတဲ့အစားအသောက်တွေကြားမှာ ကိုယ်ကာယအလှကို ထိန်းထားရတာလည်း Challenge တစ်မျိုးပါပဲ။  တစ်နေ့ တစ်နေ့ healthy meal recipe အတွက်ခေါင်းခြောက်နေသူများအတွက် The Fit Slay Queens တစ်ဦးဖြစ်သူ MaMa Thae က ချက်ရလွယ်ကူတဲ့ healthy recipe တစ်ခုကိုအခုလို share ထားပါတယ်။  မားမားသဲဟာ ထမင်းလိုမျိုး ကစီဓာတ်ပါဝင်မှုများတဲ့အရာတွေအစား အရွက်၊အသားငါး စတာတွေကိုပိုစားဖြစ်ပါတယ်။ Salmon ငါးကင်နှင့် အရွက်စုံ salad အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။  Salmon ငါး ၂၅၀ ဂရမ်ခန့်သံလွင်ဆီပန်းရောင်ဆားငရုပ်ကောင်း တို့ပဲဖြစ်ပါတယ်။ Salmon ငါးကို အရင်ဆုံး ပန်းရောင်ဆား၊ ငရုပ်ကောင်းအနည်းငယ်ဖြင့် နယ်ထားရပါမယ်။ ဒယ်အိုးကို ဆီပါးပါးသုတ်ပြီး ငါးထည့်ပြီး ဆီပူလှိမ့်ကြော်ပေးရပါမယိ။ ငါးကိုအကျက်ညီအောင် လှန်ပေးရင်း ခဏဆိုရပါပြီ။  Salad အတွက်လိုအပ်တာတွေကတော့  ဆလပ်ရွက်ငရုပ်ပွချယ်ရီခရမ်းချဉ်သီးRocket အရွက်ထောပတ်သီးSalad dressing  ပဲဖြစ်ပါတယ်။  Salad dressing ကိုတော့ red wine vinegar, ပန်းရောင်ဆား၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ mustard sauce တွေနဲ့ ပြုလုပ်ထားပါတယ်။ ဒီလိုဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီးအရသာရှိတဲ့ salmon ငါးကင်နဲ့ green salad ကိုရရှိပါပြီ။ ကိုယ်ချက်ပြုတ်နေကျ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းချက်နည်းတွေ ရှိရင်လည်း ဒီ post လေးမှာ comment ပေးပြီး share ပေးဖို့ဖိတ်ခေါ်ပါတယ်။ ...

By:Kawi 30/06/2019
မိန်းကလေးတွေ အနှောင့်အယှက် ပေးခံရရင် ဘယ်လို တုံ့ပြန်သင့်လဲ? In:Kawi Inspires, The Fit Slay Queens
0 1 0

မိန်းကလေးတိုင်း အနည်းနဲ့အများဆိုသလို စနောက်ခံရတာကစလို့ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရသည် အထိတွေ့ကြုံရတတ်ပါတယ်။ တကယ်တော့ ကျားမ  မရွေး လိင်ပို်င်းဆိုင်ရာ နှောင့်ယှက်ခံရနိုင်ပေမယ့် မိန်းကလေးအများစုကတော့ နှုတ်ပိတ်နေဖို့ပဲရွေးချယ်တတ်ကြပါတယ်။ ဒါဟာ တကယ်ပဲအကောင်းဆုံးဖြေရှင်းနည်းလား???  The Fit Slay Queens အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Foodie Su ကတော့ Sexual harassment ကို ဆန့်ကျင်သူတစ်ဦးဖြစ်ပြီး သူသာကြုံတွေ့ခဲ့ရင် ဘယ်လိုတုန့်ပြန်မယ်ဆိုတာ အခုလိုပြောပြထားပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းမတူတဲ့အတွက် တုန့်ပြန်မှုခြင်းလည်း မတူနိုင်ပါဘူး။ Su ကတော့ အင်မတန်မှစိတ်မြန်တဲ့သူဆိုတော့ ကိုယ့်ကိုထိရင်မခံတတ်ပါဘူး။ ခုခေတ်မှာ မိန်းကလေးတစ်ယောက်ကို နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေးနို်င်ပါတယ်။ အရင်ကဆို အပြင်မှာ ထိကပါးရိကပါးအပြောခံရတာ၊ ကိုယ်ထိလက်ရောက်နှောင့်ယှက်တာ စသဖြင့်ကြုံရပါတယ်။ အခုခေတ်မှာပိုလာတာက online ပေါ်မှတဆင့် စာပို့တာ၊ ညစ်ညမ်းပုံပို့တာ၊ ကိုယ့်ပုံကိုယူသုံးတာတွေဟာ social media မှာ မိန်းကလေးအများစု ကြုံတွေ့နေရတဲ့ကိစ္စတွေပါ။ Su က မဟုတ်မခံမို့လို့လားမသိဘူး ကိုယ့်ကို အဲဒီလိုရိသဲ့သဲ့လုပ်ခံရရင် တိုက်ရိုက်သွားရှင်းတာများတယ်။ ရိသဲ့သဲ့ကြည့်တယ်နော်…. မပြောသေးဘူး။ ပါးစပ်ကသာ အသားယူတဲ့စကားတစ်ခုခု ပြောကြည့်….  Su ကတော့ ဒဲ့ရှင်းပြီပဲ။ မိုက်မိုက်ရိုင်းရိုင်းပြန်ပြောတာတော့ မဟုတ်ပါဘူး။ မကြိုက်ကြောင်း၊ ဆက်မလုပ်ဖို့အကြောင်း ပြောတာပါ။  လက်ပါ ပါရင်တော့ ဘာပြန်လုပ်မိမလဲမသိဘူး။ သေချာတာကတော့ ဒီတိုင်းတော့ငြိမ်မခံပါဘူး။ အနည်းဆုံးတော့ အော်တာပဲဖြစ်ဖြစ်လုပ်မိမှာပါ။ ဒါကနှောင့်ယှက်သူက လူနည်းစုဆိုရင်ပြောတာပေ့ါနော်။ ကိုယ်အရေးနိမ့်မယ်ထင်လို့ကတော့ Su တစ်ယောက်ပြေးပြီးသားပဲ (အပြေးကျင့်ထားတာ အလကားမဖြစ်ဘူးလေနော် 😛 )  ပတ်ဝန်းကျင်ကိုအကူအညီတောင်းမှာလား???  ကိုယ်ဘာမှမတတ်နိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ပြောမှာပါ။ လိုအပ်ရင်လိုအပ်သလို ပတ်ဝန်းကျင်အကူအညီယူဖို့ Su ဝန်မလေးပါဘူး။ အဓိက Su ပြောချင်တာကတော့ မိန်းကလေးတွေ အခြေအနေကိုလိုက်ပြီး တုန့်ပြန်နိုင်ဖို့ပါပဲ။ သူများကူညီပေးတာကနောက်။ ဘယ်ကိစ္စမဆို ကိုယ်တိုင် ဆုံးဖြတ်ဖြေရှင်းနိုင်ဖို့က အရေးကြီးပါတယ်။ မိဘက ကိုယ့်ရုပ်လေးကို လူသတိပြုချင်စရာ မွေးပေးထားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ၊ ကိုယ့်အန္တရာယ် တတ်နိုင်သလောက် ကာကွယ်တတ်အောင်တော့ကြိုးစားရမှာပေါ့နော် …. ...

By:Kawi 28/06/2019
“မသိချင်ယောင်မဆောင်ကြပါနဲ့” In:Inspiration/Aspiration/Motivation, Kawi Inspires, The Fit Slay Queens
0 3 0

ဟိုတစ်ရက်က ကိုယ်နဲ့ သူငယ်ချင်းကောင်လေးတစ်ယောက် ကော်ဖီအတူ ထိုင်သောက်ဖြစ်တယ်။ အဲ့အချိန်မှာ ကောင်မလေး ချောချောလေး တစ်ယောက်ဖြတ်သွားတယ်။ ကိုယ်တွေ နှစ်ယောက်လုံး ငမ်းကြတာပေါ့။ ဘေးဝိုင်းက ကောင်လေးတစ်သိုက်လည်း ကြည့်ကြတယ်။ သူတို့က ကြည့်ရုံတင်မကပဲ ကောင်မလေးကိုယ်လုံးကို ရည်ရွယ်ပြီး မကြားတကြား စကြသေးတယ်။ တစ်ယောက်က နမ်းတဲ့ပုံတောင် လုပ်ပြလိုက်သေးတယ်။ ဒါကို မြင်ဖြစ်အောင် မြင်လိုက်တဲ့ ကိုယ်က ဘေးကသူငယ််ချင်းကို ပြောမိတယ်။ “နင်တို့ယောကျ်ားလေးတွေကလည်း ဆိုးလိုက်တာ” လို့။ သူငယ်ချင်းက လည်းပြန်ပြောတယ် “you, racist” တဲ့၊ ပြီးမှသူကပဲ ”ယောက်ျားလေးပဲ ဒီလောက်တော့ရှိမှာပေါ့” လို့ပြောတယ်။ ကိုယ်ကလည်း ပြန်ပြောမိတယ် နင်လည်းယောက်ျားလေးပဲ နင်ရောလုပ်လို့လားပေါ့လေ။ သူခဏတော့တွေဝေသွားတယ်။ ပြီးတော့မှ “ယောကျ်ားလေးသဘာဝ ကြည့်တာလောက်တော့ရှိတာပေါ့၊ ဒီထက်တော့ မပိုဖူးဘူး” လို့ပြန်ဖြေတယ်။ ဒီအကြောင်းပြောရင်းမှ ကိုယ့်ရဲ့မိန်းကလေးသူငယ်ချင်း တစ်ယောက်လည်း ဟိုတလောက အလားတူအဖြစ်မျိုးကြုံထားဖူးတာတောင် သွားသတိရမိသေးတယ်။ 🤔🤔🤔 ခုနကအဖြစ်မျိုးဟာ ပုံမှန်ကြည့်ရင် မိန်းကလေးတစ်ယောက်ကို စရုံပါပဲ။ ဒီမှာပြောချင်တာက ရိုးရိုးလှလို့ စတာနောက်တာနဲ့ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ပြုမူတာကွာပါတယ်။ အထူးသဖြင့် လိင်ကိစ္စကိုရည်ညွှန်းပြီး ပြောဆိုတာမျိုးဟာ sexual harassment တစ်မျိုးဖြစ်ပါတယ်။ တချို့လူတွေက မိန်းကလေးတစ်ယောက်ကို မဖွယ်မရာစနောက်တာ၊ စာပို့တာ၊ အမူအရာလုပ်ပြတာမျိုးတွေရှိပါတယ်။ စနောက်တဲ့သူတွေက သိသိနဲ့သော်လည်းကောင်း၊ ဘာမှမဖြစ်လောက်ပါဘူးလို့ ယူဆပြီးသော်လည်းကောင်း ပြုမူလိုက်တာက လူတစ်ဖက်သားကို နေရခက်စေရုံသာမက ထပ်တလဲလဲဖြစ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး စိတ်ဒဏ်ရာပါရစေနိိုင်ပါတယ်။ ဒီလိုကနေ တစ်ဆင့်တက်ပြီး ကိုယ်ထိလက်ရောက် စနောက်အသားယူတာ၊ စော်ကားတာမျိုးအထိ ဖြစ် လာနိုင်ပါတယ်။ များသောအားဖြင့် မိန်းကလေး တစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားရင် ကြည့်နေမယ့်သူ ရှားပါလိမ့်မယ်။ ဒါပေမယ့် နှုတ်နဲ့ပြောဆိုရင်၊ အမူအရာလုပ်ပြရင်တော့ ပတ်ဝန်းကျင်က တုံ့ပြန်မှုနည်းပါတယ်။ ကာယကံရှင်မိန်းကလေး အနေနဲ့လည်း ပြန်လည်တုံ့ပြန်ဖို့ အခြေအနေမပေးရင် ငြိမ်လိုက်ရတာများပါတယ်။ 😞😞😞 ဒါဆို ဘယ်လိုတုံ့ပြန်မလဲ ???တုံ့ပြန်ဖို့ဆိုတာထက် ပြုမူတဲ့သူတွေနည်းသွားမှသာ ပိုကောင်းမှာပါ။ ကိုယ့်သူငယ်ချင်း မိတ်ဆွေထဲက ဒီလိုပြောတာ၊ပြုမူတာတွေ့ရင် မလုပ်သင့်ကြောင်း၊မကြိုက်ကြောင်းဖော်ပြရပါမယ်။ ရိပ်ဖမ်းသံဖမ်းပြောလို့မှ မရပ်ရင် ပွင့်ပွင့်လင်းလင်းပြောပြီးတားပါ။ လိုအပ်ရင် ပတ်ဝန်းကျင်ကိုပါ အသိပေးရပါမယ်။ အဓိက ကတော့ ကိုယ့်ညီမ၊ ကိုယ့်သူငယ်ချင်းသာ ဒီလိုအပြောခံရရင်ဆိုပြီး တွေးကြည့်ရင် ဒီကိစ္စဟာ ရိုင်းပြတဲ့အကျင့်စရိုက်ဆိုတာ လက်ခံလာမှာပါ။ ဘယ်လို ကာကွယ်ကြမလဲ ?? လူတစ်ယောက်ကို မဖွယ်မရာ စနောက်တာ၊ လက်ဆော့တာ အလွန်ဆိုးတဲ့အပြုအမူဖြစ်ပါတယ်။ မိ်န်းကလေးတွေကိုချည်း အနေအထိုင်မတတ်လို့၊ သွားလာနေလို့ဆိုပြီး အပြစ်တင်နေရုံနဲ့ မရပါဘူး။ လူတွေက ဒါမျိုးတွေဖြစ်နေတာကို သမရိုးကျဖြစ်စဉ်တစ်ခုလို လက်ခံထားရင် ဆက်ဖြစ်နေဦးမှာပါပဲ။ ဒီအစား ဝိုင်းဝန်း ရှုံ့ချရမှာပါ။ ကို်ယ်နဲ့သိတဲ့သူ ခံရမှ တစ်ခုခုတုံ့ပြန်တာထက်စာရင် ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီအကျင့်ရှိသူကင်းအောင် လုပ်ထားတာပိုကောင်းတာပေါ့နော်။ ရှိနေရင်လည်း ရှက်တတ်အောင်ပြောရမယ်လေ။ တကယ်က ယောကျ်ား၊ မိန်းမရယ် မဟုတ်ပါဘူး။ “ My name is khan” ရုပ်ရှင်ထဲကလို ပြောရရင်လောကမှာ လူကောင်းနဲ့လူဆိုးပဲ ရှိပါတယ်။ ဒါကြောင့် အားလုံးက မသိချင်ယောင်ဆောင်မနေဘဲ ပြုသူကိုဟန့်တား ပေးမှထိရောက်မှာပါ။ ကိုယ့် အနေနဲ့တော့ ကြုံရင်ကြုံသလို ကိုယ်နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ မြင်ရင် ပြောလေ့ရှိပါတယ်။ ကိုယ့်ချစ်သူကအစ မောင်နှမတွေရော ယောကျ်ားလေးသူငယ်ချင်းတွေရော အဲဒီလိုဖြစ်မှာ အရမ်းစိုးရိမ်တဲ့အတွက် မကြာခဏပြောဖြစ်ပါတယ်။ ကိုယ်တိုင်မလုပ်ရုံတင်မဟုတ်ဘဲ သူတို့သူငယ်ချင်းတွေ လုပ်တာမြင်ရင်တားဖို့အထိပေါ့။ ဒါမျိုးတွေဟာ မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့အတွက် အမြင်မတော်တာတွေ့ရင် ငြိမ်မနေဘဲ များများပြောပေးကြပါလို့ ပြောချင်ပါတယ်။🤗🤗🤗 ...

By:Kawi 21/06/2019
လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို သူမသမီးလေးကိုယ်တိုင် ကာကွယ်တတတ်စေဖို့ Super MaMa Thae ကဘာတွေပြောပြခဲ့သလဲ? In:Kawi Inspires, The Fit Slay Queens
0 2 0

“ဖေဖေလည်း ယောကျ်ားလေးပဲလေ” လို့ပြောလာတဲ့ သမီးစကားကို တုန့်ပြန်ဖို့ ကျွန်မဦးနှောက်တွေ ဘာလို့အလုပ်မလုပ်ပါလိမ့် ။ အခုတလောကြားနေရတာတွေက သက်ငယ်မုဒိမ်းမှုတွေ ကလေးငယ်လေးတွေကို sexual abuse လုပ်တဲ့ မှုခင်းတွေများလာပါတယ်။ ဒီသတင်းတွေကြားပြီး မိဘတွေလည်း ကိုယ့်ကလေးကိုယ် ကျောင်းတောင် စိတ်ဖြောင့်လက်ဖြောင့် လွှတ်ဖို့ခက်လာကြပါပြီ။ အထူးသဖြင့် သမီးမိန်းကလေး မွေးထားတဲ့မိဘတွေပေါ့။ အမေနဲ့ အဖေ ယှဉ်လာရင်တောင် မိခင်တွေက ပိုစိတ်ပူတတ်ကြတယ်မလား။ ကျွန်မ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ ယောက်ျားတစ်ယောက်လို သန်မာရင် သန်မာမယ်၊ စီးပွားရေးမှာ ထက်မြက်ရင်ထက်မြက်မယ်၊ တာဝန်ကျေပွန်တဲ့ အိမ်ရှင်မကောင်းဖြစ်ရင်ဖြစ်မယ်၊ သမီးလေးနဲ့ပတ်သက် လာရင် ကျွန်မရဲ့ မာကြောထက်မြက်မှုတွေ ပျောက်ဆုံးရစမြဲပါ။ ဒါကို သမီးလေးသဘောပေါက်ဖို့ အရမ်းစောနေပါသေးတယ်။ ဘာမဆို သမီးလေးအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ မိခင်စိတ်အရ သမီးလေးလိုချင်တာ ဖြည့်ဆည်းပေးချင်လျက်နဲ့ ဖြစ်သင့်တာပဲလုပ်ပေးခဲ့ပါတယ်။ အခုလည်း မှုခင်းသတင်းတွေ ကြားနေရတော့ ကျွန်မ တော်တော်စိတ်ပူမိပါတယ်။ လူတွေကို ခင်တတ်တဲ့ ကျွန်မသမီးလေး မသမာသူတစ်ယောက်ယောက်ရဲ့  အခွင့်အရေးယူတာ မခံရစေချင်ဘူးလေ။ ဒါကို ကာကွယ်ဖို့ဆိုရင် သမီးလေးကိုယ်တိုင် မူမမှန်တဲ့အပြုအမူမျိုးဆိုတာ ဘာလဲဆိုတာသိဖို့လိုပါတယ်။ အစကတော့ သမီးလေးများအရမ်းငယ်နေသေးမလားလို့ တွေးမိပါသေးတယ်။ နောက်ပိုင်းဖြစ်တဲ့့့ဖြစ်ရပ် တွေက နှစ်နှစ်အရွယ်ကလေးတွေပါ ပါလာတော့ သမီးကို ကြိုတင်သတိပေးတဲ့အပြင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာနဲ့ ပတ်သက်ပြီး ပြောပြမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ၁။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြတာ ပထမဆုံး စပြောဖြစ်တာက private parts တွေအကြောင်းပေါ့။ ရင်ဘတ်နဲ့ မိန်းမကိုယ် နေရာတွေကို သမီးလေးသိလားလို့ မေးကြည့်တော့ ရှုရှုးပေါက်တဲ့နေရာတဲ့။ သမီးလေးကို ပြောပြထားတယ် အဲဒီနေရာတွေကို “ရှက်ရှက်” လို့ခေါ်ကြောင်းနဲ့ ဘယ်သူမှလာကိုင်တာ လက်မခံဖို့ပေါ့။ လာထိဖို့ကြိုးစားရင်လည်း ကျွန်မကို ပြန်ပြောဖို့အကြောင်းပေါ့။ စူးစမ်းတတ်တဲ့သမီးလေးက ပြန်မေးတယ် မေမေနဲ့ ဖေဖေရောတဲ့။ ကျွန်မ အကြပ်ရိုက်သွားပါတယ်။ သမီးကို မေမေနဲ့တီတီတို့က ရေခိိျုးသန့်ရှင်းရေးလုပ် ပေးတာကလွဲပြီး မကိုင်မယ့်အကြောင်း ပြောပြဖြစ်ပါတယ်။ နောက်ဆို သမီးကိုယ်တိုင်ပဲ သန့်ရှင်းရေးလုပ်ရ မှာဖြစ်ကြောင်း ပြောထားရတာပေါ့။ …………………………….. ၂။ ယောကျ်ား၊ မိန်းမကွာခြားကြောင်း ဒါကို သမီးကိုရှင်းပြဖို့ ကျွန်မတော်တော် သတိထားလိုက်ရပါတယ်။ ပထမဆုံး အခက်အခဲကတော့ ခုနက သမီးလေးမေးလိုက်တဲ့ ဖေဖေရောဆိုတဲ့ မေးခွန်းပါ။ သမီးလေး သူ့အဖေကို ရှိန်မသွားစေချင်တာလည်း တစ်ကြောင်းပါ ပါတယ်။ ဖေဖေတင်မကဘဲ သမီးအရမ်းခင်တဲ့ ကိုကိုတွေ၊ ဦးဦးတွေပါ ယောကျ်ားလေးတွေ ဖြစ်ကြောင်း ရှင်းပြရပါတယ်။ ကျောင်းမှာ ရွယ်တူသူငယ််ချင်းဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ကြောင်းနဲ့ သူတို့နဲ့ မိန်းကလေးတွေ သဘာဝမတူတဲ့အတွက် အလွန်အမင်း နီးနီးကပ်ကပ် မနေဖို့မှာရပါတယ်။ မှုခင်းတော်တော်များများမှာ ကလေးနဲ့ မြင်ဖူး၊ ရင်းနှီးဖူးတဲ့သူတွေ ကျူးလွန်တတ် တဲ့အတွက်ကြောင့် အခုလိုမှာဖြစ်တာပါ။ အဓိက ကတော့ private area တွေကို လာရောက် အကိုင်တွယ်မခံဖို့ မှာရပါတယ်။ ……………………………. ၃။ မူမမှန်တဲ့အပြုအမူမျိုးကို ရှင်းပြပါ။ အရင်က ကျွန်မနဲ့သမီးလေး ကာတွန်းကားတွေကြည့်လို့ နမ်းတဲ့အခန်းတွေပါလာရင် မျက်စိ မှိတ်လေ့ရှိပါတယ်။ အခုတော့ ကျွန်မနဲ့အတူ ကြည့်ခိုင်းရင်း ပြောပြဖြစ်ပါတယ်။ တစ်ယောက်က သမီးရဲ့ ပါးစပ်ကိုနမ်းတာ သူတို့ပါးစပ်ကို နမ်းခိုင်းတာ၊ သူတို့ ရှက်ရှက်တွေကို ထိခိုင်းတာမျိုးရှိရင် မလုပ်ဖို့နဲ့ ကျွန်မကို ပြန်ပြောဖို့မှာရပါတယ်။ နောက်ပြီး သမီးမသိတဲ့ စကားလုံးတွေသုံးပြီး နေရခက်လောက် အောင်စနောက်ရင် ပြန်ပြောဖို့ လည်းမှာရပါတယ်။ …………………………….. ၄။ လူတွေကိုသတိထားဖို့ မသိတဲ့သူတွေဆီက ကျွေးတာမစားဖို့ မယူဖို့ပြောဖြစ်ပါတယ်။ မေမေခေါ်ခိုင်းတယ် ပြောတိုင်းလည်း လိုက်မသွားဖို့ရောပေါ့။ မေမေခေါ်ခိုင်းရင် စကားဝှက်ပြောခိုင်းလိုက်ဆိုပြီး စကားဝှက်လေးတွေ သင်ထားပေးဖြစ်ပါတယ်။ ……………………………… ၅။ တစ်ခုခုဆို ပြန်ပြောဖို့ ဘာပဲဖြစ်ဖြစ် သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ရင်၊ ထိပါးဖို့ကြိုးစားရင် ဘယ်သူလုပ်လုပ် ပြန်ပြောဖို့ပါ။ သူငယ်ချင်းမိန်ကလေးတွေ ကြုံရရင်လည်း အသိပေးဖို့မှာဖြစ်ပါတယ်။ သမီးလေး နည်းနည်းကြီးလာရင်တော့ ဒီထက်ပိုပြီး မျိုးဆက်ပွားကျန်းမာရေးအကြောင်း ရှင်းပြဖြစ်မှာပါ။ နှစ်အနည်းငယ်မှာပဲ သမီးလေးကို ရာသီသွေးပေါ်တာနဲ့ပတ်သက်ပြီး ပြောပြရတော့မယ်။ နောက်ဆို ဘဝအကြောင်း၊ အိမ်ထောင်ရေးအကြောင်းတွေ ပြောပြရတော့မယ်။ သမီးလေး အသက်ကြီးလာတာနဲ့အမျှ ပြောရမယ့်အကြောင်းအရာတွေ များလာတော့မယ်။ အခုချိန်မှာ သူ့အသိဉာဏ်လေးနဲ့ ကိုယ့်ဘာသာကိုယ် ကာကွယ်တတ်စေချင်တဲ့အတွက် ကျွန်မသိသလောက် မျှှဝေပေးဖြစ်ပါတယ်။ ကလေးတွေအမြင်မှာ မိဘတွေက သူတို့ရဲ့သူရဲကောင်းဖြစ်ချင်ဖြစ်မယ်။ ကျွန်မ သမီးလေးကိုတော့ သူ့ဘဝရဲ့ သူရဲကောင်းကို သူကိုယ်တိုင်ပဲဖြစ်စေချင်တာ ကျွန်မ မမှားဘူးထင်ပါတယ်။ ...

By:Kawi 14/06/2019
လိင်ပိုင်းဆိုင်ရာ အသားယူခံရတဲ့အခါ ဘယ်သူပိုရှက်သင့်လဲ? In:Kawi Inspires, The Fit Slay Queens
1 2 0

လိင်ပိုင်းဆိုင်ရာ အသားယူခံရမှုဟာ အမျိုးသမီးအများစု ကြုံတွေ့လေ့ရှိတဲ့ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်တွေ ကြုံတွေ့ရတဲ့အခါမှာ ကာယကံရှင်တွေအနေနဲ့ ဖွင့်ဟပြောဆိုဖို့ ဝန်လေးတတ်ကြပါတယ်။ ဒါပေမယ့် The Fit Slay Queens အဖွဲ့ဝင်ထဲက Princess Khine ကတော့ သူမ လတ်တလော ကြုံတွေ့ခဲ့ရတဲ့ Sexual Harassment အကြောင်းကို အခုလို ဖွင့်ပြောထားတာ တွေ့ရမှာဖြစ်ပါတယ်။ “အဲဒီ နှာဘူးကောင်ကို ငါတစ်ခုခုပြောခဲ့သင့်တာ” ယောကျ်ားလေးတစ်ယောက် အသားယူတာခံခဲ့ဖူးတဲ့ မိန်းကလေးတိုင်း စိတ်ထဲမှာ အဲဒီလို အကြိမ်တစ်ထောင် လောက်တွေးမိမယ်ထင်ပါတယ်၊ ဆတ်ဆတ်ကြဲတွေ ဆိုရင်တော့ ထီးနဲ့ပါ ရိုက်ပြီးသားဖြစ်နိုင်ပေမယ့် ကိုယ်ကျတော့ ရိုက်ဖို့နေနေသာသာ ရုတ်တရက်ကြုံလိုက်ရတော့ တော်တော်ထူပူသွားပါတယ်။ ဒါပေမယ့် ဒီအတိုင်းလည်း ငြိမ်မခံနိုင်လို့ ပြီးတော့ ကိုယ့်လို ခံလိုက်ရတဲ့ မိန်းကလေးတွေရော ဘယ်လိုမျိုးတွေ ဖြေရှင်းကြလဲဆိုတာကို သိချင်လို့ ဒီအဖြစ်ကို share လိုက်တာပါ။ ဒီစာကိုဖတ်နေတဲ့ အစ်မတွေ ညီမတွေဆီက sexual harassment နဲ့ ပတ်သက်တဲ့အမြင်ကိုလည်း သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီိလိိုမျိုးကြုံဖူးတာ ကို်ယ်တစ်ယောက်တည်း မဟုတ်လောက်ဘူး ထင်လို့ပါ။ ဟိုတစ်ရက်က မြန်မာပလာဇာကို မာမားနဲ့ အတူသွားခဲ့ပါတယ်။ ဓာတ်လှေကားထဲဝင်ခါနီးမှာ မျက်နှာချင်းဆိုင်က လာနေတဲ့ ယောကျ်ားလေး နှစ်ယောက်က ဝင်တိုက်တာ ခံလို်က်ရပါတယ်။ ရုတ်တရတ်ဆိုတော့ တမင်ပဲဝင်တိုက်တာလား မတော်တဆတိုက်မိတာပဲလားကို ချက်ချင်းမသိလိုက်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကောင်လေးတစ်ယောက်ရဲ့ လက်က ကိုယ့်ခန္ဓာကိုယ်က နေရာတစ်ခုကို လာထိသွားပါတယ်။ အဲဒါကတော့ မတော်တဆ မဟုတ်တာ လုံးဝသေချာသွားလို့ သူတို့ကို လှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်လုံးရဲ့ အကြည့်နဲ့ မျက်နှာပေးက “ဟားဟား… မင်းဒေါသထွက်သွားလား? ဒေါသထွက်သွားလည်း မတတ်နိုင်ဘူး။ မင်းလို မိန်းကလေးက ဒီနေရာမှာ ငါတို့ကို ဘာမှ ပြန်လုပ်လို့ မရပါဘူးကွာ။” ဆိုတဲ့ အကြည့် နဲ့ မျက်နှာပေးတွေပါ။ ရုတ်တရက်မို့ ကြောင်သွားတာရော ဒေါသထွက်တာရောပေါင်းပြီး ဘာမှ မလုပ်လိုက်ရဘဲနဲ့ ဒေါသတွေပဲ အရမ်းထွက်ပြီး ကျန်ခဲ့ပါတယ်။ သူတို့ရုပ်တွေက နောင်တရဖို့ဝေလာဝေး ငါဒီထက်ပိုကိုင်လိုက်ရ ကောင်းသားဆိုတဲ့ ပြီတီတီရုပ်တွေနဲ့ပါ။ နဂို အံ့အားသင့်ဒေါသထွက်နေတဲ့စိတ်ကနေ ရွံရှာတဲ့စိတ်၊ ဒီလိုလူမျိုးတွေက ငါ့အသားကိုထိသွားလေခြင်းဆိုပြီး ၀မ်းနည်းတဲ့စိတ်တွေအဖြစ် ပြောင်းသွားပါတယ်။ ဒီအဖြစ်အပျက်မှာ ပထမဆုံး ခံစားခဲ့ရတာက ရှက်ကြောက်ရွံရှာစိတ်ပါ။ ကိုယ့်ဘာသာလည်း ပြန်စဉ်းစားမိတယ်။ ကိုယ် ၀တ်တာစားတာများ လျှပ်ပေါ်လော်လီ ဖြစ်နေလို့လားပေါ့။ အဲဒီနေ့က ၀တ်ထားတာက ဒူးဖုံးတဲ့ဂါ၀န်ပွပွလေးပါ။ နေရာကလည်း လူတွေ အများကြီး လာနေတဲ့ Myanmar Plaza… ပြီးတော့ ဘေးမှာ အမေတစ်ယောက်လုံးလည်းပါနေပါတယ်။ သေချာပြန်စဉ်းစားကြည့်တော့ ကိုယ့်ဘက်က မမှားပါဘူး။ လူတစ်ယောက်မှာ ကိုယ်ကြိုက်တာ ကိုယ်ဝတ်ပိုင်ခွင့်ရှိတာလည်း လက်ခံပါတယ်။ ကိိုယ့်နိုင်ငံယဉ်ကျေးမှုအရ နေရာဒေသအလိုက် ၀တ်စားဆင်ယင်တာမျိုး ရှိတာက လွဲရင်ပေါ့။ ကိုယ့်စိတ်ကိုလည်း ကိုယ် ပြန်ဆန်းစစ်မိတယ်။ ငါဘာလို့များ အမှားကို ငါ့ဆီမှာအရင်စရှာနေမိပါလိမ့်လို့။ ဒီနေရာမှာ အနောက်နိုင်ငံက မိ််န်းကလေးတစ်ယောက်ဆိုရင် သူ့ဘာသာ two piece ၀တ်ထားပါစေဦး… ငါ၀တ်တာများ မှားနေလို့လားလို့ တွေးမိမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာနဲ့ မတူတာက ဒီက society မှာ ခံရတဲ့ဘက်ကို ဖိပြောတဲ့ (victim blaming) ပိုများနေပြီး သူ့ဘက်ကိုယ့်ဘက်မျှတတဲ့တွေးခေါ်ပေးမှုနဲ့ တကယ်မှားနေတဲ့ အကြောင်းရင်းကို ဂရုပြုမှု (awareness) နည်းနေပါသေးတယ်။ တချို့ မိန်းကလေးတွေ ကြုံဖူးမှာပါ။ သူတို့ အစခံရကြောင်း လိင်ပိုင်းဆိုင်ရာအစော်ကားခံရကြောင်း (ဥပမာ တမင်ဝင်တိုက်ပြီးအသားယူသွားတာ) အိမ်ကိုပြောပြတဲ့အခါ သူတို့ ပြန်ကြားရတတ်တာက “နင်ကိုက လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်တာကိုး”၊ “နင်ကိုက စကတ်တိုနံ့နံ့ဝတ်တာကိုး”၊ “သူတို့တွေနဲ့ ပြိုင်ပြီး ရန်မဖြစ်နဲ့။ နင့်ကို တစ်ခုခု လုပ်သွားရင် ဘယ်လိုလုပ်မလဲ သည်းခံလိုက်” စတာတွေကို ကြားရတတ်ပါလိမ့်မယ်။ အနည်းစုပေါ့။ အများစုကတော့… နောက်ဆို သတိထားသွားဖို့၊ အတိုအပြတ်မဝတ်ဖို့ အပြောခံရပါလိမ့်မယ်။ မိသားစုဝင်တွေက ကိုယ့်ကိုစိတ်ပူလို့၊ ဂရုစိုက်လို့ပြောတာမှန်ပါတယ်။ ဒါပေမယ့် ဒါမိန်းကလေးတွေရဲ့ လွတ်လပ်ခွင့်ပါ။ မိန်းကလေးတွေချည်း ဆင်ခြင်သင့်တဲ့ကိစ္စလို့လည်း မထင်မိပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင်တော့ များသောအားဖြင့် မိန်းကလေးတွေကို ဆင်ခြင်သင့်ကြောင်းပြောတာပဲ များပါလိမ့်မယ်။ ယောကျ်ားလေးတွေကို ဒီလိုမျိုး မလုပ်သင့်ကြောင်း တခုတ်တရရှင်းပြမယ့်သူရှားနေပါတယ်။ Sexual harassment မှ မဟုတ်ပါဘူး။ အခု လတ်တလော ဖြစ်သွားခဲ့တဲ့ ရေခဲတောင်ခရီးစဉ်မှာ ခြေချော်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မစိမ့်ထက်ရဲ့ ကိစ္စကိုပဲကြည့်ပါ။ Comment တစ်ခုမှာဖတ်လိုက်ရပါတယ်။ “တောင်တက်တယ်ဆိုတာ မိန်းကလေး လုပ်စရာလား?” ဆိုပြီးတော့ပေါ့။ မိန်းကလေးတစ်ယောက် စွန့်စားချင်တာကောင်းတဲ့ကိစ္စတစ်ခုပါ။ အားလုံး အတူကူညီဖန်တီးပေးရမှာက မိန်းကလေးတွေအတွက် safe ဖြစ်တဲ့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးဖို့ပါ။ ဒါမှတကယ် ပြဿနာဖြစ်စေတဲ့ အရာတွေကို အတူပူးပေါင်းဖြေရှင်းလို့ရမှာပါ။ ကိုယ်တွေ့ကြုံလိုက်ရတဲ့ အဖြစ်မျိုးတွေ၊ ကာယကံမြောက် အစော်ကားခံလိုက်ရတာမျိုးတွေမှ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရခြင်း (sexual harassment) လို့ သတ်မှတ်လို့ရတာမဟုတ်ပါဘူး။ ကာယကံမြောက်စော်ကားမှုမျိုးသာမက sexual harassment လို့ ပြောနိုင်တဲ့ အပြုအမူတွေ အများကြီးရှိပါတယ်။ ဥပမာ ကိုယ်လမ်းဖြတ်လျှောက်သွားတဲ့အချိန်မှာ ရိသဲ့သဲ့ လုပ်ချင်တဲ့သဘောနဲ့ လေချွန်ပြီး အစခံလိုက်ရတာမျိုး၊ စကားလုံးတွေနဲ့ ရိသဲ့သဲ့စတာမျိုး၊ မျက်နှာအမူအရာနဲ့ပဲဖြစ်ဖြစ် မိန်းကလေးတွေ စိတ်ထဲမှာ မသက်မသာ ခံစားမိစေတဲ့အမူအရာမျိုး (ဥပမာ နမ်းတဲ့ပုံ လုပ်ပြလိုက်တာ) မျိုးတွေလည်း ပါပါတယ်။ မိန်းကလေးတွေ ဒီလိုမျိုး ကြုံရတဲ့အခါ သိစေချင်တာက ဒါ အဆင်မပြေပါဘူး။ လက်ခံသင့်တဲ့ အပြုအမူမျိုး မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ကို ဒီလိို်မျိုးဆက်ဆံတာမျိုးဟာ ရှုံ့ချစရာ၊ ရှက်စရာ ဖြစ်ကြောင်းကို တစ်နည်းနည်းနဲ့ ဖော်ပြခဲ့သင့်တာပါ။ ကိုယ်ကြုံခဲ့တုန်းက ဘာမှ မလုပ်နိုင်ခဲ့လိုက်နိုင်ပေမယ့် ကိုယ့်လို ထပ်ကြုံရမယ့် မိန်းကလေးတွေများ ရှိခဲ့ရင် ကြောက်လို့ ရှက်လို့ ဘာမှမတုံ့ပြန်လို်က်ရတာမျိုး မဖြစ်ရလေအောင် ပြောပြချင်တာပါ။ တချို့ group တွေမှာ မိန်းကလေးတွေ ရင်ဖွင့်တာတွေလည်း တွေ့ဖူးပါတယ်။ ကိုယ်ဘာမှမတုံ့ပြန်နိုင်ခဲ့တဲ့ ဒီလိုအခြေအနေမျိုးမှာ ဘေးကလူတွေ လုပ်ပေးနို်င်တာက ဒီလိုအပြုအမူတွေဟာ လူတစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာရယ်၊ ဒီလိုအပြုအမူတွေကို တွေ့တိုင်း အားလုံး ဝိုင်းပြီး ရှုံ့ချ action ယူသင့်တယ်ဆိုတာရယ်ကို လူတွေကြားထဲ ကျယ်ပြန့်သထက် ကျယ်ပြန့်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမှာပါ။ ဒီကောင်မလေး ဒါမျိုးပြုမူခံရအောင် ဘယ်လိုများ ဝတ်စားဆင်ယင်ပြုမူနေထိုင်နေလဲမှ မသိတာ ဆိုတာထက် ဘယ်လိုကောင်မျိုးက ဒီလိုမကောင်းတဲ့ အပြုအမူမျိုးလုပ်လိုက်ပါလိမ့်ဆိုပြီး တွေးလာတတ်ဖို့ အရင် လုပ်ဆောင်ကြရမှာပါ။ မိန်းကလေးထုထဲမှာသာမက ယောက်ျားလေးတွေနဲ့ လူ့ပတ်ဝန်းကျင်ကပါ ဒါမျိုးပြုမူသူကို ရှုံ့ချစရာ၊ ရှက်စရာ အဖြစ်မြင်လာတဲ့အထိ လုပ်ဆောင်ကြရမှာပါ။ အခုရေးတော့သာ ပေါ့ပေ့ါပါးပါး ရေးနိုင်တာပါ။ ဖြစ်စကဆို တော်တော်ဝမ်းနည်းတာပါ။ နောက်မှသာ “ကိုယ် ရှက်ရမှာထက် …. လုပ်တဲ့သူတွေသာ ရှက်ရမှာ” ဆိုပြီးတွေးမိလာတာပါ။ ရှက်ကြောက် ၀မ်းနည်းဖြစ်တာ မှန်ပေမယ့် ဒီအဖြစ်ကို ပြုမူခံရသူရဲ့ စိတ်ထဲမှာတွေးနေတာက ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ ပျော်ရွှင်သင့်တဲ့ အချိန်တွေနစ်နာပါတယ်။ ဒီတော့ ဒီအဖြစ်ကြောင့် ကိုယ့်ကိုုကိုယ် ငါဘာမှားနေလဲ ဆိုပြီးလည်းမတွေးတော့ပါဘူး။ ဒီလိုကိစ္စမျိုးကို ကိုယ်သာမကဘဲ တခြားအမျိုးသမီးတွေလည်း တစ်နည်းနည်းနဲ့ sexual harassment လုပ်ခံရဖူးမယ်လို့ ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့အခါ victim ဖြစ်တာ ရှက်စရာလို့မမြင်ဘဲ ပြုလုပ်သူသာ ရှက်သင့်ကြောင်း ၀ို်င်းဝန်းရှုံ့ချပေးမယ့်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ Being sexually harassed is not ok at all. We are not wrong to be ourselves. We cannot let it affect our lives. ...

By:Kawi 07/06/2019
Super MaMa Thae ရဲ့ သမီးလေးအတွက် Lunch Box Recipe In:Kawi Inspires, The Fit Slay Queens
1 2 0

Super MaMa Thae က ဘယ်လောက်ပဲအလုပ်တွေ ရှုပ်နေပါစေ သူ့သမီးလေးအတွက် နေ့လည်စာ(lunch box) ကိုတော့ အမြဲတမ်း ဖွယ်ဖွယ်ရာရာလေး လုပ်ပေးလေ့ရှိပါတယ်။ ကလေးရဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင်ရော မြင်လိုက်တာနဲ့ စားချင်စိတ်လေး ဖြစ်ပေါ်နေအောင်ပါ သေချာလေး အချိန်ပေးပြီး ပြင်ဆင်ပေးထားတာပါ။ သူပြင်ပေးထားတဲ့ lunch box လေးကို ကြည့်လိုက်တာနဲ့တင် သူ့သမီးလေးအပေါ် ဘယ်လောက်ထိ ဂရုတစိုက်ရှိလဲဆိုတာကိုပါ သိနိုင်ပါတယ်။ Super MaMa Thae က သူ့ရဲ့သမီးလေးအတွက် ကျောင်းမှာစားဖို့ နေ့လည်စာ(lunch box)  recipe လေးတွေကတော့… ပထမဆုံးတစ်ခုကတော့……ထမင်းဆီဆမ်း၊ cherry tomato ကြက်ဥကြော်၊ မုန်လာဥနီကြော်နဲ့ cheese sausage လေးပဲဖြစ်ပါတယ်။ အချိုတည်းဖို့ကတော့ ကိုယ်တိုင်လုပ်ထားတဲ့ blueberry cake လေးနဲ့ ကွတ်ကီးလေးပါ။ Cherry tomato ကြက်ဥကြော်ကတော့ ကြက်ဥကြော်လေးကို cherry tomato, soy sauce, olive oil နဲ့ ဆားအနည်းငယ် ရေညှိအနည်းငယ်လောက်ထည့်ပြီး ကြော်ထားတာပါ။ မုန်လာဥနီကြော်ကိုတော့ ဆီနဲ့ soy sauce ကိုပဲသုံးပြီး ကြော်ထားတာဖြစ်ပြီးတော့ cheese sausage ကတော့ ဆီနဲ့ ရိုးရိုးလေးပဲ ကြော်ထားတာပါ။ Blueberry cake လေးကိုတော့ cake၊ ဂျုံ၊ ကြက်ဥ၊ မုန့်ဖုတ်ဆိုဒါ၊ ဆီ၊ ဆားနဲ့ blueberry အနှစ်ကို တစ်ခါတည်းထည့်မွှေပြီးတော့ ဖုတ်လိုက်တာဖြစ်ပါတယ်။ ကြားထဲက cream ကတော့ cream cheese နဲ့ blueberry အနှစ် ရောထားတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ထမင်းဆီဆမ်း၊ အမဲသားကြော်၊ ကိုက်လန်ကြော်နဲ့ ပန်းပွင့်ချဉ်ရည်ဟင်းဖြစ်ပါတယ်။ အချိုတည်းဖို့မုန့်ကတော့ သင်္ဘောသီး၊ အာလူးကြော်နဲ့ ခေါက်မုန့်လေးပါ။ အမဲသားကြော်ကတော့ အမဲသားကို နုပ်နုပ်စဉ်းပြီး ဆား၊ ကြက်သွန်ဖြူ၊ soy sauce၊ mozzarella cheese နဲ့ သမအောင်နှယ်ပြီး olive oil နဲ့ ကြော်ထားတာပါ။ လှပပြီး စားရတာအဆင်ပြေအောင်လို့ ခရမ်းချဉ်သီးကွင်းလေးတွေကပ်ပြီး ခပ်ပြားပြားပုံစံလေးတွေ ကြော်ထားဖြစ်ပါတယ်။ ကိုက်လန်ရွက်ကိုတော့ ကြက်သွန်ဖြူ၊ ခရုဆီ၊ soy sauce နဲ့ အချိုလေးကြော်ထားတာပါ။ ပန်းပွင့်ချဉ်ရည်ဟင်းကိုတော့ ဂေါ်ဖီပန်းပွင့်ကို ငါး၊ ဆား၊ ငံပြာရည်၊ မန်ကျည်းသီးမှည့်ကို အသုံးပြုပြီး ချဉ်ရည်ဟင်းလေးချက်ပေးထားပါတယ်။ အသီးအရွက်ကိုတော့ သမီးလေးဝမ်းမှန်အောင်အတွက် နေ့တိုင်းအမြဲလိုလိုထည့်ပေးလေ့ရှိပါတယ်တဲ့။ ကဲ…. ကြည့်လိုက်ပါဦး။ သမီးလေးကိုချစ်တတ်လိုက်ပုံများ ။ Super MaMa Thae ရဲ့ lunch box recipe လေးတွေ နောက်အပတ်တွေမှာလည်း ဆက်တင်ပေးသွားမှာမို့ စောင့်ကြည့်ပေးနေနော် ...

By:Kawi 29/05/2019
မေမေတွေအားလုံး ကိုယ့်ကျန်းမာရေး နဲ့ အလှအပအတွက် ကိုယ့်ကိုကိုယ် အကောင်းဆုံး ဂရုစိုက်နိုင်ကြပါစေဆိုတဲ့ Super MaMa Thae In:Kawi Inspires, The Fit Slay Queens
0 1 0

The Fit Slay Queens တွေထဲက member အသစ်တစ်ယောက်ဖြစ်တဲ့ Super MaMa Thae ရဲ့ Fitness Journey ကို ဘယ်လိုစတင်ဖြစ်ခဲ့တာလဲ??? မိခင်တစ်ယောက်လည်းဖြစ်၊ ဇနီးတစ်ယောက်လည်းဖြစ်ပြီး မိသားစုတာဝန်ကိုလည်း ထမ်းဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုလှပတဲ့ခန္ဓာကိုယ်မျိုး ဘယ်လိုရရှိလာတာလဲဆိုတာကိုတော့ Super Mama Thae က ဒီလိုပြောပြခဲ့ပါတယ်… အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ MaMa Thae (မားမား သဲ) ပါ။ ကျွန်မက The Fit Slay Queens ရဲ့ member အသစ်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မရဲ့ Fitness Journey လေးဘယ်လိုစတင်ဖြစ်ခဲ့လဲဆိုတော့ ကျွန်မ ကလေးမွေးပြီးတော့ အရမ်းဝလာပါတယ်။ ပေါင်ချိန်တွေလည်း အရမ်းတက်လာပြီး ထိုင်ရ၊ ထရတာတောင် အဆင်မပြေဘူးဖြစ်လာပါတယ်။ ကလေးမမွေးခင်တုန်းက ပိန်ခဲ့တဲ့လူဆိုတော့ ဝလာတာမကြိုက်တာနဲ့ ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခု ပြန်ရအောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။ ကျွန်မရဲ့ ညီမလေးဖြစ်တဲ့ Fit By PannEi ကလည်း gym ဆော့နေတာဆိုတော့ သူနဲ့လိုက်ဆော့မယ်ဆိုပြီး စဆော့ဖြစ်ခဲ့တာပါ။ Pann Ei ကလည်း သေချာ train ပေးတာကြောင့် အခုလို ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ရရှိခဲ့တာပါ။ ကျွန်မ အားတဲ့အချိန်တွေကိုတော့ gym မှာပဲ ကုန်ဆုံးလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်မက မိခင်တစ်ယောက်လည်းဖြစ်သလို၊ ဇနီးသည်တစ်ယောက်လည်း ဖြစ်တာကြောင့် မိသားစုကိုအချိန်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် မနက်စောစောထ ခင်ပွန်းအတွက်၊ ကလေးအတွက် လိုအပ်တာတွေ ပြင်ဆင်ပေး၊ အိမ်မှုကိစ္စတွေလုပ်ပြီး နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်း အားတဲ့အချိန်လေးကို gym ပြေးဆော့ဖြစ်တာပါ။ Gym ဆော့ဖြစ်လာတဲ့အခါ အကျင့်ရလာပြီး တစ်ရက်လောက် မဆော့ဖြစ်တော့ဘူးဆိုရင် နေမကောင်းချင်သလိုလို၊ မအီမသာတောင် ဖြစ်လာပါတယ်။ နည်းနည်းဆော့လိုက်တော့မှ ချွေးထွက်သွားပြီး လူကလန်းဆန်းလာတယ်လို့ ခံစားရပါတယ်။ ဒီခံစားချက်လေးကို ကြိုက်တာကြောင့် gym ပုံမှန် ဆော့ဖြစ်တာလည်း ဖြစ်ပါတယ်။ ကျွန်မ gym ဆော့တာ အခုဆိုရင် (၃) နှစ်လောက်ရှိပါပြီ။ Fitness ကလူတစ်ယောက်ရဲ့ ကျန်းမာရေးကောင်းမွန်စေဖို့အတွက်တင်မကပါဘူး၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမှု နဲ့ သက်သောင့်သက်သာရှိမှုတွေကိုပါ ရရှိစေပါတယ်။ ကျွန်မတို့မိခင်တွေအနေနဲ့ ကိုယ့်ကိုကိုယ် အကြောင်းအမျိုးမျိုးပြပြီး ဆင်ခြေတွေပေးလေ့ရှိတတ်ကြပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးဝေယျာဝစ္စတွေကြောင့် အချိန်မရှိဘူးဆိုတာမျိုး၊ မအားဘူးဆိုတာမျိုးတွေပါ။ ဒါပေမယ့် မိခင်တစ်ယောက်အနေနဲ့လည်း ကျန်းမာနေဖို့ လှပနေဖို့ လိုအပ်တဲ့အတွက် လေ့ကျင့်ခန်းတွေကို အားသလို အချိန်ပေးပြီး ဆော့ဖို့ အားပေးတိုက်တွန်းချင်ပါတယ်။ ကျွန်မအရင်ကဆိုရင် ဖျားတာ၊ နာတာ၊ ခေါင်းကိုက်တာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းတွေစလုပ်ပြီးတဲ့နောက်မှာ ဒီလိုမျိုး အသေးအမွှား နေမကောင်းဖြစ်တာမျိုးတွေ သိပ်မရှိတော့ပါဘူး၊ နေလို့ပိုကောင်းလာပါတယ် (gym မဆော့ဖြစ်တော့မှသာ နေမထိ၊ ထိုင်မသာဖြစ်တာပါ)။ ကျွန်မလည်း တစ်ခါတလေ ၁ လလောက်အထိ နားလိုက်တဲ့အခါတွေရှိခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဝါသနာပါသလို fit ဖြစ်နေတာကိုလည်း ကြိုက်တာကြောင့် ဆော့ရမယ်ဆိုတဲ့အသိစိတ်ရှိနေပြီးတော့ အမြဲပြန်ဆော့ဖြစ်တာပါ။ ကျွန်မအနေနဲ့ ကိုယ်လုပ်နိုင်တဲ့အရွယ်အထိ အားတဲ့အချိန်လေးတွေမှာ ကြိုးစားပြီး work out တွေ လုပ်ရင်း fit ဖြစ်ပြီး ကျန်းမာမျှတတဲ့ လူနေမှုဘဝတစ်ခုကို နေထိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ မေမေတွေ အားလုံးလည်း ကိုယ့်ကျန်းမာရေး နဲ့ အလှအပအတွက် ကိုယ့်ကိုကိုယ် အကောင်းဆုံး ဂရုစိုက်နိုင်ကြပြီး ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။ ...

By:Kawi 22/05/2019
Super MaMa Thae (စူပါမာမားသဲ) In:Kawi Inspires, The Fit Slay Queens
0 0 0

The Fit Slay Queens အဖွဲ့ရဲ့ member အသစ်တစ်ယောက်ဖြစ်တဲ့ မမချောချောလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူမကတော့ မသဲဖြူဖြူလတ် (ခေါ်) သဲ ဖြစ်ပါတယ်။ သူမကို ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်ကတော့ Super Mama Thae ပါ။ ဘာလို့ ဒီလို ခေါ်လဲဆိုတာ သိချင်သွားပြီဟုတ်? သူမကို “မာမား သဲ” (MaMa Thae) လို့ ခေါ်ရတဲ့အကြောင်းကတော့ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ မေမေတစ်ယောက်မို့လို့ပါ။ “Super” လို့ ခေါ်ရတာကတော့ မသဲက ဘက်စုံထူးချွန်တဲ့ မေမေတစ်ယောက်ဖြစ်လို့ပါ။ အိမ်မှုကိစ္စတွေကို နိုင်နင်းကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်၊ သမီးလေးအတွက် မိခင်ကောင်းတစ်ယောက် ဖြစ်ရုံသာမက ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ ကျန်းမာတဲ့အစားအစာတွေ ပြင်ဆင်ပေးတဲ့ Healthy Meal Plan လုပ်ငန်းကိုလည်း တစ်ချိန်တည်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ထက်မြက်ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမ ဒီလို အလုပ်တွေ မအားမလပ်တဲ့ကြားက ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို သေချာပြင်ဆင်ချက်ပြုတ်စားသောက်တတ်တဲ့အပြင် fitness ကိုလည်း မှန်မှန်လိုက်စားနိုင်တဲ့အတွက် ကျန်းမာပြီးအချိုးကျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ (သူမရဲ့ ကျော နဲ့ လက်မောင်းက muscles တွေ နဲ့ သူမရဲ့ ဗိုက်က six packs တွေကို ကြည့်လိုက်တာနဲ့တင် သူမရဲ့ ကြိုးစားအားထုတ်မှုက တကယ်ကို အားကျစရာပါ။) နောက်အပတ်တွေမှာ သူမဘဝမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ၊ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြစ်ခဲ့ပုံ၊ အခုပိုင်ဆိုင်ထားတဲ့ ကျစ်လျစ်သန်မာကျန်းမာလှပတဲ့ ခန္ဓာကိုယ် ရအောင် အချိန်မအားတဲ့ကြားက ဘယ်လိုမျိုး ကြိုးစားလေ့ကျင့့်ကစားခဲ့ပုံ၊ သူမရဲ့ Healthy Meal Plan တွေနဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ မိခင်တစ်ယောက်၊ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပျော်ရွှင်ဖို့ကောင်းပြီး မျှတတဲ့ ဘဝနေထိုင်မှုပုံစံတစ်ခုရအောင် အချိန်ကို ဘယ်လိုစီမံခန့်ခွဲလဲ ဆိုတာတွေကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Photo Venue : Reborn Gym ...

By:Kawi 11/05/2019
Back to Top